၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား



ရန်ကုန် ဒီဇင်ဘာ ၈



၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားပြီး အမျိုးသားစာပေတစ်သက်တာဆုရရှိသူများအား  ဆုပေးအပ်ချီးမြှင့်သည်။



ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ၌ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း၁ရက်နေ့တွင် စာဆိုတော်နေ့အခမ်းအနား ကျင်းပ လာခဲ့သည်မှာ ၇၅ နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ ဘာသာသာသနာ၊ လူမှုရေး၊ နိုင်ငံရေးနှင့် စာပေယဉ်ကျေးမှု အသိပညာအဖြာဖြာ တိုးတက်ဖွံ့ဖြိုးအောင် ခေတ်အဆက်ဆက်တွင် ကလောင်ကိုင်စွဲပြီးပါဝင်ကြိုးပမ်းခဲ့ကြသည့် စာပေပညာရှင် စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးများကို အသိအမှတ်ပြုချီးမြှောက်ဂုဏ်ပြုသည့် အနေဖြင့်  စာဆိုတော်နေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်းခြိမ့်ခြိမ့်သဲ ကျင်းပကြပါ ကြောင်း၊ ယခုအချိန်တွင် ယင်းအစဉ်အလာသည် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ထူးခြားသည့် ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အဖြစ်တည်ရှိနေပြီဖြစ် ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်ယခုကဲ့သို့မင်္ဂလာရှိသည့် အခါသမယတွင် ကျင်းပသည့် စာပေဆုချီးမြှင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားခွင့်ရသည့်အတွက် အထူး ကြည်နူးဝမ်းမြောက်ရပါကြောင်း။



ပုဂံခေတ်မှစတင်ပြီးမျက်မှောက်ခေတ်အထိ ဖြတ်သန်းလာခဲ့သည့် မြန်မာစာပေ၏ သက်တမ်းသည် နှစ်ပေါင်း၉ဝဝ ကျော်ရှိပြီဖြစ်ပါကြောင်း၊ ရှည်လျားလှသည့် အဆိုပါကာလအတွင်း မြန်မာစာပေသမိုင်းတွင် ရဟန်းစာဆို၊လူစာဆိုများစွာ ပေါ်ထွန်းခဲ့ပြီးအဆိုပါစာပေပညာရှင်ကြီးများသည် နိုင်ငံသူနိုင်ငံသားများအတွက်အဖိုးထိုက်တန်လှသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုခဲ့ကြပါကြောင်း၊ ခေတ်အဆက်ဆက်ပုံသဏ္ဍာန်မျိုးစုံနှင့် ပေါ်ထွန်းခဲ့သည့် စာပေများသည် မြန်မာတို့အတွက်အသိပညာနှင့် ယဉ်ကျေးမှုအဆင့်အတန်းတိုးတက်မြင့်မားအောင် မြှင့်တင်ပေးခဲ့ကြပါကြောင်း။



ယနေ့ထွန်းကားနေသည့် စာပေ၊ရုပ်ရှင်၊ဂီတ၊သဘင်၊ပန်းချီစသည့် မြန်မာ့ယဉ်ကျေးမှုအနုပညာအဖြာဖြာ၏ ခက်မမဏ္ဍိုင်သည် စာပေဖြစ်ပါကြောင်း၊ ထို့ကြောင့်  မြန်မာစာပေနယ်ပယ်ကြီးဖွံ့ဖြိုးတိုးတက်ရေးကိုရည်သန်မျှော်မှန်းပြီး မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင်ကိုဖော်ကျူးထင်ဟပ်နိုင်စွမ်းရှိသည့် စာကောင်းပေမွန်များကိုနိုင်ငံတော်အဆင့်စာပေဆုအဖြစ် ရွေးချယ်ပြီးစာဆိုတော်နေ့ရောက်တိုင်းနှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းပင်ဖြစ်ပါကြောင်း။



အမျိုးသားစာပေဆုများကိုပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပြောင်းလဲချီးမြှင့်လာခဲ့သည်မှာနှစ်ပေါင်း၇ဝ ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ၁၉၄၇ခုနှစ်ဩဂုတ်လတွင် တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းအဖြစ် ပြည်သူများ အသိဉာဏ်တိုးပွားရန်၊ ကမ္ဘာနှင့်ချိတ်ဆက်နိုင်ရန် ဘာသာပြန်စာပေများကိုထုတ်ဝေရင်း မြန်မာစာပေဖွံ့ဖြိုးရေးအတွက်လည်းစာပေဗိမာန်ကာလပေါ်ဝတ္ထုဆုကို၁၉၄၈ခုနှစ်၌ စတင်ချီးမြှင့်ခဲ့ပါကြောင်း။



၁၉၆၂ခုနှစ်တွင် “စာပေဗိမာန်စာမူဆု”ကိုအနုပညာဆိုင်ရာစာပေဆုဟု အမည်ပြောင်းလဲခဲ့ပြီးဘာသာရပ်၉မျိုးအထိတိုးတက်ချီးမြှင့်ခဲ့ပါကြောင်း၊ ၁၉၆၃ခုနှစ်တွင် ပုံနှိပ်ပြီးစာအုပ်နှင့် ပုံမနှိပ်ရသေးသည့် စာမူတို့ပူးတွဲပြိုင်ပွဲဝင်ရသည့်စနစ်ကိုကျင့်သုံးခဲ့ပါကြောင်း၊ အဆိုပါဆုကို၁၉၆၅ခုနှစ် တွင် “အမျိုးသားစာပေဆု”အမည်ဖြင့် ပြောင်းလဲချီးမြှင့်ခဲ့ပါကြောင်း၊ ၁၉၆၉ခုနှစ်တွင် ပြိုင်ပွဲဝင်ယှဉ်ပြိုင်ရသည့်စနစ်ဖျက်သိမ်းပြီး ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များအနက်ဘာသာရပ်အလိုက်အကောင်းဆုံးတစ်အုပ်စီကိုရွေးချယ်၍ အမျိုးသားစာပေဆုအဖြစ်ချီးမြှင့်ခဲ့သည့်စနစ်ကိုကျင့်သုံးခဲ့ပါကြောင်း၊ စာမူများကိုမူ  “စာပေဗိမာန်စာမူဆု”ဟု တဖန် ပြောင်းလဲသတ်မှတ်ပြီးပြိုင်ပွဲဝင်စနစ်ဖြင့် ဆုချီးမြှင့်ခဲ့သည်မှာယနေ့အထိဖြစ် ပါကြောင်း၊  အကြောင်းအမျိုးမျိုးကြောင့်စက်တင်ပုံနှိပ်ခြင်းမပြုဖြစ်သေးသည့် ကလောင်ရှင်များ၏ ကောင်းမွန်သည့် စာမူများကိုစာအုပ်အဖြစ်ထွက်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် စာပေဗိမာန်စာမူဆုအဖြစ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း။



အမျိုးသားစာပေဆုကိုဘာသာရပ်၉မျိုးမှ ဘာသာရပ်များ တဖြည်းဖြည်းတိုးတက်ချီးမြှင့်လာခဲ့ရာ ယခုနှစ်တွင် ဘာသာရပ်၁၈မျိုးအထိရှိလာခဲ့ပြီဖြစ်ပါ ကြောင်း၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲအတွက်လည်းဘာသာရပ်၉မျိုးမှ တိုးတက်ချီးမြှင့်ခဲ့ရာ ယခုဆိုလျှင်ဘာသာရပ်၁၃မျိုးရှိလာပြီဖြစ်ပါကြောင်း။



ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောင်စွာ တစ်သက်တာလုံးအားထုတ်ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု”ကို ၂ဝဝ၁ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း။



၂ဝဝ၁ ခုနှစ်မှ၂ဝ၁၁ခုနှစ်အထိအမျိုးသားစာပေတစ်သက်တာဆုကိုတစ်နှစ်လျှင်တစ်ဦးကိုသာ ရွေးချယ်ချီးမြှင့်ခဲ့သော်လည်း ၂ဝ၁၂ခုနှစ်မှစပြီး မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၃ဦးအထိတိုးတက်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် တစ်သက်တာစာပေဆုနှစ်ဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ပြီးယင်းနှစ်ဆုအတွက်တစ်သက်တာအတွင်းတန်ဖိုးရှိသောစာပေများစွာ ပြုစုခဲ့သည့် စာရေးဆရာ၊ ဆရာမကြီးများထဲမှတစ်ဦးနှင့်ကိုယ်တိုင်ပြုစုသောစာအုပ်စာတမ်းအများအပြားမထွက်ရှိခဲ့သော်လည်းမြန်မာစာပေဖွံ့ဖြိုးရေးနှင့် မြန်မာစာပေအကျိုးကိုတစ်သက်တာလုံးအားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် စာပေပညာရှင်များထဲမှတစ်ဦးတို့ကိုချီးမြှင့်ရန်ရွေးချယ်ခဲ့ပါ ကြောင်း။



စာပေပညာရှင်များအတွက်ချီးမြှင့်သည့် ဆုငွေများကိုလည်းတစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီးစာပေဆုများရွေးချယ်ရာတွင်လည်း ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အမှန်တကယ်ထိုက်တန်သည့်စာအုပ်များ၊စာမူများကိုရွေးချယ်ချီးမြှင့်နိုင်ရန် စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေဆုရွေးချယ်ရေးအဖွဲ့ဖွဲ့စည်းရာတွင်   စာပေပညာရှင်များအပြင်အတွေ့အကြုံရှိသည့် စာပေထုတ်ဝေဖြန့်ချိသူများပါ ပါဝင်ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါကြောင်း၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကိုပုဂ္ဂိုလ်၆၅ဦးဖြင့်လည်းကောင်း၊စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ကိုပုဂ္ဂိုလ်၂၈ဦးဖြင့်လည်းကောင်းဖွဲ့စည်းပေးခဲ့ပြီးဆုရသင့်ရထိုက်သည့်သူများဆုရရှိစေရေးအတွက်အဖွဲ့ဝင်များကပဏာမရွေးချယ်မှုအဆင့်၊ဆန်ခါတင်ရွေးချယ်မှုအဆင့်၊အတည်ပြုရွေးချယ်မှုအဆင့်ဆိုပြီးအဆင့် (၃)ဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ်ခဲ့သည်ကိုတွေ့ရပါကြောင်း။



၂ဝ၁၇ခုနှစ်အတွက်ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း၂၈၄၇အုပ်ထဲမှအမျိုးသားစာပေဆုအတွက်သတ်မှတ်ထားသည့်  ဘာသာရပ်  ၁၈ ခုအနက် ဘာသာရပ် ၁၁ ခုအတွက် ပုဂ္ဂိုလ် ၁၁ ဦးကိုလည်းကောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူပေါင်း ၃၁၆ စောင်ထဲမှစာပေဗိမာန်စာမူဆုချီးမြှင့်ရန် သတ်မှတ်ထားသည့် ဘာသာရပ် ၁၃ ခုအနက် ၁၁ ခုအတွက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း၂၅ ခုတို့ကိုလည်းကောင်း ရွေးချယ်ခဲ့ပြီးဖြစ်၍ ယခုအခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။



ယခုနှစ်တွင် ထူးခြားချက်တစ်ရပ်မှာ အမျိုးသားစာပေဆုချီးမြှင့်ရာတွင် ဆုအမျိုးအစားသစ်နှစ်ခုတိုးလာခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဆုများမှာ အက်ဆေးခေါ်ရသစာတမ်းစာပေဆုနှင့် ရည်ညွှန်းကျမ်းစာပေဆုတို့ ဖြစ်ပါကြောင်း၊ ရသစာတမ်းစာပေဆုသည် မြန်မာစာပေနယ်တွင် ခေတ်စမ်းစာပေခေတ်မတိုင်မီကတည်းက တွင်ကျယ်ခဲ့သည့် ရသမြောက်သော သုတနှင့်အတွေးအမြင် စာပေအရေးအသားများ ထွန်းကားစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ရည်ညွှန်းကျမ်းစာပေဆုသည် မြန်မာနိုင်ငံတွင် စာပေလေ့လာသူများ၊ သုတေသီများ၊ စာပေရေးသားသူများအတွက် အားကိုးအားထားပြုစရာ ရည်ညွှန်းကျမ်းကောင်းများ တိုးတက်များပြားလာစေရန်အတွက် ဖြစ်ပါကြောင်း။



မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖြစ်လာရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်ကို အများသိပြီးဖြစ်ပါကြောင်း၊ သို့အတွက် နိုင်ငံသားများအကြား ပြဿနာများကို ညှိနှိုင်းဆွေးနွေးအဖြေရှာတတ်ခြင်း အပါအဝင် ဒီမိုကရေစီအလေ့အထများ ထွန်းကားစေရန်နှင့် အနာဂတ်နိုင်ငံကို ဦးဆောင်မည့် လူငယ်လူရွယ်များ အသိဥာဏ်ပညာနှင့် တွေးခေါ်မြော်မြင်မှုများ ပြည့်ဝစေရန်အတွက် မိမိတို့နိုင်ငံတွင် စာအုပ်စာပေထွန်းကားရေး၊ စာဖတ်ဝါသနာပါသူများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးဝိုင်းများ တိုးပွားလာစေရေးတို့ကို အားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။



၂ဝ၁၈ခုနှစ်ဩဂုတ်လအတွင်းကျင်းပခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရန်ကုန်မြို့ရှိတက္ကသိုလ်များမှကျောင်းသူကျောင်းသားများ၏ ရသစာပေစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံအနေဖြင့် အနုပညာအင်အားလိုသိမ်မွေ့သည့်အင်အား(Soft Power) မျိုးကို ပြုစုပျိုးထောင်သင့်သည်ဟု မြွက်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံနှင့်အဝန်းတိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတွင် စာပေစကားဝိုင်းများကိုကျင်းပပေးနေသကဲ့သို့ အထူးသဖြင့်အဆင့်မြင့်ကျောင်းသားကျောင်းသူများ၊ ဒေသခံစာပေဝါသနာရှင်လူငယ်များ၊စာပေပညာရှင်များပါဝင်ကြသည့် ရသစာပေစကားဝိုင်းများ ပြုလုပ်နေကြသည်ကို စာပေချစ်သူများအားလုံး မြင်တွေ့နေရခြင်းပင်ဖြစ်ပါကြောင်း။



ထိုနည်းတူစွာနိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာနကတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် ကလေးစာပေပွဲတော်များကိုစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပါကြောင်း၊ နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်ကလေးငယ်များစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာပညာဗဟုသုတရောလူရည်လူသွေးပါ ပြည့်ဝပြီးအနာဂတ်တိုင်းပြည်ကိုဦးဆောင်ဦးရွက်ပြုနိုင်သွားစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်းဖြစ်ပါကြောင်း။



ထို့အပြင် မြန်မာစာပေဖွံ့ဖြိုးရေးအတွက်စာတမ်းဖတ်ပွဲများ၊စာအုပ်ဈေးပွဲတော်များကိုကျင်းပပေးလျက်ရှိသကဲ့သို့စာပေဗိမာန်က၁၉၅၄ခုနှစ် တွင် ထုတ်ဝေခဲ့သည့် မြန်မာ့စွယ်စုံကျမ်း၁၅တွဲကို ပြန်လည်တည်းဖြတ်ထုတ်ဝေသည့်လုပ်ငန်းကိုလည်းထွန်းဖောင်ဒေးရှင်းနှင့်ပူးတွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ခေတ်မီအချက်အလက်များကို ပြင်ဆင်ရုံသာမကအကြောင်းရပ်အသစ်များကိုလည်းထပ်မံ ဖြည့်စွက်ထုတ်ဝေမည်ဖြစ်၍ အများပြည်သူအတွက်ဗဟုသုတများစွာရှာမှီးနိုင်မည့်စွယ်စုံကျမ်းတွဲကြီး ဖြစ်လာမည်ဖြစ်ပါကြောင်း။



ထို့အပြင် မြန်မာစာပေပေါ်ဦးစမှသည်ခရစ်နှစ်၂ဝဝဝ ပြည့်နှစ်ကုန်အထိနှစ်ပေါင်း၉ဝဝ ကျော်ကာလအတွင်းထွက်ပေါ်ခဲ့သည့် မြန်မာစာပေလက်ရာများထဲမှအကောင်းဆုံးစာပေများကိုစာပေအမျိုးအစားအလိုက် ရွေးချယ်စုစည်းထားသည့် မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်ကိုလည်းဝတ္ထုရှည်အတွဲ(၁)၊အတွဲ(၂)၊အတွဲ(၃)တို့မှစတင်ပြီးစဉ်ဆက်မပြတ်ထုတ်ဝေသွားမည်ဖြစ်ပါကြောင်း၊ ရှေးအစဉ်အဆက်တည်ရှိခဲ့သည့် မြန်မာတို့၏ ဘဝအတွေ့အကြုံ၊ ရိုးရာဓလေ့၊ မြန်မာ့စိတ်နေစိတ်ထားများနှင့် မြန်မာ့အတွေးအမြင်တို့ကိုထင်ဟပ်ဖော်ကျူးမည့်စာစဉ်တွဲများဖြစ်သည့်အတွက် မြန်မာပြည်သူများသာမကနိုင်ငံတကာသုတေသီများအနေဖြင့်လည်းနှစ်ထောင်းအားရစွာကြိုဆိုကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။



ယနေ့ကျင်းပသည့် အခမ်းအနားသည် နိုင်ငံ့အတွက်စာကောင်းပေမွန်များဖန်တီးရေးသားပြုစုပေးခဲ့ကြသည့် ထူးချွန်ထက်မြက်သောစာပေပညာရှင်ကြီးများကိုနိုင်ငံတော်ကဆုချီးမြှင့်ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ခြင်းကြောင့်ကာယကံရှင်စာပေပညာရှင်ကြီးများအတွက်မိမိတို့လည်းဝမ်းမြောက်ဝမ်းသာမုဒိတာပွားကြရပါကြောင်း။ 



အထက်ကတင်ပြခဲ့သည့်အတိုင်း မြန်မာ့သမိုင်းတစ်လျှောက်စာပေစွမ်းအားဖြင့် မြန်မာ့ဂုဏ်မြင့်မားအောင်၊နိုင်ငံ့အကျိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် ရဟန်းပညာရှိ၊လူပညာရှိစသည့် စာဆိုတော်ပညာရှင်ကြီးများကိုချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာအစဉ်အလာကောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းအစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းမြှင့်တင်သောအားဖြင့်ယခုကဲ့သို့သောစာပေဆုနှင်းသဘင်များကိုနှစ်စဉ်အလေးအနက်ထားကာစီစဉ်ကျင်းပနေခြင်းဖြစ် သည်ကို လေးစားစွာ အစီရင်ခံလိုပါကြောင်း။



ယနေ့အခမ်းအနားသို့တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများ၊စာပေဆုရရှိသူများအထူးသဖြင့်ယခုကဲ့သို့စာပေဆုများအောင်မြင်စွာချီးမြှင့်နိုင်ရန် အချိန်ကုန်၊လူပမ်းခံကာစာပေစေတနာအပြည့်အဝဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ နှင့် စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့တို့မှဥက္ကဋ္ဌများ၊အဖွဲ့ဝင်များ၊ပညာရှင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာစာပေလောကခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေးအတွက်ဆက်လက်ပါဝင်ကြိုးပမ်းကူညီပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်းပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးဦးမြင့်လွင်(ဖိုးကျော့)နှင့် စာပေပညာရှင်ဆရာကြီးဦးထွန်းရီ (ရှေးဟောင်းသုတေသီ)တို့အား ဆုများပေးအပ် ချီးမြှင့်သည်။



ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ သူရဦးအောင်ကိုနှင့်ဒေါက်တာမျိုးသိမ်းကြီးတို့က အမျိုးသားစာပေဆုရရှိကြသူများအားလည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်တို့က စာပေဗိမာန်စာမူဆုရရှိကြသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။



ယင်းနောက် စာပေဆုရရှိကြသူများကိုယ်စား  အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင် ဆရာကြီးဦးထွန်းရီ (ရှေးဟောင်းသုတေသီ)ကကျေးဇူးတင်စကားပြောကြားသည်။



ထို့နောက်  ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၊ အမျိုးသားစာပေဆုရှင်များ၊ စာပေဗိမာန်စာမူ ဆုရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။



ဆုချီးမြှင့်ပွဲအခမ်းအနားမစတင်မီ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဆုရ စာပေပညာရှင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရစာအုပ်များ ခင်းကျင်းပြသထားမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။



ဆုချီးမြှင့်ပွဲအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊  ဆုရ စာပေပညာရှင်ကြီးများ၊ ၎င်းတို့၏မိသားစုဝင်များ၊ စာပေပညာရှင်များ၊အသိပညာရှင်အတတ်ပညာရှင်များ၊ မြန်မာစာပေကိုချစ်မြတ်နိုးကြသည့် စာပေဝါသနာရှင်များ၊  နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။



မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် အမျိုးသားစာပေတစ်သက်တာဆုကို ၂ဝဝ၁ ခုနှစ်မှစတင်၍ နှစ်စဉ်ချီးမြှင့်ခဲ့ရာ ၂၀၁၇ ခုနှစ်အထိ ဆုရရှိသော စာပေပညာရှင်ကြီး၂၇ ဦး ရှိ်ပြီဖြစ်သည်။၂ဝ၁၂ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုရှင် သုံးဦးအထိတိုးမြှင့်ချီးမြှင့်ခဲ့ပြီးယခုနှစ်တွင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုသည့်အနေဖြင့် စာရေးဆရာတစ်ဦးနှင့် စာပေပညာရှင်တစ်ဦးစုစုပေါင်း နှစ်ဦး ကို ချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။



ဆုချီးမြှင့်ငွေများအနေဖြင့်ယခင်ကတစ်သက်တာစာပေဆုကိုငွေကျပ်ခြောက်သိန်းချီးမြှင့်ခဲ့ရာမှ ၂ဝ၁၁ ခုနှစ်တွင် ငွေကျပ် ၁ဝ သိန်း၊ ၂ဝ၁၂ ခုနှစ်တွင် ငွေကျပ် ၁၅ သိန်း၊ ၂ဝ၁၃ ခုနှစ်တွင်ငွေကျပ် ၂၅ သိန်းချီးမြှင့်ခဲ့ပြီးယခုနှစ်တွင် ငွေကျပ် သိန်း ၅ဝ ချီးမြှင်ခဲ့သည်။



အမျိုးသားစာပေဆုကိုလည်း ယခင်ကငွေကျပ်သုံးသိန်းချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ငွေကျပ်ငါးသိန်း၊ ၂၀၁၂ ခုနှစ်တွင် ငွေကျပ် ၁၀  သိန်း၊ ၂၀၁၃ ခုနှစ်တွင် ငွေကျပ် ၁၅ သိန်းအထိချီးမြှင့်ခဲ့ပြီးယခုနှစ်တွင် ငွေကျပ် ၂၅ သိန်း  ချီးမြှင့်ခဲ့သည်။



စာပေဗိမာန်စာမူဆုများကိုယခင်က ပထမဆုငွေကျပ်တစ်သိန်းငါးသောင်း၊ ဒုတိယဆုငွေကျပ်တစ်သိန်း၊ တတိယဆုငွေကျပ်ခုနစ်သောင်းငါးထောင်ချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစ၍ ပထမဆုငွေကျပ်ခုနစ်သိန်း၊ ဒုတိယဆုငွေကျပ်ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်းအထိတိုးမြှင့်ချီးမြှင့်ခဲ့ကာ ယခုနှစ်တွင် ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ်ခုနစ်သိန်း၊ တတိယဆု ငွေကျပ်ငါးသိန်းတိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း သိရသည်။