ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပူတာအိုဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပူတာအိုဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

ပူတာအို ဒီဇင်ဘာ ၈

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ဦးဝင်းခန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ ရောက်ရှိပြီး အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လွှတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က သိရှိလိုသည်များကို မေးမြန်းပြီး ပူတာအိုနှင့် မချမ်းဘော့ ဒေသများသည် အရှေ့တောင်အာရှတွင် ရေခဲပြင်ဖုံး လွှမ်းသော တောင်တန်းများရှိရာ တစ်ခုတည်းသော ဒေသဖြစ်ခြင်း၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် အာဆီယံအမွေအနှစ်စာရင်းဝင် ဥယျာဉ်တစ်ခုဖြစ်ခြင်း၊ ဒေသတွင်းရှိ ဂျိန်းဖော၊ ရဝမ်၊ လီဆူနှင့်ရှမ်းစသည့် ကွဲပြားသော တိုင်းရင်းသားမျိုးစုံ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ခြင်း၊ ရှားပါးဆေးဘက်ဝင် သစ်ဥသစ်ဖုနှင့် ပရဆေးပင်များ စုံလင်စွာပေါက်ရောက်ခြင်း၊ အခြားဒေသများတွင် ရနိုင်ရန်ခက်ခဲသော သစ်သီးဝလံမျိုးစုံလင်စွာ ထွက်ရှိခြင်း၊ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ထားခြင်းစသည့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ ရှိသည့်အတွက် နောင်တွင် လျှပ်စစ် ဓာတ်အားလိုအပ်ချက် ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း။ ထို့ကြောင့် ယခုစီမံကိန်းအပြင် အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် အရင်းအမြစ်များကို ထပ်မံ စူးစမ်းရှာဖွေသွားရန် မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် နမ့်ထွမ်ရေလွှဲဆည်၊ ရေယူအဆောက်အအုံ၊ ရေသွယ်မြောင်းနှင့် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လွှတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

အဆိုပါ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့၏ အနောက်ဘက်(၇) မိုင်ခန့်အကွာတွင် တည်ရှိပြီး စက်တပ်ဆင်အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိကာ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီ (၁၄ ဒသမ ၁၃)သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အား စမ်းသပ်ထုတ်လွှတ်ခြင်းကာလတွင် ပူတာအိုနှင့် မချမ်းဘော့မြို့များအပြင် ကျေးရွာ ၂၅ ရွာကို (၂၄)နာရီ လျှပ်စစ်ဓာတ်အား စမ်းသပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယသမ္မတ သည် ရဝမ်မနောကွင်းသို့ရောက်ရှိပြီး ရဝမ်ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုကာ ရဝမ်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် ဒုတိယသမ္မတသည် ရဝမ်အမျိုးသားပြတိုက်သို့ရောက်ရှိရာ ရဝမ်စာပေ နှင့် ယဉ်ကျေးမှုအသင်း ဗဟိုကော်မတီဥက္ကဋ္ဌ ဦးမယစ်ယောဝူ က ပြတိုက်ဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် ရဝမ်အမျိုးသားပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး ရဝမ်အမျိုးသားပြတိုက်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်သည်။

ညစာသုံးဆောင်နေစဉ်အတွင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ က ကပြဖျော်ဖြေကြရာ ဒုတိယသမ္မတ က ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဒုတိသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အဖွဲ့ဝင် များနှင့်အတူ ကချင်ပြည်နယ် မချမ်းဘော့မြို့ရှိ ကောင်းမှုလုံစေတီတော်မြတ်အား လှည့်လည်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ကျောက်နဂါး၊ မလိခကြိုးတံတား(မချမ်းဘော)နှင့် ဂူဘားရိပ်သာတို့အား လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြခန်းသို့ ရောက်ရှိရာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းက ခါကာ ဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တောဆိုင်ရာ အချက်အလက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း က ကချင်ပြည်နယ်၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က မိမိတို့နိုင်ငံ၏သဘာ၀ သယံဇာတများကို ပြည်ပသို့ တရားမဝင်ထုတ်ယူမှု မရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ ပူးပေါင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ပူတာအို၊ မချမ်းဘော့နှင့် အင်းတော်ကြီးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ စီးပွားဖွံံ႕ဖြိုးရေးအတွက် မျှော်လင့် ချက်တစ်ခုဖြစ်ပါကြောင်း၊ အရင်းအနှီးအနဲဆုံးဖြင့် အချိန်တိုကာလအတွင်းအကျိုးအမြတ် အများဆုံးရရှိနိုင်သည့် လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အခြေခံအဆောက်အအုံများ ပေါ်ထွန်းစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင် ဒေသအတွင်းတည်ရှိပြီး ရေခဲဖုံးတောင်တန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများစုံလင်ရာ အမျိုးသား ဥယျာဉ်တစ်ခုဖြစ်သည်။ အဆိုပါ ဥယျာဉ်ကို ၁၉၉၈ ခုနှစ် နိုဝင်ဘာ (၁၀) ရက်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်တွင် အာဆီယံအမွေအနှစ်စာရင်းဝင် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ဥယျာဉ်၏ အကျယ်အဝန်းမှာ (၁၄၇၂ ) စတုရန်းမိုင်ရှိကြောင်းသိရသည်။

ဖုန်ကန်ရာဇီတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပူတာအိုမြို့နယ်၊ မချမ်းဘော့မြိုနယ်နှင့် နောင်မွန်မြို့နယ်တို့တွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်း (၁၀၄၄) စတုရန်းမိုင်ရှိကာ ဟိမဝန္တာ အရှေ့ဖျုားဒေသ မျိုးစိတ်များဖြစ်သည့် သားမင်း၊ ပန်ဒါနီ၊ တောင်ဆိတ်နီ စသည်တို့အပါအဝင် နို့တိုက် သတ္တဝါမျိုးစိတ် (၃၆) မျိုး၊ ငှက်မျိုးစိတ် (၃၇၀) မျိုး၊ လိပ်ပြာ (၃၆၀) မျိုး၊ တွားသွားနှင့် ကုန်းနေ ရေနေသတ္တဝါ ၈၂ မျိုးတို့ကို မှတ်တမ်းတင်ထားကြောင်းသိရသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတသည် လေကြောင်းခရီးဖြင့် ပူတာအိုမြို့မှ ရန်ကုန်မြို့ သို့ ရောက်ရှိသည်။