ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

Printer-friendly versionSend by email





နေပြည်တော် ဇန်နဝါရီ ၃၁



၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။



အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစိုးဝင်း၊ နိုင်သက်လွင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်း၊ ဦးမောင်မောင်ဝင်းနှင့် ဦးလှမော်ဦး၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသော ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယရဲချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။



ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတက ယနေ့အစည်းအဝေးသည် ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရ ရှိစွာဖြင့် အောင်မြင်အောင်ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်(၁၃)ချက် ချမှတ်ခဲ့ရာ ထိုဆုံးဖြတ်ချက် များကို သက်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီ(၁၄)ခုတို့က အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် လည်း ၂၀၁၈ ခုနှစ်၊ မေလ (၇)ရက်နေ့တွင် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအပေါ် ပြန်လည်သုံးသပ်ထားသည့် အားနည်းချက်/အားသာချက် (၁၁)ချက်တွင် အားနည်းချက်များကို ပြုပြင်သွားပြီး အားသာချက်များကို ပိုမိုကောင်းမွန်အောင် မိမိတို့ အတွေ့အကြုံများအပေါ် အခြေခံ၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း။



ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအမြန်ရရှိရေးတို့အတွက် အဓိကထား၍ ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် အဓိကမှာ “ပြည်ထောင်စုစိတ်ဓာတ်” ပင် ဖြစ်ပါကြောင်း၊ “ပြည်ထောင်စုစိတ်ဓာတ်” ကို ခေတ်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ ယခင်က ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ “ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားရန် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်သွားရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည်” ဟု ဖွင့်ဆိုခဲ့ပါကြောင်း။



ယနေ့ ပြောင်းလဲလာသော ခေတ်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာနက ရေးသားထုတ်ပြန် ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ “ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ပူးပေါင်းနေထိုင်သည့် တစည်းတလုံးတည်းသောစိတ်ဓာတ်ဖြစ်သည်။” ၎င်းအပြင် “ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်ကြသည်ဖြစ်စေ ပြည်ထောင်စုကြီးအတွင်း တစ်မြေတည်းနေ တစ်ရေတည်းသောက် မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ အတူတကွ စုပေါင်းနေထိုင်ကြသည့် တစ်မိသားစုတည်းဖြစ်သည်ဟူသော ခံယူချက်သည် ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည်” ဟုလည်း ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ အနှစ်ချုပ်အားဖြင့် ပြောရလျှင် “ပြည်ထောင်စု စိတ်ဓာတ်” ၏ အဓိကအချက်မှာ “ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်၊ အေးအတူ ပူအမျှ၊ မရှိအတူ ရှိအတူ အတူတကွ တစည်းတလုံးတည်း စုပေါင်းနေထိုင်သည့် စိတ်ဓာတ်” ဖြစ်ပါကြောင်း။



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး ပြည်မနှင့် တောင်တန်းဒေသတို့ တစ်ပြိုင်တည်း လွတ်လပ်ရေး ရရှိစေရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံ ညီလာခံကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအားလုံး တညီတညွတ်တည်း လက်မှတ်ရေးထိုးကာ လွတ်လပ်ရေးကို အရယူခဲ့ပါကြောင်း၊ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာ ဖော်ကျူးပြသနိုင်ခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၂)နှစ် ရောက်ခဲ့ပြီဖြစ်ပါကြောင်း။



ပင်လုံညီလာခံ၏ ရလဒ်ကြောင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရရှိကာ လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံတော်အတွက် အရေးအကြီးဆုံး ဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ပင်လုံညီလာခံ၏ ရလဒ်ကို နမူနာယူပြီး ပင်လုံစိတ်ဓာတ်ဖြင့် စိတ်ရှည်ဇွဲရှိစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးပန်းတိုင်ကို အနှေးနှင့် အမြန် ရောက်ရှိ နိုင်မည်ဟု ယုံကြည်လျက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကျင်းပလျက် ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရမှ မိမိတို့နိုင်ငံ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဆိုတာကို အားလုံး အသိပင်ဖြစ်ပါကြောင်း။



တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် လွတ်လပ်ရေးရရှိခဲ့ကြောင်းကို နောင်လာ နောက်သားများ သိရှိစေရန်အတွက်မူ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အသက်တမျှ တန်ဖိုးထားရန် ရည်ရွယ်ပါကြောင်း၊ ဤအခမ်းအနားသည် နှစ်စဉ်ကျင်းပသည့် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီ များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အကွက်စေ့အောင် ဆောင်ရွက် သွားရန်လိုပါကြောင်း၊ နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်၏ အနှစ်သာရကို ပြည်သူများ သိရှိနားလည်နိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းအားလုံးမှ ပြန်ကြား၊ ဖျော်ဖြေ၊ ပညာပေးအစီအစဉ်အမျိုးမျိုးဖြင့် တင်ဆက်ထုတ်လွှင့်နိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။



ထို့ပြင် အခမ်းအနားသို့လာရောက်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တည်းခိုနေထိုင်မည့်နေရာများတွင် စားသောက်နေထိုင်ရေးနှင့် သွားလာမှု အဆင်ပြေစေရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် အခမ်းအနား အားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက စီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။



ယခုအစည်းအဝေးသည် ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်သည့် အတွက် သက်ဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ပြီးခဲ့သည့် ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုအခြေအနေများနှင့် အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။



ထို့နောက် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။



ဆက်လက်၍ အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်က လည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူကလည်းကောင်း၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှုအခြေအနေများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လည်းကောင်း၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်ပံ့ နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး၊ ဒုတိယဗိုလ်မှူးကြီး တင်မောင်လွင်က လည်းကောင်း၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးကလည်းကောင်း၊ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံကလည်းကောင်း၊ ကျန်းမာရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက လည်းကောင်း၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းကလည်းကောင်း၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က လည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူ ကလည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုနေ့အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင် များ တက်ရောက်ရန် ဖိတ်ကြားသွားမည့်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။



ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။