ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၄)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၄)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၄) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးသန့်စင်မောင်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ (၅) ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံသံနှင့် သံမဏိအသင်း၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းရှင်များအသင်း၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေကအမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးမူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၂ဝ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်း ကော်မတီ ( ၅ )ရပ် ဖွဲ့စည်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယနေ့ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ သည် (၂၄)ကြိမ်မြောက်ဖြစ်ပြီး ယခင်ကျင်းပပြီးစီးခဲ့သည့် (၂၃)ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် အားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်း ပြန်ကြား ပေးခဲ့ပြီးဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်များအပေါ် ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကိုချက်ချင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပမာအားဖြင့် ပြီးခဲ့ သည့် (၂၃)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များ အသင်းချုပ်က ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် အမျိုးအမည် ဖော်ပြချက်တွင်“ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး ” ဟုဖော်ပြထားသဖြင့် ဒိန်ချဉ်မပါဘဲ ကုန်သွယ် လုပ်ငန်း ခွန်ပေးဆောင်နေရခြင်းတို့ကြောင့် ဒိန်ချဉ်အပါအဝင် အခြားနို့ထွက် ပစ္စည်းများ အကျုံးဝင်စေရန်အတွက်“ နို့နှင့် နို့ထွက်ပစ္စည်းများ ”ဟုပြင်ဆင်သတ်မှတ် ထုတ်ပြန် ပေးပါရန် တင်ပြခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက၂ဝ၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေထုတ်ပြန်သည့်အခါတွင် “ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး ” အစား “ နို့နှင့် နို့ထွက်ပစ္စည်းများ ”ဟုထည့်သွင်းပေးသွားမည်ဖြစ် ကြောင်းကို ပြန်လည်တင်ပြခဲ့ပါကြောင်း။

စီးပွားရေးလုပ်ငန်းရှင်များ တင်ပြသည့် အခက်အခဲအကြံပြုချက်အချို့သည် အချိန်ယူ၍ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းကော်မတီ (၅)ရပ်က တာဝန်ရှိသူများ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ(Public-Private Dialogue) များပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် နှစ်စဉ်ကုန်သွယ်မှု ပမာဏတိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများမှ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ(၆) လတာကာလအတွင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ၁၈ဒသမ၃ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ (၄) လကျော် ကာလအတွင်းကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ၁၂ဒသမ ဝ၂ဘီလီယံအထိ ရရှိခဲ့ကြောင်း၊ ယခုကုန်သွယ်မှု ပမာဏသည် ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာသုညဒသမ၂၁၆ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ကုန်သွယ်မှုပမာဏတွင် Trade Balance ဖြစ်စေရန်အတွက် ပို့ကုန်များကိုပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်ရမည့် အပြင် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများရေရှည်ရပ်တည်ရန် ခက်ခဲလာနိုင် သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာမှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီအထိ(၅) လ အတွင်း ၃ဝ၆ ကြိမ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပါကြောင်း။

နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုများ စဉ်ဆက်မပြတ် ဝင်ရောက်စေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူများအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက ဟောင်ကောင်၊ မကာအို၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံများသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားသည့် စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးဆွေးနွေး ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ပါကြောင်း၊ ယခု ကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ရသည့် အဓိကရည်ရွယ်ချက်မှာ “ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ပြီး လူမှု စီးပွားဘဝများ မြင့်မားလာစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေရန် ” ဖြစ်ပါကြောင်း။

Doing Business နှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်ကထုတ်ပြန်မည့် Doing Business 2020 Report တွင် ၂ဝ၁၉ ခုနှစ် ဧပြီလကုန်အထိဆောင်ရွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည့်အတွက် ကျန်ရှိသည့် (၂)လကျော် ကာလအတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို သတ်မှတ်ချိန်အမီ ပြီးစီးရေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စစ်တမ်းမေးခွန်းလွှာများကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်သူများနှင့် ပြည်သူများသိရှိနိုင်ရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များကလည်း အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေး မည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံ နေရသော အခက်အခဲများကိုပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဝန်ကြီးဌာနအနေဖြင့်ကားလမ်းများ၊ ရထားလမ်းများ၊ ဆိပ်ကမ်း များနှင့် လေဆိပ်များကိုပိုမိုအဆင့်မြှင့်တင် နိုင်ရေးစီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ အိမ်နီးချင်းနိုင်ငံ အချို့နှင့်Cross Border Transport ကိစ္စဆောင်ရွက်ထားရှိမှု အခြေ အနေနှင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် MSMEs ပြပွဲနှင့်ပြိုင်ပွဲများဆောင်ရွက်နေမှု၊ MSMEs လုပ်ငန်းများ အတွက် ချေးငွေရရှိရေး ဆောင်ရွက်ပေးနေမှု ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှု ၊ သံနှင့်သံမဏိ လုပ်ငန်းများစံချိန်၊ စံညွှန်းသတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဆွေးနွေးမည့် ကဏ္ဍ(၄)ခုသည် တိုင်းဒေသကြီးအတွက် အလွန်အရေးကြီး ပါကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေး ပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းဒုတိယဥက္ကဋ္ဌ ဦးတင်လှိုင်၊ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းကော်မတီ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်)အဖွဲ့ဝင် ဦးကိုကိုကြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးတို့ကသက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်း အနား ကို ရုပ်သိမ်းခဲ့သည်။