ဒုတိယသမ္မတ ဦးမြင့်ဆွေ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးမြင့်ဆွေ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ဦးဆောင်ကျင်းပမည့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးသာဦး၊ ဒေါက်တာထွန်းနိုင်၊ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၈/၂၀၁၉ ဖြင့် နာယကအဖွဲ့ကို ဒုတိယသမ္မတ ဦးဆောင်၍ (၅)ဦးဖြင့်လည်းကောင်း၊ ဦးစီးကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ (၁၉)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်း တာဝန်များကို စနစ်တကျအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်တွင် လုပ်ငန်းကော်မတီ (၁)ခုနှင့် ဆပ်ကော်မတီ (၁၁)ခု တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၁)ချက် ချမှတ်ခဲ့ရာ အဆိုပါ ဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာဆပ်ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား” ကိုလည်းကောင်း၊ ဒုတိယပိုင်းအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား” ကိုလည်းကောင်း နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီဝင်များအနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် အတွေ့အကြုံ များအပေါ် မူတည်၍ လုပ်ငန်းတာဝန်များ လစ်ဟာမှုမရှိအောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားကြစေလို ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ပြီး ရှေးရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစဉ်အလာကြီးမားခဲ့ကာ မြန်မာနိုင်ငံအစိုးရအဆက်ဆက် ကျင်းပပြုလုပ်ခဲ့သည့် အမြင့်ဆုံးသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှောက်သည့် အခမ်းအနားကြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ကြီးများသည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ကြွရောက်လာမည်ဖြစ်၍ အသွားအပြန်ခရီးစဉ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးလေယာဉ်ရရှိရေးနှင့် သွားလာမှုအဆင်ပြေချောမွေ့ စေရေးတို့အတွက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်တွင်း/ပြည်ပဆရာတော်ကြီး များနှင့် သီလရှင်ဆရာကြီးများ ခေတ္တသီတင်းသုံးနေထိုင်မည့် ကျောင်းဆောင်များ၊ ဧည့်ရိပ်သာ များနှင့် ဟိုတယ်များတွင် စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေးအတွက် သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်စေလိုပါကြောင်း။

ထို့အပြင် ဆက်ကပ်မည့် အရုဏ်ဆွမ်း၊ နေ့ဆွမ်းတို့ကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့်ဟင်းလျာများ ဖြစ်စေရေးနှင့် ယခင်နှစ်များနည်းတူ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအစီအမံများကို စနစ်တကျစီမံဆောင်ရွက်သွားနိုင်ရေးတို့အတွက် ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကြိုတင်စစ်ဆေးစီမံဆောင်ရွက်ရန်နှင့် အခမ်းအနား ပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပရေးဆပ်ကော်မတီအနေဖြင့် အခမ်းအနားကျင်းပ ပြုလုပ်မည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း ခမ်းနားထည်ဝါစွာပြင်ဆင်ရန်နှင့် ဘုရားခန်းနှင့် တကွ သံဃာစင်မြင့်နေရာတို့ကို တင့်တယ်ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်းထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ဘုရား၊ ဘွဲ့ခံဆရာတော်ကြီး ၂၅၄ ပါး၊ သီလရှင် ဆရာကြီး ၁၄ ပါး စုစုပေါင်း ၂၆၉ ပါးဖြစ်ပြီး ကြိုတင်လောင်းလှူရမည့် ဆရာတော်ကြီး ၆၂ ပါး ရှိသည်ကို သိရှိရပါကြောင်း၊ ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ စနစ်တကျဆက်ကပ် လှူဒါန်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ပူးပေါင်းညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးရန်နှင့် ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ကြွရောက်နိုင်ခြင်းမရှိသည့် ဆရာတော်ကြီးများ ရှိပါကလည်း ကြိုတင်လောင်းလှူရမည့် ဆရာတော်ကြီးများစာရင်း၌ ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲပြီး၍ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရာတွင်လည်း သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် စနစ်တကျပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ”၊ “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား” များ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများအလိုက် စနစ်တကျစီမံခန့်ခွဲပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများ၊ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်သည့်အကြံပြုချက်များရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက ဦးစီးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက လုပ်ငန်းကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆပ်ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြကြရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက အခမ်းအနား ပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့နှင့် သက်ဆိုင်သည့်တင်ပြချက်များကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက ကြိုဆိုပင့်ဆောင်နေရာချထားရေးနှင့် အခမ်းအနားသို့ ပင့်ဆောင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီတို့နှင့် သက်ဆိုင်သည့် တင်ပြချက် များကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီနှင့် သက်ဆိုင်သည့် တင်ပြချက်များကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီနှင့် သက်ဆိုင်သည့် တင်ပြချက်များကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော်မတီဆိုင်ရာ တင်ပြချက်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှက ကျန်းမာရေးဆပ်ကော်မတီဆိုင်ရာ တင်ပြချက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဆွမ်းဆန်တော် လောင်းလှူရေးဆပ်ကော်မတီဆိုင်ရာ တင်ပြချက်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လုံခြုံရေးဆပ်ကော်မတီဆိုင်ရာ တင်ပြချက်များကို လည်းကောင်း၊ ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။