ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း အားကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

မန္တလေး၊ ဖေဖော်ဝါရီ ၉



မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ဦးဆောင်ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အထွေထွေ ညီလာခံနှင့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။



အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒေါက်တာသန်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းကုန်သည်စက်မှုအသင်း ကိုယ်စားလှယ်များ၊ International Finance Corporation IFC ကိုယ်စားလှယ်များ၊ NGO နှင့် INGO များ၊ တောင်သူ လယ်သမားများ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်ကြီးများ၊ ဖိတ်ကြားထား သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



ရှေးဦးစွာ မြန်မာ့ဆန်စပါးသမိုင်း Video Clip ကိုဖွင့်လှစ်ပြသသည်။



အခမ်းအနားတွင် ဒုတိယသမ္မတ က ယမန်နှစ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပြီး ဆန်စပါးသီးနှံအခြေခံ ဈေးနှုန်း Floor Price ကိုတောင်သူများ၏အကျိုးစီးပွားအလို့ငှာ ထုတ်ပြန်ကြေညာပေးနိုင် ခဲ့ပါကြောင်း၊ ထိုသို့ကြေညာပေးနိုင်ခဲ့သည့်အတွက် တောင်သူလယ်သမားများသည် ဈေးနှိမ်ခံရမှုများမှကင်းဝေးခဲ့ပါကြောင်း၊ အခြေခံဈေးနှုန်းကိစ္စတွင်ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်အသင်းဝင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်အောင်မြင်မှုကိုအခြေတည်၍ ပိုမိုကောင်းမွန်သည့်စနစ်တစ်ခု တည် ဆောက်သွားနိုင်ရန်“ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့” ဦးဆောင်အဖွဲ့ကို တာဝန်ခံဖွဲ့စည်းပြီးလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားရန်ရှိပါ ကြောင်း၊အခြေခံဈေးဆိုသည်မှာ တောင်သူများသီးနှံပေါ်ချိန်တွင်ထိုက်သင့်သည့်ဈေးနှုန်း ရရှိရန်နှင့် ဈေးနှိမ်မခံရစေရန် ကြိုတင်ကြေညာထုတ်ပြန်ထားသည့်ဈေးနှုန်းဖြစ်၍ တောင်သူ များအတွက် စိုက်ပျိုးထုတ်လုပ်မှုကိုယုံကြည်မှုရှိရှိဖြင့် အာရုံစိုက်လုပ်နိုင်စေနိုင်မည်ဖြစ် ပါကြောင်း၊ နှစ်စဉ်စနစ်တကျ တွက်ချက်၍ စိုက်ပျိုးရာသီချိန်မတိုင်မီထုတ်ပြန်ကြေညာ ပေးနိုင်မည်ဆိုလျှင် အခြေခံကျသည့် တောင်သူလယ်သမားများအတွက် ကြီးမားသည့် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း။



တောင်သူလယ်သမားများ၏ အဓိကကျသည့် အခြေခံလိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေ သကဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဲ့သို့သော ပုဂ္ဂလိကအသင်းအဖွဲ့များ၊ NGO, INGO များကလည်း နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ အကျိုးပြုလုပ်ဆောင်ပေးနေကြ သည်ကိုတွေ့မြင်ရပါကြောင်း၊ တောင်သူလယ်သမားများအတွက် အကျိုးရှိနိုင်စေမည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် Contract Farming ကိုတောင်သူများ၊ ကုမ္ပဏီ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များစနစ်တကျ ယုံကြည်မှုရှိရှိပူးပေါင်းလုပ်ဆောင်ကြရန် အရေးကြီးပါကြောင်း။



စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ တတိယမဏ္ဍိုင်ဖြစ်သည့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၏ ထပ်ဆင့်ရလာဒ်သည် တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပါဝင်သော PPP ဖြစ်ထွန်းရေးအားပေးကူညီရန် ပါဝင်ပြီးဖြစ်ပါ ကြောင်း၊ ကန်ထရိုက်လယ်ယာအကောင်အထည်ဖော်ရေး၊ ကန်ထရိုက်လယ်ယာနှင့် ပတ်သက်သော ပုံစံများ၊ သင်ခန်းစာများ၊ လမ်းညွှန်ချက်များဖော်ထုတ်ရေးနှင့် စံသတ်မှတ် ထားသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ရန် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဆိုင်ရာအသင်းအဖွဲ့ များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များတွေ့ဆုံ၍ Contract Farming ကို သုံးသပ်ဆွေးနွေးခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေးအတွက် လမ်းညွှန်ချက် Guideline များထုတ်ပြန်ခြင်း၊ လွယ်ကူရိုးရှင်းပြီးစနစ်ကျသည့် Standard Operation Procedures များ ထုတ်ပြန်ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။



နိုင်ငံ၏စီးပွားရေးကဏ္ဍတွင် ဆန်စပါးလုပ်ငန်းသည် အထူးအရေးပါသည့် စီးပွားရေး လုပ်ငန်းတစ်ရပ်ပြီး ပြည်ပတင်ပို့မှုအနေဖြင့် နှစ်စဉ် ကျပ် ဘီလီယံ ၁ဝဝဝ ကျော် ဝင်ငွေရှာ ဖွေပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊



၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၅ သန်း ပြည်ပတင်ပို့ ရောင်းချနိုင်ခဲ့သည်ဖြစ်၍ နှစ်ပေါင်း(၇၃)နှစ်အတွင်းအများဆုံးစံချိန်တင် တင်ပို့ရောင်းချ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ G to G ညှိနှိုင်းပေးမှုများနှင့် ကိုတာ(Quota)ရရှိရေးကိစ္စရပ်များ ကိုပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊နိုင်ငံတကာဈေးကွက်တွင် အရည်အသွေး အရရောဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်ရန်စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြစေလိုပါ ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင်ရေရှည်ရပ်တည်နိုင်ရန်အရည်အသွေးထိန်းသိမ်းထား နိုင်မှု၊ food safety ပိုင်းဆိုင်ရာဂရုစိုက်ဆောင်ရွက်မှု၊ ထုတ်လုပ်သန့်စင်မှုနှင့် ထုပ်ပိုးမှုအ ပိုင်းတွင် ခေတ်မီဆန်းသစ်မှုများလိုအပ်မည်ဖြစ်၍ လေ့လာကြိုးပမ်းအားထုတ်ကြရန် တိုက် တွန်းလိုပါကြောင်း။



တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တို့ အတွက် တစ်ဧကစိုက်ပျိုးစရိတ်ချေးငွေကျပ်(၁)သိန်းမှ ကျပ်(၁)သိန်းခွဲအထိ ၂ဝ၁၆ ခုနှစ်ကတည်းကပင်တိုးမြှင့်ပေးနိုင်ခဲ့ခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကိုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းဆောင်ရွက်ခြင်း၊နိုင်ငံပိုင်ဘဏ်များ ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ တောင်သူများ အပါအဝင် အသေးစားနှင့်အလတ်စားလယ်ယာစီးပွားရေးလုပ်ငန်းများအတွက် JICAနှင့် ပူးပေါင်းဆောင်ရွက်သည့် Two Step Loan အပြင် နိုင်ငံပိုင်ဘဏ်များအစီအစဉ်ဖြင့် ချေးငွေများကိုယခင်ကာလများထက် ပိုမိုထုတ်ချေးခြင်းများဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အာမခံလုပ်ငန်းများတွင်ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာနိုင်စေရန် မူဝါဒပိုင်း ဆိုင်ရာဖြေလျော့မှုများလုပ်ဆောင်ပေးခဲ့ပြီး လယ်ယာကဏ္ဍအတွက် သီးနှံအာမခံစနစ်များ ကို ရှေ့ပြေးအဖြစ် ကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ရာသီဥတုအခြေခံအာမခံစနစ်ကိုစတင် ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်နေပြီဖြစ်ပါကြောင်း။



နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာမြေအသုံးချမှုကိစ္စများကိုစနစ်တကျစီမံ ဆောင် ရွက်လျှက်ရှိပြီးမြေလွတ်၊မြေလပ်၊မြေရိုင်းများတွင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်လိုသူများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါ ကြောင်း၊ လယ်ယာမြေဥပဒေများ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေများကိုလည်းခေတ်ကာလအခြေအနေနှင့် ဆီလျော်အောင် ပြုပြင်ထားပြီးလုပ်ထုံးလုပ်နည်းအပိုင်းတွင်လည်းပိုမိုကောင်းမွန်အောင် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပုဂ္ဂလိကနှင့်အစိုးရ ထိရောက်စွာပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင် ၍ မြန်မာ့ဆန်စပါးဥပဒေရေးဆွဲဆောင်ရွက်လျက်ရှိ နေသည်ကို သိရှိရပါကြောင်း။



ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်နေသည့် SME ချေးငွေများရရှိရေး၊ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ၊ ခေတ်မီဆန်စက်များ၊ တည်ထောင်ရင်းနှီးမြှုပ်နှံမည့်ကိစ္စရပ်၊ ဒေသအသီးသီးမှာတောင်သူများကိုဝန်ဆောင်မှု ပေးမည့် လယ်ယာစီးပွားရေးဝန်ဆောင်မှုစင်တာ (Agro Service Center)များ လုပ်ဆောင် ရေးစသည့် လုပ်ငန်းများကိုစနစ်တကျ လျင်လျင်မြန်မြန်သုံးသပ်၍ ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းညှိနှိုင်း၍အမြန်ဆုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးကူညီဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့်တင်သည့် value-added လုပ်ငန်းများတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရန်ဖြစ်ပါကြောင်း။ ဆန်စပါးလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော စပါးခွံများကိုအလေအလွင့်မရှိစေဘဲစပါးခွံလောင်စာတောင့် ပြုလုပ်ခြင်း၊ စပါးခွံမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်(Waste to Energy)အဖြစ် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးခြင်း၊ စွန့်ပစ်ရခက်သည့် စပါးခွံပြဿနာကိုဖြေရှင်းပေးခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူကိစ္စရပ်များဖြစ်သည့် လယ်ယာ ကဏ္ဍဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများကိုပြန်လည်အသုံးချနိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် Action Plan တစ်ခုရေးဆွဲတင်ပြနိုင်ရေးအတွက် အစိုးရဌာန များနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် အဆိုပါလုပ်ငန်းများတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရေးတို့ကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။



နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်း (MSDP) ကို ရေးဆွဲပြဋ္ဌာန်းပြီး ဘက်စုံကဏ္ဍစုံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါကြောင်း၊ MSDP မဏ္ဍိုင်ကြီး (၃)ရပ်အနက် လူသားများနှင့် ကမ္ဘာမြေ ဖွံ့ဖြိုးတိုးတက်စေရေးမဏ္ဍိုင်သည် စားနပ်ရိက္ခာ ထုတ်လုပ်နေသည့် ဆန်စပါးအပါအဝင် လယ်ယာလုပ်ငန်းများနှင့်သက်ဆိုင်ပါကြောင်း၊ အနာဂါတ်ကာလကို ရှေ့ရှုဆောင်ရွက် ရမည်ဖြစ်၍ လူငယ်လူရွယ်မျိုးဆက်သစ်များ၏ ပါဝင်ဆောင်ရွက်မှုကိုမဖြစ်မနေ ဖော်ဆောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံများ သင်ခန်းစာများကို လူငယ်များ၏ စွမ်းရည်၊ ခေတ်အမြင်၊ အယူအဆနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရန် လမ်းဖွင့် ပေးကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာဖွံ့ဖြိုးမှုသည် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း။



လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ကြသည့်အခါတစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် လည်းအထွက်နှုန်းများ တိုးတက်ရေးနှင့် ဝင်ငွေတိုးတက်ရေး နည်းလမ်းများကိုစနစ်တကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်း များအနေဖြင့် လည်း ပြည်သူ့ဝန်ထမ်း (Quality Service) စိတ်ဓါတ်ဖြင့် တာဝန်သိသိ ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့အနာဂါတ်အတွက်၊ မျိုးဆက်သစ်ပြည်သူများအားလုံး အတွက် ခိုင်မာတည်တံ့သောဆန်စပါးလုပ်ငန်းကြီးထူထောင်တည်ဆောက်နိုင်ပါစေ ဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။



ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ က မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြသည်။



ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင် က ကျေးဇူးတင် စကား ပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုသည်။



ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တာဝန်ရှိသူများနှင့်အတူ မော်တော်ယာဉ်များဖြင့် မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိသူများကမြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်းဆိုင်ရာ အချက်အလက်များ ကိုရှင်းလင်းတင်ပြသည်။



ယင်းနောက် ဒုတိယသမ္မတ သည် စက်မှုဥယျာဉ်မြို့တော်အတွင်းရှိ Long Year Shoe Factory သို့ရောက်ရှိပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။



ထို့နောက် ဒုတိယသမ္မတ သည် မန္တလေး - မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ မန္တလေး-မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင် နှင့် မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်တို့က မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း၊ ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်း နှင့် နိုင်ငံတကာအဆင့်မီဂေါက်ကွင်း တို့နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။



ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က အဆိုပါစီမံကိန်း သည် ဒေသအကျိုး၊ နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စံပြစက်မှုစီမံကိန်းတစ်ခုအဖြစ် စံနမူနာပြုရသည်အထိ အောင်မြင်အောင် စနစ်တကျစီမံဆောင်ရွက်သွားကြစေလိုပါကြောင်း၊ စီမံကိန်းပြီးစီးပါက ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးလာနိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကိုလည်း စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအတွင်းရှိ စက်ရုံများ၏ ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်နိုင်ရေး ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းကို Green City မြို့တော်ဖြစ်ရန် နှစ်ရှည် ပင်များနှင့် နှစ်တိုပင် များကို ပိုမိုတိုးမြှင့်စိုက်ပျိုးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။



ယင်းနောက် ဒုတိယသမ္မတ သည် မန္တလေး - မြို့သာ စက်မှုဥယျာဉ်မြို့တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။



ထို့နောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်ဖြင့် စီမံကိန်းအတွင်းရှိ Myotha National Golf Course သို့ရောက်ရှိကာ စီမံကိန်းပုံစံငယ်ကိုကြည့်ရှုပြီး Myotha National Golf Course အတွင်းလှည့်လည်ကြည့်ရှုသည်။



မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းကိုဖွံ့ဖြိုးတိုးတက်သော စက်မှု ဥယျာဉ်နှင့် နိုင်ငံတကာအဆင့်မီသဘောၤဆိပ်ကမ်းဖြစ်ပေါ်လာရေး၊ ကျန်းမာစွာနေထိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများမြင့်မားလာစေရေးနှင့် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာစေရေး တို့ကို ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်း ဆင်းရဲနွမ်းပါးမှုလျော့ကျ၍ လူမှုစီးပွားဘဝတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရေးနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှပ်နံှသူ များအတွက် ဝန်ဆောင်မှုပြည့်ဝသောစီးပွားရေး ပတ်ဝန်းကျင် ဖော်ထုတ်ရေးတို့ကို မျှော်မှန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။



အဆိုပါစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အတွင်း တည်ရှိပြီး မြေဧက (၁၁၄ဝ၃) ဧကကျယ်ဝန်းကြောင်း၊ စီမံကိန်းကို ၂ဝ၁၃ ခုနှစ်ကစ တင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ်များတွင် လိုအပ်သည့် စီမံကိန်းဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းကို အဆင့် ၅ ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး Phase 1 - ၂၅ဝဝ ဧကကို ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိလည်းကောင်း၊ Phase 2 , 3, 4 - ၄၅ဝဝ ဧက ကို ၂ဝ၂ဝ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိလည်းကောင်း၊ Phase 5 - ၃၅ဝဝ ဧကကို ၂ဝ၂၅ခုနှစ်မှ ၂ဝ၂၈ ခုနှစ် အထိလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တည်ဆောက်ပြီး စက်ရုံ ၈ ရုံ ၊ တည်ဆောက်ဆဲစက်ရုံ ၁၃ ရုံ ဖြင့် အလုပ်အကိုင်အခွင့်အလမ်း ၃ဝဝဝ ကျော် ဖန်တီပေးနိုင်ခဲ့ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း ၂ သိန်းမှ ၄ သိန်းခွဲအထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။



ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်းသည် မြို့သာစက်မှုဥယျာဉ်မြို့တော်နှင့် ၁၁ မိုင်ကွာ ဝေးပြီးမြေဧက (၃၈ဝ) ကျယ်ဝန်းကြောင်း၊ ၂ ဒသမ ၅ ဧက ရှိ Cargo Yard တစ်ခု၊ Ramp တစ်ခုနှင့် တန် ၅ဝ အတင်အချပြုလုပ်နိုင်သည့် Crane တစ်ခုရှိပြီး ပေ ၄ဝ ကွန်တိန်နာ များကို အတင်အချပြုလုပ်နိုင်ကြောင်း ၊ အဆိုပါဆိပ်ကမ်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ကာ ၂ဝ၁၇ ခုနှစ်တွင်လုပ်ငန်းများပြီးစီးခဲ့ကြောင်းနှင့် အဆိုပါဆိပ်ကမ်း တွင် ဆိပ်ကမ်း ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ကြောင်းသိရသည်။



စက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်း ဆောင်ရွက်ရန်လျာထားသည့် နိုင်ငံတကာ အဆင့်မီရုံးများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ အရောင်းပြခန်းများ၊ အပမ်းဖြေနေ ရာများ၊ ကုန်သွယ်ရေးစင်တာများ၊ ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ငန်းများ၊ ကုန်စည်သိုလှောင်ရေးလုပ်ငန်းများ၊ ဆိပ်ကမ်းအဆင့် မြှင့်တင်ရေး လုပ်ငန်း များ၊ မြို့သာနိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းအတွင်း အဆင့်မြင့်အိမ်ရာများ၊ အပမ်းဖြေ နားနေရန်နေရာများ၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် တံတားဦး အပြည်ပြည် ဆိုင်ရာ လေဆိပ်သွားလမ်းမကြီးမှ စီမံကိန်းသို့ လမ်းသစ်ဖောက်လုပ်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။