ဒုတိယသမ္မတ ဦးမြင့်ဆွေ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဋ္ဌမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁၄



နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။



အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်ကြသော ဦးဝင်းသိန်း၊ ဒေါက်တာ အေးဇံ၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်း နှင့် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ) ဗိုလ်မှူးကြီး ဇော်ဇော်လတ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပ ပြုလုပ်သည့် အစည်းအဝေးမှာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံ၏ ကမ်းရိုး တန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို လုပ်ငန်းတာဝန်(၁၀)ချက် ချမှတ်ကာ အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီနှင့် အကြံပေးကော်မတီတွင် လုပ်ငန်းအစုအဖွဲ့ ၃ ဖွဲတို့ကို ဖွဲ့စည်းခဲ့ပြီး ကမ်းရိုးတန်း ဒေသကြီးတစ်လျှောက် ထိစပ်လျှက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်(၆)ခုတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကော်မတီ ( ၆ ) ခုနှင့် ခရိုင်အဆင့်ကော်မတီ ( ၁၃ ) ခုတို့ကို ဖွဲ့စည်းထားရှိကာ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရမှာ ဖြစ်ပါကြောင်း။



ကျင်းပပြီးစီးခဲ့သည့် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးမှ ပဉ္စမအကြိမ် အစည်းအဝေးအထိ အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၄၀) ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး(၃၃)ချက်၊ ဆောင်ရွက်ဆဲ(၇)ချက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲ(၇)ချက်မှာ ရေရှည်ဆောင် ရွက်ရမည့်လုပ်ငန်းများ ဖြစ်သည့်အတွက် အချိန်သတ်မှတ်ပြီး အမြန်ပြီးစီးအောင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။



အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ထင်ရှားသော အကောင်အထည်ဖော်ဆောင် ရွက်ချက်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီး ဌာနက ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် တပ်ဆင်သောလုပ်ငန်းများ၊ တပ်မတော်(ရေ) နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်းကာ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန် စတင်ပြင်ဆင် ဆွေးနွေးမှုများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်မြစ်ကြောင်း အတွင်း ဆီယိုစိမ့်မှု မဖြစ်ပွားစေရေး စီမံချက်ကို ညှိနှိုင်းရေးဆွဲဆောင်ရွက်မှုများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကမ်းခြေသန့်ရှင်း သာယာလှပရေး၊ မြန်မာနိုင်ငံရှိ ကမ်းခြေများအနေဖြင့် လက်ရှိကမ္ဘာအဆင့်နှင့် ဒေသတွင်းအဆင့် များမှ ကျဆင်းမသွားစေရန်နှင့် ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ပြီး လုပ်ငန်းတိုးမြှင့်ဆောင်ရွက်လာခြင်း များ၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝများ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနအနေဖြင့် ကမ်းရိုးတန်းသယံဇာတများဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ် မြက်ခင်းနှင့် ကျွန်းဂေဟစနစ်များကို စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် စီမံချက် များ ချမှတ်ကာ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောနှင့် အဏ္ဏဝါသဘာဝ ထိန်းသိမ်းရေးနယ်မြေ များကို တိုးချဲ့ဖွဲ့စည်းနေမှုများ စသည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်အကောင်အထည်ဖော်နေသည်ကို တွေ့ရှိရပါကြောင်း။



ယခုကဲ့သို့ ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ဘက်စုံတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ကဏ္ဍစုံပါဝင်သည့် စီမံအုပ်ချုပ်မှု၏ အဓိက အခြေခံသဘောတရားတစ်ခုဖြစ်သည့် “ဆက်စပ်ပတ်သက်သူများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်လာစေခြင်းဆိုသည့် “Participation” လုပ်ငန်းစဉ်” ကို ရည်ရွယ်ချက် ( ၄ ) ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။



ပထမရည်ရွယ်ချက်မှာ ကဏ္ဍပေါင်းစုံ ပူးပေါင်းလာခြင်းအားဖြင့် သက်ဆိုင်ရာကဏ္ဍ တစ်ခုချင်းအလိုက် အသီးသီးကျင့်သုံးနေသည့် အတွေးအခေါ်အယူအဆသစ်များ၊ အသိပညာ နှင့် အတွေ့အကြုံသစ်များကို စီမံချက်များရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားအကောင်အထည် ဖော်ဆောင်ရွက်ရန်။



ဒုတိယရည်ရွယ်ချက်မှာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆက်စပ်သူအားလုံး၏ လိုအပ်ချက် များနှင့် ဦးစားပေးအစီအမံများကိုပါ ထည့်သွင်း၍ ဆုံးဖြတ်ချက်များကို အတူတကွ ချမှတ်သွားရန်။



တတိယရည်ရွယ်ချက်မှာ ကဏ္ဍပေါင်းစုံ ပါဝင်ပြီး ချမှတ်ထားသည့် ဆုံးဖြတ်ချက်များ ဖြစ်သည့်အတွက် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ရာမှာ အာမခံချက်အခိုင်အမာရှိပြီး ပြည့်စုံသည့် အစီအမံများဖြစ်စေရန်။



စတုတ္ထရည်ရွယ်ချက်ကတော့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်များကို လက်တွေ့အကောင် အထည်ဖော်ရာမှာ ထိရောက်မှုရှိပြီး ရလဒ်ကောင်းများ ရရှိစေရန်တို့ ဖြစ်ပါကြောင်း။



ကမ်းရိုးတန်းဒေသများကို စီမံအုပ်ချုပ်လုပ်ကိုင်ရာမှာ ကဏ္ဍစုံပါဝင်သည့် ပူးပေါင်းဆောင် ရွက်မှုများသည် အထူးလိုအပ်ချက် တစ်ရပ်ဖြစ်ပါကြောင်း၊ ကဏ္ဍတစ်ခု၏ ဆုံးဖြတ်ချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် အခြားကဏ္ဍများအပေါ် ဆိုးကျိုးများလွှမ်းမိုးမှု ရှိနေသည်ကိုလည်း တွေ့ရတတ်ကြောင်း၊ ဥပမာအားဖြင့် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး အခြားလုပ်ငန်း အသုံးပြုလိုက်ပါက ငါး၊ ပုစွန်ထုတ်လုပ်နေသည့် ရေလုပ်ငန်းအပေါ်ထိခိုက်စေခြင်း၊ တရားမဝင် ငါးဖမ်းဆီးမှုများနှင့် တားမြစ်ငါးဖမ်းနည်းများကြောင့် ဒေသခံများ၏ တစ်နိုင်တစ်ပိုင် ငါးဖမ်းလုပ်ငန်းများ၊ အဏ္ဏဝါခရီးသွားလုပ်ငန်းများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အပေါ် ထိခိုက်စေမည်ဖြစ်ပါကြောင်း၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများ၊ ပင်လယ်ပြင် သဲထုတ်လုပ်ငန်းများနှင့် ပင်လယ်ရေကြောင်းသွားလာမှုများကြောင့် ပင်လယ်ပြင်ညစ်ညမ်းမှု များ ဖြစ်ပေါ်လာပြီး ငါး၊ ပုစွန်ထုတ်လုပ်မှုများအပေါ် ထိခိုက်လာမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို စနစ်တကျ စီမံချက်ရေးဆွဲခြင်းမပြုဘဲ အလွန်အကျွံ့ တိုးချဲ့ ဆောင်ရွက်ပါက ဒေသခံပြည်သူများနှင့် ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ကဏ္ဍတစ်ခု၏ လုပ်ငန်း စီမံချက်များကို အကောင်အထည်ဖော်ရာတွင် အခြားကဏ္ဍများအပေါ် ထိခိုက်နစ်နာမှုများ မရှိစေရန် အလေးထားကြပ်မတ်ဆောင်ရွက်စေလိုပါကြောင်း၊



ဒါ့အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကို ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဘက်စုံ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါကြောင်း၊ ထင်ရှားသော ဥပမာတစ်ခုမှာ ကမ်းရိုးတန်းဒေသများ၌ လူဦးရေ တိုးပွားလာသည်နှင့်အမျှ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသဖြင့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းတို့ကြောင့် သဘာဝ သယံဇာတများ လျော့နည်းပြုန်းတီးလာပြီး ဒေသခံပြည်သူများ၏ လူမှုဘဝများကို ထိခိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း။



ထို့ကြောင့် ပေါင်းစပ်ညှိနှိုင်းပေးနိုင်မည့် ကော်မတီများကို ခရိုင်အဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းပေးထားပြီး အဆိုပါအဖွဲ့အစည်းများအနေဖြင့်လည်း တွေ့ကြုံရသည့် အခက်အခဲများ ရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြပြီး ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးကြရန်နှင့် ဒေသခံပြည်သူ များ၏ မိရိုးဖလာထုံးတမ်း ဓလေ့စရိုက်များကို သိရှိနားလည်ပြီး အလေးထား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်ပါကြောင်း။



ဒေသခံပြည်သူလူထုများကို အခြေပြုပြီး ဒေသခံများကိုယ်တိုင် ပါဝင်ပူးပေါင်းစီမံခန့်ခွဲ သည့်လုပ်ငန်းများဖြစ်သည့် “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း”၊ “ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာ” နှင့် “ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း” စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာကော်မတီများ အနေဖြင့် အလေးထားပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း။



၎င်းအပြင် ဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်စေမည့် အစီအမံများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများတို့ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် ယခင်ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်သင့် သည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။



ထို့နောက် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်းပြသမှုကို ကြည့်ရှုသည်။



ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း ဆောင်ရွက်အကောင်အထည်ဖော်မှုအခြေအနေများ၊ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ရေသယံဇာတ ထိန်းသိမ်းရေး အတွက် အသိပညာပေးဆောင်ရွက်နေမှုများနှင့် မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ်(VMS) တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။



ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ငါးသယံဇာတများနှင့် ဂေဟစနစ်များကို သုတေသနပြုလုပ်နေမှုအခြေအနေ၊ တရားမဝင် ငါးဖမ်းဆီးမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ကမ်းရိုးတန်းရေဝပ်ဒေသများနှင့် အဏ္ဏဝါသဘာဝ ထိန်းသိမ်းရေး နယ်မြေများ ရေရှည်တည်တံ့နိုင်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် အကျိုးပြုနေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်နယ်အတွင်း ရေသယံဇာတများနှင့် ကမ်းရိုးတန်းများကို ထိန်းသိမ်းထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရေတို/ ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အပန်းဖြေကမ်းခြေသာယာလှပရေး ဆောင်ရွက် နေမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တိုင်းဒေသကြီးအတွင်း၌ ရေသယံဇာတထိန်းသိမ်းရေး ဆောင်ရွက်နေမှု အခြေအနေ များကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒီရေတော များ ထိန်းသိမ်းကာကွယ်ရေးနှင့် အပန်းဖြေကမ်းခြေများတွင် စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်အောင် စီမံဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး အတွင်းရှိ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်တောများ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် တရားမဝင် ရေသယံဇာတ ဖမ်းဆီးရရှိမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့်ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စရပ်များ ကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။



ဆက်လက်၍ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဒေါက်တာ ခင်ဇော်၊ ဦးဝင်းခန့်၊ ဦးတင်မောင်ဦးနှင့် ဦးထွန်းထွန်းနိုင်၊ စစ်ဦးစီးဗိုလ်မှူးချုပ် (ရေ) ဗိုလ်မှူးကြီး ဇော်ဇော်လတ်နှင့် တာဝန်ရှိသူများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ကဏ္ဍအလိုက်စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ သဘာဝဘေး အန္တရာယ်များလျော့ပါးရေးအတွက် ဒီရေတောနှင့် ဓနိတောများ ထူထောင်သွားရေး၊ ပင်လယ်ပြင် ခရီးသွားလုပ်ငန်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ စည်းကမ်းမဲ့ ငါးဖမ်းခြင်း မပြုလုပ်စေ ရေး၊ ကမ်းရိုးတန်းသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။



ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။