နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို အိန္ဒိယသမ္မတနိုင်ငံသမ္မတနှင့်ဇနီးတို့အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို အိန္ဒိယသမ္မတနိုင်ငံသမ္မတနှင့်ဇနီးတို့အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

နေပြည်တော် ဒီဇင်ဘာ ၁၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် နှင့်ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ် တို့သည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက် ပေးကြသည်။

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာန်ိုင်ငံမှ ပဲမျိုးစုံ တင်ပို့ နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ အကူအညီပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန် ရိုင်းပင်းကူညီရေး တို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ်ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးအတွက် အိန္ဒိယ သမ္မတနိုင်ငံဘက်မှ ကူညီထောက်ပံ့ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံ ဘုရားများ ပြုပြင်မွမ်းမံရေးတွင် အကူအညီပေးနေသည့်ကိစ္စ၊ နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲတိုးတက်စေရေး၊ အိန္ဒိယနိုင်ငံသား ခရီးသွားများ အတွက် မြန်မာနိုင်ငံဘက်မှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ခြင်းကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီလည်း တက်ရောက် ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ် တို့သည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတတို့၏ ရှေ့မှောက်၌ ၂ဝ၁၈ - ၂ဝ၂၁ ခုနှစ်ကာလအတွက် အိန္ဒိယသမ္မတနိုင်ငံ အစိုးရနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရတို့အကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းရွက်မှုအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံ အမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ တို့ကလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးသည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများ အတွက် သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုတရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်နှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီတို့က လည်းကောင်း လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယဘက်မှ ထောက်ပံ့ပေးလျက်ရှိသည့် Prefabricated Houses အလုံး (၂၅ဝ) အနက် တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး ၅ဝ ကို PB Board ဖြင့် အိန္ဒိယသမ္မတနိုင်ငံကိုယ်စား သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်သည်။