ဒုတိယသမ္မတဦးမြင့်ဆွေ (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် ဒီဇင်ဘာ ၂၈

( ၁၉ )ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ( ၉ )နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ( MICC-II ) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးလှကျော်နှင့် ဒေါက်တာဒေါ်မြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းမှပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ၂ဝဝဝ ပြည့်နှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၉)ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ယခုညီလာခံကို တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေးတိုးတက်ရေး၊ တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ် သိက္ခာမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူများ၏ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန် လာစေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း။

မြန်မာ့တိုင်းရင်းဆေးပညာရပ်များသည် သမိုင်းအထောက်အထားများအရ မြန်မာနိုင်ငံ၏ သမိုင်းအစဟု ဆိုရမည့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံမြို့ပြနိုင်ငံများ၏ ခေတ်ကာလများ ကတည်းက ရှိခဲ့သည်ကို တွေ့ရပါကြောင်း။

မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် တိုင်းရင်းဆေးသမားတော်ကြီးများ၊ မှူးမတ်ပညာရှိကြီး များနှင့် ကျမ်းပြုသုတေသီ ရဟန်း ပညာရှင်များ၏ ပြုစုပျိုးထောင်ပေးခဲ့မှု အကျိုးကျေးဇူးများကြောင့် ယနေ့ထက်တိုင် တစ်မျိုးသားလုံး ဂုဏ်ယူလေးစား အားထားရသည့် ရိုးရာဆေးပညာရပ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်း ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ကောင်းမြတ်သည့်ဂုဏ်များနှင့် ပြည့်စုံသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် ပညာရပ်တစ်ခုအဖြစ်နှင့်သော်လည်းကောင်း၊ ခေတ်အဆက်ဆက်တွင် အစွမ်းထက်သည့် ရိုးရာဆေးပညာရပ်တစ်ခုအဖြစ်နှင့် သော်လည်းကောင်း ထိန်းသိမ်း စောင့်ရှောက်ရင်း အစွမ်းထက်တိုင်းရင်းဆေးဝါးများ ဖြစ်ပေါ်လာစေရန်နှင့် ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရကလည်း အားပေးမြှင့်တင်လျက်ရှိသကဲ့သို့ တိုင်းရင်းဆေးသမားတော်ကြီးများ၊ တိုင်းရင်းဆေးဝါးထုတ် လုပ်သူများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွင်း နယ်မြေဒေသ အသီးသီးတွင် ပျံ့နှံ့ရောက်ရှိနေသည့် တိုင်းရင်းဆေး သမားတော်ကြီးများ၊ ဒေသအလိုက် သမားစဉ်အလိုက် အသင်းအဖွဲ့အလိုက် ပြန့်ကျဲတည်ရှိ နေသည့် ဆေးပညာရပ် အသွယ်သွယ်၊ ကုထုံးကုနည်းအမျိုးမျိုး၊ အစွမ်းထက်သည့် ဆေးဝါး အဖုံဖုံများနှင့် တိမ်မြုပ်ပျောက်ကွယ်နေသည့် ဆေးပညာရပ်ဆိုင်ရာ ပေပုရပိုက်နှင့် ဆေးကျမ်းများကို ပြန်လည်ဖော်ထုတ် စုစည်းနိုင်စေရန် နိုင်ငံတော်အစိုးရက အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အဆင့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ်မပျက် ကျင်းပပြီး အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းဆေးသမားတော်ကြီးများကို နှစ်စဉ်စုစည်းတွေ့ဆုံကာ တိုင်းရင်းဆေး ပညာများနှီးနှောဖလှယ်ကြသည့် အစဉ်အလာကောင်းများသည် ယနေ့အထိ ခိုင်ခိုင်မြဲမြဲ ဖြစ်ထွန်းလာခဲ့ခြင်းဖြစ်ပါကြောင်း။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်းရောဂါ ဘယကင်းရှင်းရေးတို့အပြင် ကျေးလက်ဒေသအဆင့်အထိ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးရေးနှင့် ရောဂါဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှုပေးခြင်း စသည့် မူဝါဒများကိုလည်း လိုက်နာကျင့်သုံးလျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ၂ဝဝ၁ ခုနှစ်ကစပြီး တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ကာ အရည်အချင်းပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ်ပေးခြင်း၊ တိုင်းရင်းဆေး တက္ကသိုလ်တွင် သင်ကြားပေးလျက်ရှိသည့် သင်ရိုးညွှန်းတန်းများကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်ရေးဆွဲခြင်း၊ တိုင်းရင်းဆေး ကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ပူးပေါင်းကာ မြန်မာတိုင်းရင်းဆေးကဏ္ဍ တိုးတက်မြင့်မားလာအောင် ဆောင်ရွက် ခြင်းတို့ကို အကောင်အထည်ဖော်လျက် ရှိပါကြောင်း။

တိုင်းရင်းဆေးပညာကုသမှုစနစ်များ၊ သုတေသနဆိုင်ရာများနှင့် တိုင်းရင်းဆေး ပညာများဖွံ့ဖြိုး တိုးတက်လာစေရန် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ပြီး ASEAN Task Force on Traditional Medicine (ATFTM) ကိုဆောင်ရွက်လျက် ရှိသကဲ့သို့ BIMSTEC နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ တိုင်းရင်းဆေးအဖွဲ့တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးဝါးများ စံချိန်စံညွှန်းသတ်မှတ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ထုံးလုပ်နည်းများကိုလည်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပါဝင်ကာ ASEAN Traditional Medicine Health Suppliment Product Working Group ( TMHS PWG ) အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားစသည့် နိုင်ငံများနှင့်လည်း တိုင်းရင်းဆေးနှင့် နှီးနွယ်သောကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နယကြီး( ၄ )ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်ရန် အသိဉာဏ် မူပိုင်ခွင့်ကိစ္စများအတွက် Intellectual Property Right ( IPR ) ဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

သမိုင်းအစဉ်အဆက် ပေါ်ထွန်းလာခဲ့သည့် အစွမ်းအာနိသင် ထက်မြတ်သည့် မြန်မာ့ တိုင်းရင်းဆေးပညာရပ်များကို နောင်လာနောက်သားများအား လက်ဆင့်ကမ်း အမွေပေးနိုင်ရေး အတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများက စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှု များဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်လည်း မေတ္တာရပ်ခံတိုက်တွန်း လိုပါကြောင်း။

မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး ညီလာခံကြီးတွင် ညီညီညွတ်ညွတ်နှင့် လက်တွဲပူးပေါင်းပြီး နှီးနှောဖလှယ်ပွဲ၏ရည်ရွယ်ချက်များဖြစ်သည့် “ပြည်တွင်းတွင် ထုတ်လုပ်သည့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ ပိုမိုတိုးတက် ကောင်းမွန်စေ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အရည်အသွေး ပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်၊ တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေး သုတေသနလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ရန်၊ ဆေးပညာရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု၊ သမားယောင်များပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်” ဆိုသည့် အချက်များကို ရှေ့လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ( ၁၉ ) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက် လာကြသူ များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော် များညီလာခံ အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးဝါးပြခန်းများကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် ( ၁၉ )ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဦးဆောင်၍ အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့သည်။

ညပိုင်းတွင် ဒုတိယသမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန (၂) ၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။