နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

Printer-friendly versionSend by email

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)



ဒီနေ့ဟာဆိုရင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး မှတ်တမ်းဝင်တဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း သုံးနှစ်မြောက် နေ့ ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်ပြီး လုပ်ပိုင်ခွင့်အာဏာအပ်နှင်းလိုက်တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီးဖြစ်တာကြောင့် လွှတ်တော်ရဲ့အရှိန်အဝါက ကြီးမားလှ ပါတယ်။ ထို့အတူ ဒီကိုယ်စားလှယ်များက တိုင်းရေးပြည်ရာများဆွေးနွေးဖို့ စုဝေးရာ အရပ်ဒေသ ဥပဇာဖြစ်တဲ့ လွှတ်တော်အဆောက်အဦးရဲ့ ခမ်းနားထည်ဝါမှုကလည်း ကြီးမားပါတယ်။



လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျွန်တော်တို့လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်မှာပါတဲ့အတိုင်းပြောမယ်ဆိုရင် ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံသော အများကလေးစားအပ်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဂုဏ်ထူးဝိသေသနဲ့ပြည့်စုံသော နေရာမှာ ဂုဏ်ထူးထွက် ဖို့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ကြေညက်ဖို့ လိုပါတယ်။ ထို့အတူ ဝိသေသဆိုတဲ့နေရာမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ဒီမိုကရေစီရဲ့ဝိသေသလက္ခဏာတွေကိုလည်း နားလည် သဘောပေါက်ဖို့လိုပါတယ်။ အများကလေးစားအပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုရင် နိုင်ငံတော်နဲ့ နိုုင်ငံသူ နိုင်ငံသားတွေရဲ့အကျိုး၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့အကျိုးကို တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြဖို့လိုပါတယ်။



ဒါ့အပြင် တစ်နေရာမှာတွေ့ရှိရတာက လွှတ်တော်ကိုယ်စားလှယ် တွေကို ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အလေးထားတိုင်ပင်အပ်သောပုဂ္ဂိုလ်များလို့ ပြဋ္ဌာန်း ထားတာကိုတွေ့ရပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အလေးထား တိုင်ပင်အပ်သောပုဂ္ဂိုလ်ဖြစ်အောင်လည်း ကိုယ်စားလှယ်များအနေနဲ့ အထွေထွေဗဟု သုတကြွယ်ဝဖို့လိုပါတယ်။နိုင်ငံရေးအမြင်၊စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ လုံခြုံရေး အမြင်တွေရှိရမယ့်အပြင် ဒေသဆိုင်ရာအမြင်နဲ့ နိုင်ငံတကာအမြင်လည်းရှိဖို့လိုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး မိမိတို့မဲဆန္ဒ နယ်မြေရဲ့စီမံကိန်းတွေမှာဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးအပ်တဲ့ ပုဂ္ဂိုလ်များ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးအပ်တယ်ဆိုတဲ့ နေရာမှာ အထူးသတိပြုရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်စေဘဲဆိုတာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဒီမဏ္ဍိုင် သုံးရပ်က တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝင်ရောက်စွက်ဖက် ခြင်းမျိုးမဟုတ်ဘဲ တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။



ဒါဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ လမ်းကြောင်း တိမ်းစောင်းမှုမရှိအောင်ထိန်းကျောင်းထားတဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။



ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေး တွေလည်းပေးထားပါတယ်။ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေဟာ တစ်နည်းအား ဖြင့်ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသလို တစ်ဖက်မှာလည်း မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်း တွေနဲ့ပတ်သက်ရင် ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေရှိပါတယ်။ ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေဟာ တကယ်ပြောမယ်ဆိုရင် ကိုယ်စား လှယ်တွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေချင်တာဖြစ်ပါတယ်။ တစ်နည်းပြောရမယ် ဆိုရင် လွတ်လပ်ခွင့်နဲ့အခွင့်အရေးကို မှန်ကန်စွာကျင့်သုံးရသလို၊ တာဝန်ယူမှုနဲ့၊ တာဝန်ခံမှုကိုလည်း အလွဲသုံးစားမလုပ်ရဘူးဆိုတာကို ဒွန်တွဲပြဋ္ဌာန်းထားခြင်းဖြစ် ပါတယ်။



ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုလူတန်းစား အလွှာအသီးသီး ကနေ ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီတဲ့အတွေးအခေါ် အယူအဆတွေ ရှိကြသလိုသဘောထားကွဲပြားမှုတွေလည်း ရှိကြမှာသဘာဝကျပါတယ်။ မတူညီတဲ့သဘောထားတွေ၊ မတူညီတဲ့ကွဲပြားမှုတွေကို ဒီမိုကရေစီ မဏ္ဍိုင်ကြီး ၁၂ ချက်မှာပါတဲ့အတိုင်း သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတွေနဲ့ အပြုသဘောအမြင်နဲ့ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းမှု ရင့်ကျက်တည်ငြိမ်ခိုင်မာလာတာနဲ့အမျှ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားပြီး ကိုယ်စားလှယ်တွေရဲ့အရည်အသွေးများလည်း တိုးတက်လာကာ လွှတ်တော်ရဲ့ဂုဏ်သိက္ခာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အမိ မြန်မာ နိုင်ငံတော်ဟာ ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပါတယ်။



တိုင်းရင်းသားလူမျိုးများအားလုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေမြေတောတောင် သဘာဝတွေမတူညီကြပေမယ့် ပြည်နယ်တိုင်းဒေသကြီးအားလုံးဟာ ပြည်ထောင်စုရဲ့အစိတ်အပိုင်းများ ဖြစ်တယ် ဆိုတာကို နှလုံးသွင်းစေချင်ပါတယ်။ ထို့အတူ တိုင်းရင်းသားလူမျိုးများအကြားမှာလည်း ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ မတူညီကြပေမယ့် ပြည်ထောင်စုသားများ ဖြစ်တယ်ဆိုတာကိုခံယူကြစေချင်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကြီးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်ထောင်စု အကျိုးကိုရှေးရှုပြီး မတူညီတဲ့ကွဲပြားမှုတွေကို စုစည်းညီညွတ်ခြင်းကသာလျှင် ပြည်ထောင်စုရဲ့ အင်အား များဖြစ်ပါကြောင်း အလေးအနက်ခံယူကြပါရန်ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။