ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားတက်ရောက်

Printer-friendly versionSend by email



နေပြည်တော် ဖေဖော်ဝါရီ ၁၂

၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ကျင်းပရာ ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကိုဖတ်ကြားသည်။



(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ“(၂၁)ရာစုပင်လုံ”မှသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်သည်အထိအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများဘေးကင်းလုံခြုံရေးအတွက် နိုင်ငံသားအားလုံး “စည်းလုံးညီညွတ်စွာ”ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ကောင်းမွန်သောပညာရေးနှင့် လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံသားတိုင်းရရှိခံစားနိုင်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက် ၅ ရပ်ဖြင့် အနှစ်သာရပြည့်ဝစွာကျင်းပခြင်းဖြစ်သည်။



ရှေးဦးစွာ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုနံနက် ၅ နာရီခွဲတွင်ကျင်းပရာတိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူအလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်သည်။



ယင်းနောက် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားသို့တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှစတင်၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။



နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကိုနံနက် ၇ နာရီတွင် ကျင်းပရာတပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။



ယင်းနောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြည်ထောင်စုနေ့အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမဥပစာရင်ပြင်ရှိစင်မြင့်ပေါ်၌နေရာယူပြီးဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။



ထို့နောက် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြုရာဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကိုတီးမှုတ် သည်။



ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကိုဒုတိယသမ္မတဦးမြင့်ဆွေကဖတ်ကြားပြီးအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။



အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိတပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားတိုင်းရင်းသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။