နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဒုတိယအကြိမ်လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည် နေ့အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း ထမင်းစား ခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။



အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပထမအကြိမ်လွှတ်တော်များတွင် ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြသည့် သူရ ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင် စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။



အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်ပတ်လည်နေ့ ဂုဏ်ပြုအမှာစကား ပြောကြားသည်။



(နိုင်ငံတော်သမ္မတ၏ဂုဏ်ပြုအမှာစကားကိုသီးခြားဖော်ပြထားပါ သည်။)



ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်



ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။



(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂုဏ်ပြုအမှာစကားကို သီးခြား ဖော်ပြထားပါသည်။)



ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ယနေ့သည် ဒုတိယအကြိမ် လွှတ်တော်များ၏ သုံးနှစ်ပြည့်မြောက် သည့် နှစ်ပတ်လည်နေ့ ဖြစ်သကဲ့သို့ မိမိတို့ လွှတ်တော်များ၏ သက်တမ်းသည်လည်း ရှစ်နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင် နိုင်မည့် ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန်အတွက် မိမိတို့သည် အတူတကွ လက်တွဲပြီး ဆက်လက် ကြိုးပမ်းနေကြရဦးမည်ဖြစ်ပါကြောင်း၊ လျှောက်လှမ်းနေဆဲ ဒီမိုကရေစီ ခရီးအတွက် ခိုင်မာသည့် ဥပဒေပြုရေး မဏ္ဍိုင်တစ်ရပ်ဖြစ်လာရန် လိုအပ်ချက်များ၊ အားနည်း ချက်များကို ပြုပြင်ပြီး ယခုထက်ပိုမို ကြိုးစားကြရမည်ဖြစ်ပါကြောင်း။



လွှတ်တော်များ၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရန် ပြည့်စုံခိုင်မာသည့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစနစ်များ၊ လူသား အရင်းအမြစ်များ စွမ်းရည်ပြည့်ဝမှုနှင့် အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပကတိ အခြေအနေနှင့် ကိုက်ညီအောင် အမြဲတစေ သုံးသပ်ဆင်ခြင်ကြရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နိုင်ကြမှသာ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့် ညီညွှတ်ပြီး ခိုင်မာအားကောင်းသည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ဆက်လက် ရပ်တည် နိုင်မည်ဖြစ်ပါကြောင်း။



လက်ရှိအချိန်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မျှော်လင့်ချက်ဖြစ်သော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းအားနှင့် ကြိုးစားဖော်ဆောင်နေကြသည့် ကာလဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်၏ အခန်းကဏ္ဍသည် မည်သည့်နေရာတွင် ရှိသည်၊ မည်မျှအရေးပါသည်ဆိုသည်ကို တာဝန်ရှိသူများအားလုံး သိရှိကြပြီးဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များသည် ဒီမိုကရေစီ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ လွှတ်တော်များ ခိုင်မာ အားကောင်းလာသည်နှင့်အမျှ ပြည်သူကို ဗဟိုပြုမှုနှင့် အခြားသောမဏ္ဍိုင်များနှင့် အပြန်အလှန် ထိန်းကျောင်းမှုများလည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း။



ဒုတိယအကြိမ် လွှတ်တော်သက်တမ်း သုံးနှစ်ရှိလာပြီဖြစ်သည့်အတွက် မိမိတို့၏ လွှတ်တော်များအနေဖြင့် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လွှတ်တော် ကော်မတီများ၏ လုပ်ငန်းစွမ်းဆောင်ရည်သည် လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံတော်တွင် ဥပဒေပြုရေးမဏ္ဍိုင်သည် မရှိမဖြစ်လိုအပ်ပြီး ခိုင်မာအားကောင်းလာစေရေးသည် အရေးကြီး သည်ဆိုသည်ကို လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ထင်ထင်ရှားရှား သိမြင်ပြီးဖြစ်ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများနှင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စေရန်၊ အပြည့်အဝ ထမ်းဆောင်နိုင်ရန် ကြုံတွေ့ရ သည့် အခက်အခဲ၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ် ပြုပြင် ပြောင်းလဲ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။



သို့မှသာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် ပိုမိုကောင်းမွန်သည့် တာဝန်ကျေပွန်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို ထင်ထင်ရှားရှား ပြသနိုင်သည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည် နိုင်မည်ဖြစ်ပါကြောင်း။



လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျန်ရှိသည့် သက်တမ်းကာလတွင် လွှတ်တော် များ၏ အဓိကတာဝန်ဖြစ်သည့် ပြည်သူကို ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း၊ သို့မှသာ ပြည်သူ့ အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ၏ အခြေခံ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ကြမည် ဖြစ်ပါကြောင်း။



နိဂုံးချုပ်အနေဖြင့် လွှတ်တော်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ဥပဒေများ ပြဋ္ဌာန်းပေးပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုုင်များနှင့် ဟန်ချက်ညီညီ အပြန်အလှန်ထိန်းကျောင်းကြရင်း ဒီမိုကရေစီခရီးလမ်းကို ဆက်လက် လျှောက်လှမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်နေကြရသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး စွမ်းဆောင်ရည်နှင့် တာဝန်ကျေပွန်မှုတို့ကို ပြသကာ ပြည်သူ့အကျိုးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်ကြရန် ဆန္ဒပြု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။



ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် လွှတ်တော်သက်တမ်းသည် ယခုဆိုလျှင် သုံးနှစ် တာကာလ ပြည့်မြောက်ခဲ့ပြီးဖြစ်၍ ပြည်သူလူထုအကျိုးအတွက် ဥပဒေပြုကဏ္ဍမှ ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြဋ္ဌာန်းပေးခြင်းများ ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူလူထု၏ လိုလားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ပြည်သူကို ကိုယ်စားပြု ဆောင်ရွက်ပေးပါသော လွှတ်တော်ကိုယ်စားများနှင့် လွှတ်တော်ရုံး ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။



ပြည်သူ့အုပ်ချုပ်ရေးဖြစ်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းသည့် ခရီး လမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ မထားရှိဘဲ ဥပဒေပြုသူများပီပီ အစွဲကင်းစွာ လက်တွေ့ဘဝတွင် ပြည်သူများ ဥပဒေ၏ အကာအကွယ်ဖြင့် အေးချမ်းလုံခြုံစွာ နေနိုင်ရန်၊ ပြည်သူများ ဥပဒေ၏ အကာအကွယ်ကို တန်းတူရရှိစေနိုင်ရန် ခေတ်စနစ်နှင့်အညီ ကိုက်ညီသည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန် အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်းထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း။



ရှေ့ဆက်၍လည်း ပြည်သူလူထုကိုယ်စားပြု လွှတ်တော်များ၏ လွှတ်တော်ကိုယ်စားလှယ် များသည် လွှတ်တော်အလိုက်ဖြစ်စေ၊ ကော်မတီအလိုက်ဖြစ်စေ၊ ကိုယ်စားလှယ်တစ်ဦး ချင်းစီဖြစ်စေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ဆောင်ရွက်ရင်း ပြည်သူကို ဗဟိုပြုသည့် ဒီမိုကရေစီစနစ် ပိုမိုထွန်းကားအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။



ထို့အတူ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေပြုရေးကဏ္ဍတွင် အားကိုးအားထား ပြုစရာ လွှတ်တော်မှတစ်ပါး အခြားမရှိပြီဟု ဆိုရလောက်အောင် မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။



ပြည်ထောင်စုကြီး တစ်ဝန်းလုံး တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဒေသအသီသီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပြည်သူများ၏ ဆန္ဒများ၊ လိုအပ်ချက်များကို အစဉ်နား စွင့်ရင်း၊ သိနိုင်အောင် အမြဲကြိုးစားရင်း မိမိတို့၏ လွှတ်တော်ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့်အတိုင်း မိမိတို့ ဖြတ်သန်းလာခဲ့သည့် လွှတ်တော် သက်တမ်း သုံးနှစ်တာ ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံကောင်းများဖြင့် ပြည်ထောင်စု စိတ်ဓာတ် အရင်းခံကာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်ကြရန် ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။



ထို့နောက် လွှတ်တော်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပစ္စည်းကို ပေးအပ်ရာ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လည်းကောင်း၊ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကပူးပေါင်း ပါဝင်ခဲ့ကြ သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး တို့အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ လွှတ်တော်အစည်း အဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကပူးပေါင်းပါဝင်ခဲ့ကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည် တော်ကောင်စီ ဥက္ကဋ္ဌတို့အား ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ က လည်းကောင်း၊ နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် “နောင်တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကား ကူညီ ပြသပေးမှုအတွက် ကိုယ်စားလှယ်တစ်ဦးအား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က လည်း ကောင်း အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်သည်။



ယင်းနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။



ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး လွှတ်တော်သဘင်ဆောင်၌ ပြသသည့် “နောင်တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးကြသည်။