ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဝိုင်းမော်မြို့နယ်အတွင်းရှိ စွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

Printer-friendly versionSend by email





ပူတာအို ဒီဇင်ဘာ ၇



ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေယာများအား တောင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်သည်။



အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ပြန်လည်စွန့်လွှတ်မြေများ လက်ခံရယူကြမည့်တောင်သူများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။



အခမ်းအနားတွင် ဒုတိယသမ္မတ က မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း(၂)ရင်းမှ စွန့်လွှတ်သည့် မြေဧရိယာ (၁၁ဝ ဒသမ ၅၂) ဧကကို မူလတောင်သူ(၂၅)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) များ ပေးအပ်သွားမည် ဖြစ်ပါကြောင်း။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိကြသည့် တောင်သူများအနေဖြင့် ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေပါ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းမှ ပေါ်ထွက်လာသော အကျိုးအမြတ် ခံစားခွင့်များအပြင် သတ်မှတ်စည်းကမ်းနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်နှင့် အမွေဆက်ခံ ခွင့်များကိုလည်း ရရှိကြမည်ဖြစ်ပါကြောင်း။



ယခင်က မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းတံတားများနှင့် လေယာဉ်ကွင်းများတိုးချဲ့တည်ဆောက်ခြင်း၊ လုံခြုံရေးဆိုင်ရာစီမံကိန်းများ အကောင်အ ထည်ဖော်ခြင်း၊ စီးပွားရေးဆိုင်ရာအထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များတည်ဆောက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများအတွက် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များသို့ မြေနေရာချထားပေးခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံခဲ့ရမှုများ ရှိခဲ့ပါကြောင်း။



လယ်ယာမြေ သိမ်းဆည်းခံရသည့် ဒေသခံပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး စသည့် အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကိုဖွဲ့စည်းပြီး မူဝါဒလုပ်ငန်းစဉ်(၅၂)ချက် ချမှတ်ကာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ ကော်မတီအဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။



မြေယာပြဿနာများသည် ရှုပ်ထွေး၊ နက်နဲ၊ ကျယ်ပြန့်သည့်အတွက် ဖြေရှင်း ဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းအသီးသီးတွင်ပါဝင်သည့် ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေ၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ တရားမျှတမှုရှိစေရေး အလေးထားဖြေရှင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း။



ပြန်လည်လုပ်ပိုင်ခွင့်ရရှိလာသည့်လယ်ယာမြေများကိုအသုံးချပြီး ထွက်ရှိလာမည့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များဈေးကောင်းရရှိကာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများဝင်ငွေတိုးတက်ရရှိစေရေးအတွက် နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင် တင်ပို့ရောင်းချနိုင်ရေးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးဖြည့်ဆည်းပေး လျက်ရှိပါကြောင်း။



စိုက်ပျိုးတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်သည့် အခြေအနေအထိရောက်ရှိရန် Contract Farming များ၊ လက်ကား ဈေးကွက်များ ဒေသအလိုက်ပေါ်ပေါက်လာစေရေးကိုလည်း နိုင်ငံတော်မှကြိုး ပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ တောင်သူများအနေဖြင့်လည်း ယခင်က ကျင့်သုံးခဲ့ သည့် စိုက်ပျိုးနည်းပုံစံဟောင်း၊ ဓလေ့ထုံးစံဟောင်းများအစား ပုံစံသစ်၊ ခေတ်မီနည်းစနစ် သစ်များ နှင့်အညီ အစေ့ချစိုက်ပျိုးခြင်း၊ ရေသွင်းစိုက်ပျိုးခြင်း၊ Green House များဖြင့် စိုက်ပျိုးခြင်းတို့ဖြင့် ပြုပြင်ပြောင်းလဲစိုက်ပျိုးသွားနိုင်ပါက အပျက်အစီးနည်းပြီး အကျိုးအမြတ်ရရှိလာစေမည် ဖြစ်ပါကြောင်း။



တောင်သူလယ်သမားကြီးများ အနေဖြင့်လည်း မိမိတို့လုပ်ကိုင်နေသည့် စိုက်ပျိုး ရေးလုပ်ငန်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် အခန်းကဏ္ဍ တွင်ရပ်တည်နေသည်ဆိုသည်ကို သိမြင်ပြီး ဘဝရပ်တည်မှု အဆင့်အတန်းနှင့် ကုန်ထုတ် လုပ်နိုင်မှုစွမ်းပကားမြင့်မားစေရမည်ဆိုသည့် ခံယူချက် ယုံကြည်ချက်များ မွေးမြူကာ တိုင်းပြည်ကအားကိုးရသူများအဖြစ် ရပ်တည်သွားနိုင်ကြပါစေဟု တိုက်တွန်းပါကြောင်း ပြော ကြားသည်။



ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ကချင်ပြည်နယ် အတွင်း လယ်ယာမြေများနှင့် အခြားမြေများပြန်လည်စွန့်လွှတ်အပ်နှံနိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။



ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးဝင်းက မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီး အား ပြန်လည်စွန့်လွှတ် မြေဆိုင်ရာစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။



ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ ပြည်နယ်ဝန်ကြီး ဦးမြသိန်း၊ အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် ဦးဝင်းခန့်တို့က ဒေသခံတောင်သူများကိုယ်စား ကိုယ်စားလှယ် များအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကို လွှဲပြောင်းပေးအပ်ကြသည်။



ယင်းနောက် တောင်သူတစ်ဦးက စွန့်လွှတ်မြေများပြန်လည်လက်ခံရရှိခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။



ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် ပြည်သူများအားဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိ နေသည့် အခြေအနေများကို လှည့်လည် ကြည့်ရှုသည်။