ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် ဇန်နဝါရီ ၄

ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားပြီးဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ချီးမြှင့်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ုဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်း နွယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့်ဇနီး ဒေါ်သိန်းယဉ်ချေ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်ဇနီး ဒေါ်ခင်လေးသက်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ များ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘွဲ့တံဆိပ်ရရှိကြသူများ၏မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ က မိန့်ခွန်းပြောကြားရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်လာကြသည့် ဂုဏ်သရေရှိလူကြီးမင်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေဟု ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီကပင် ကိုယ့်ထီး ကိုယ့်နန်းနှင့် ကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာရပ်တည်ခဲ့ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်းနေထိုင်ကြသည့် သမိုင်းကြောင်း အစဉ်အလာကောင်းများ ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် ၁၉ ရာစုတွင် မိမိတို့နိုင်ငံထက်အဆမတန် အင်အား ကြီးမားသည့် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ လက်အောက်ကို ကျရောက်ခဲ့ရပါကြောင်း၊ ဆုံးရှုံးသွား သည့်လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်ခေါင်း ဆောင်ကြီးများ၊ မိမိတို့၏ မိဘ၊ ဘိုးဘွားများ အသက်၊ သွေးချွေးဖြင့် ရင်းနှီးပြီး မဆုတ်မနစ် ကြိုးစားခဲ့ကြခြင်းကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ် သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပြန်လည်ရရှိခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။

အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက် တွင် တိုင်းရင်းသား အားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ ဗျတ္တိ အပြည့်ဖြင့် ညီညီညွှတ်ညွှတ် ကြိုးပမ်းခဲ့ကြ၍ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ မျိုးချစ် ခေါင်းဆောင်ကြီးများနှင့် မိဘဘိုးဘွားများ၏ အသက်၊ သွေးချွေးမြောက်များစွာ စတေးပြီး အလွန် တရာ ခက်ခဲပင်ပန်းစွာ ကြိုးပမ်းအားထုတ်ပြီးမှရရှိခဲ့သည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့စေရန်နှင့် ပြည်ထောင်စုကြီးမပြိုကွဲစေရန် ဆက်လက်ထိန်းသိမ်းရမည်မှာ မိမိတို့ သားစဉ်မြေးဆက် တာဝန်ပင်ဖြစ်ပါကြောင်း။

မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင်များ၏ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်း ရယူခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး အစဉ်ထာဝရ တည်တံ့စေရေး အတွက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အလေးအနက်ခံယူပြီး တိုင်းရင်းသားများအားလုံး ဥမကွဲ သိုက်မပျက် သွေးစည်းညီညွှတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် တစ်ပြိုင် တည်းမှာပင် အမိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရမည့်တာဝန်သည် မိမိတို့ နိုင်ငံသား အားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း။

ထိုကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေရန်ရည်မှန်းချက်ထားပြီး ဘက်စုံ၊ ထောင့်စုံမှ တည်ဆောက်နေသည့် အချိန် အခါတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး တာဝန်များတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ မိမိတို့၏ အသက်၊ ခန္ဓာ၊ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ရဲဝံ့ စွန့်စားစွာကြိုးပမ်းထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များကို နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ အများထက် စွန့်လွှတ်စွန့်စား ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာကောင်း တစ်ရပ်ဖြစ်ပါ ကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း။

နိုင်ငံတော်အတွက် မိမိတို့၏ အသက်နှင့် ခန္ဓာကိုယ်ကို ပဓာန မထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသော ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြချက်အရ နိုင်ငံတော် အစိုးရက ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းသည့် အခမ်းအနား ကျင်းပပြုလုပ်ပြီး သူရဘွဲ့ရရှိသူ နှစ်ဦးကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။

ယခုဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခံရသူများသည် ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်း သည့် ဘဝတွင် ပေးအပ်လာသည့် တာဝန်များကို စွမ်းရည်သတ္တိပြည့်ဝစွာ စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ထမ်းဆောင်ခဲ့ကြသည့်သူများ ဖြစ်ပါကြောင်း၊ ၎င်းတို့၏ စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်း ခံရသည့် သင်္ကေတ အမှတ်အသားတစ်ခုဖြစ်သည့်အတွက် ယနေ့အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခြင်း မပြုနိုင်တော့သည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း သားစဉ်မြေးဆက် ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ ကိုယ်စား လေးစားဂုဏ်ယူပါကြောင်းကိုလည်း အလေးအနက်ပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ မိမိတို့၏ ဘဝတစ်သက်တာတွင် နိုင်ငံတော်ကြီးကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူတကွလက်တွဲ၍ စုပေါင်း အင်အားဖြင့် စံနမူနာပြ ဆက်လက်ကြိုးပမ်း ထမ်းရွက်ပေးကြပါဟု တိုက်တွန်းမှာကြားလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက၂၀၁၈ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းသောတပ်မတော်္ ဆိုင်ရာစွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူအမှတ်(၃၅)ခြေလျင်တပ်ရင်းမှကြည်း - ၃၂၇၆၀ ဒုတိယဗိုလ်မှူးကြီးလှထူး(ကျဆုံး)ကိုယ်စားဇနီးဖြစ်သူ ဒေါ်သူဇာမိုးနှင့် အမှတ်(၁၁) ခြေလျင် တပ်ရင်းမှ ကြည်း - ၃၄၀၂၂ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ဦး(ကျဆုံး)ကိုယ်စားဇနီးဖြစ်သူ ဒေါ်ချိုချိုအောင် တို့ကိုဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် သူရဘွဲ့ရရှိကြသူများ၏ မိသားစုဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီးရင်းရင်းနှီးနှီး နှုတ်ဆက်သည်။