မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲ တက်ရောက်

Printer-friendly versionSend by email

 

ရန်ကုန်- ဇန်နဝါရီ ၂၈

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် IFEF တို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်းမသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး၏ လူဦးရေ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြပြီး မသန်စွမ်းသူ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြ ပါကြောင်း၊ မသန်စွမ်းသူများ၏ နေ့စဉ်လူနေမှုဘဝများသည် အခက်အခဲ အတားအဆီး များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ အတားအဆီးများသည် ၎င်းတို့၏ ချို့ယွင်းအားနည်းမှုကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင် ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားဆိုင်ရာ၊ အမြင်ပိုင်းဆိုင်ရာနှင့် အခြား အတား အဆီးများဆိုင်ရာ ကြောင့်သာ ဖြစ်ပါကြောင်း။

(၂၁) ရာစုနှစ် အစမှ စတင်ပြီး မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စတို့ကို ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် သိရှိနားလည်နိုင်ရန် ကြိုးစား ဆောင်ရွက်ခဲ့ကြပါကြောင်း။

ယခုလို ဆောင်ရွက်သည့်နေရာတွင် နိုင်ငံအပေါင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေး များအတွက် အခြေခံကျသည့် “အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်နှင့်သာ တူညီမျှခွင့်” တို့ကို ကာကွယ်မြှင့်တင်ရန် အခိုင်အမာပြောဆိုဆောင်ရွက်ခဲ့ကြပါကြောင်း၊ သို့သော်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါကြောင်း။

မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသည်းခြင်း၊ ကြောက်ရွံ့ စိုးရိမ်ခြင်းတို့ကြောင့် အထီးကျန်ဘဝကို ရောက်ရှိခဲ့ရသည့် မသန်စွမ်းသူ များ၏ အခွင့်အရေးကိစ္စသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များက အထူးအာရုံစိုက်ရသည့် ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါကြောင်း။

(၆၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities -UNCRPD) ကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုချမှတ်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ(၂၀၁၇)၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို အတည်ပြုချမှတ်ခဲ့ပါကြောင်း။

အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာတို့ကို ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီးနောက် အမျိုးသား ကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်ကောင်စီ ကော်မတီများနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း။

အမျိုးသားအဆင့်ကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ရေရှည်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် မူဝါဒအစီအစဉ်များ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။

၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးသည့် “Empowering persons with disabilities and ensuring inclusiveness and equality” “အားလုံးတူညီအခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဆောင်ပုဒ်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ၂၀၃၀ အစီအစဉ်တွင် မျှော်မှန်းထားရှိသည့် လူသား အားလုံး ပါဝင်သည့် သာတူညီမျှဖြစ်သည့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှု အတွက် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်ထားရှိ ကြောင်း တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် အလေးထား ဆောင်ရွက်ရန် ထုတ်ဖော်ကြေညာခဲ့သည့် ကတိကဝတ် (၇) ချက်ဖြစ်သည့် မူဝါဒပိုင်း ဆိုင်ရာ လေ့လာဆန်းစစ်မှုများပြုလုပ်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး၊ မသန်စွမ်းသူ များ၏ စီးပွားရေးစွမ်းဆောင်ရည်မြင့်မားရေးနှင့် မသန်စွမ်းသူများအတွက် လုပ်ငန်းခွင် အတွင်း အဆင်ပြေသင့်လျော်စေမည့် ပတ်ဝန်းကျင်များဖန်တီးရေး၊ နည်းပညာခေတ် နှင့်အညီ မသန်စွမ်းသူများ သတင်းအချက်အလက်နှင့် နည်းပညာများအသုံးပြု ဆောင်ရွက် နိုင်ရေး၊ မသန်စွမ်းမှု စစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှုအကျုံးဝင် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ်များချမှတ် ဆောင်ရွက်ရေး၊ သဘာဝ ဘေးနှင့် အခြားအရေးပေါ် အခြေအနေများတွင် မသန်စွမ်းသူများအား ကူညီကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးထား အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

အရှေ့တောင်အာရှအာဆီယံဒေသတွင်းနိုင်ငံများတွင် မသန်စွမ်းသူ ဦးရေ သန်းပေါင်း ၉၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိ ပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများ ရရှိရေးအတွက် ထိထိ ရောက်ရောက် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်သည့် အခါတွင် အာဆီယံနိုင်ငံများ အချင်းချင်းလည်း ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အခက်အခဲ အတားအဆီးများထဲတွင် “နိုင်ငံရေးတွင် ပါဝင်ခွင့်”ဆိုသည့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးတစ်ခုလည်း အပါ အဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများလက်လှမ်းမီပါဝင်ရေး အထွေထွေ ရွေးကောက်ပွဲကွန်ရက် (AGENDA)အဖွဲ့က ဦးဆောင်ပြီး မသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ အာဆီယံအထောက်အကူပြုဘက်စုံစီမံချက် ၂၀၂၅ ကိုရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက် တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ဤစီမံချက်သည် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းတို့၏ အခြေခံမူများနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံကော်မရှင် (AICHR) ၏ “မသန်စွမ်းသူများ၏ အခွင့် အရေးများကို အာဆီယံ၏ကဏ္ဍပေါင်းစုံတွင် ပေါင်းစည်းပါဝင်လာနိုင်ရေး” ဆိုသည့် အချက်များအရ ပေါ်ပေါက်လာသည့် ဒေသတွင်းမူဝါဒစာတမ်းတစ်ခုလည်း ဖြစ်ပါကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲမှတစ်ဆင့် မသန်စွမ်းသူများအခွင့်အရေး ဆိုင်ရာ အာဆီယံအထောက်အကူပြုဘက်စုံစီမံချက်၂၀၂၅ ပါ လုပ်ဆောင်ရမည့် အချက်အလက် များကို အခြေခံပြီး အတွေ့အကြုံများ၊ သင်ခန်းစာများမှတစ်ဆင့် လူမှုဘဝ အလွှာ အသီးသီးရှိ မသန်စွမ်းသူများအားလုံး ပါဝင်လာနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများရှိ မသန်စွမ်းသူများ အနေဖြင့် အခွင့်အရေးများနှင့်အညီ ပါဝင်ခွင့်ရရှိအောင် ပူးပေါင်းပါဝင်ဆွေးနွေး ဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ ဆွေးနွေးပွဲသည့် မသန်စွမ်းသူများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကြားတွင် ဖြစ်ပေါ် နေသည့် စိန်ခေါ်မှုအတားအဆီးများကို လက်တွဲဖြေရှင်းဆောင်ရွက်ရေးနှင့် ပိုမိုပူး ပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးအတွက် အရေးပါသည့် ပေါင်းကူး တံတားတစ်ခုဖြစ်ပါကြောင်း၊ နှစ်ရက်တာ ကျင်းပမည့် ဆွေးနွေးပွဲတွင်လည်း ရွေးကောက်ပွဲ များတွင် မသန်စွမ်းသူများ ပိုမိုလက်လှမ်းမီ ပါဝင်နိုင်စေရေးနှင့် အခွင့် အရေးများ မြှင့်တင် ဆောင်ရွက်ပေးနိုင်မည့် ရလဒ်ကောင်းများ ရရှိလာလိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ခံယူထားပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ၊ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ရေး အထွေထွေရွေးကောက်ပွဲ ကွန်ရက်အဖွဲ့ဝင် ဦးနေလင်းစိုးနှင့် ဩစတြေးလျသံရုံးမှ Charged Affairs Mr. Jeremy Kruse တို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။