ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဗန်းမော်မြို့နှင့် မိုးညှင်းမြို့တို့၌ ကျင်းပသည့် ပြန်လည်စွန့်လွှတ်မြေများလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်

Printer-friendly versionSend by email





မြစ်ကြီးနား ဒီဇင်ဘာ ၆



လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဗန်းမော်မြို့နှင့် မိုးညှင်းမြို့ တို့၌ကျင်းပသည့် ပြန်လည်စွန့်လွှတ်အပ်နှံသော လယ်ယာမြေများအား မူလတောင်သူများ ထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့တက်ရောက်သည်။



ဒုတိယသမ္မတသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ဦးဝင်းခန့် နှင့်တာဝန်ရှိသူများနှင့်အတူ နံနက် ၉ နာရီ မိနစ် ၄၀ တွင် နေပြည်တော်မှ မြစ်ကြီးနားလေဆိပ်သို့ရောက်ရှိရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။



ထိုမှတဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ကချင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ တပ်မတော်ရဟတ်ယာဉ်ဖြင့်ဗန်းမော်မြို့သို့ရောက်ရှိပြီး ဗန်းမော်ခရိုင်အတွင်းရှိ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေယာများအား တောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)နှင့်လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။



အခမ်းအနားတွင် ဒုတိယသမ္မတ က ဗန်းမော်မြို့နယ်အတွင်း ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာဧက (၁၀၀) ကို မူလတောင်သူ (၁၆)ဦးထံသို့လည်းကောင်း၊ မိုးမောက်မြို့နယ် အတွင်းကာကွယ်ရေး ဝန်ကြီးဌာန၊ အမြောက်တပ်ရင်းမှ စွန့်လွှတ်သည့်မြေ(၁၆ ဒသမ ၅၁)ဧကကို မူလတောင်သူ (၅)ဦးထံသို့လည်းကောင်း၊ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း(၆) ရင်းမှ စွန့်လွှတ်မြေစုစုပေါင်း (၂၈၀ ဒသမ ၂၁)ဧက ကို မူလတောင်သူ (၄၀)ဦးထံသို့ လည်းကောင်း၊ မံစီမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း (၁)ရင်းမှ စွန့်လွှတ်မြေ(၇၂ ဒသမ ၈၀)ဧကကို တောင်သူ(၂၃)ဦးထံသို့ လည်းကောင်း ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။



ယခုကဲ့သို့ တောင်သူများလယ်ဝယ်သို့ စိုက်ပျိုးမြေများ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများအတွက် အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် လယ်ယာလုပ်ငန်း များပိုမိုဖွံ့ဖြိုးလာပြီး လူမှုစီးပွားဘဝတိုးတက်အောင် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း။ ထို့ကြောင့် စီမံကိန်းအတွက် သိမ်းဆည်းထားပြီး အသုံးမပြုတော့သည့် မြေများကိုလည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် စွန့်လွှတ်လွှဲပြောင်းပေးနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။



ထိုသို့သော ပြန်လည်စွန့်လွှတ်မြေများကို မူလတောင်သူများထံ အမြန်ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စိစစ်ရေး ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ရှင်းလင်းလွယ်ကူသည့် မူဝါဒလုပ်ငန်းစဉ်(၅၂)ရပ်ကို ချမှတ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။



ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးအရ နယ်မြေမအေးချမ်းသေးသည့် ဒေသများ အနေဖြင့် ဥပဒေအာဏာသက်ရောက်မှု အားနည်းနေသေးသည့်အတွက် ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုပြုရမည့်ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနိုင်သော်လည်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။



တောင်သူလယ်သမားအများအနေဖြင့် လုပ်ကွက်ငယ်လယ်ယာမြေများအပေါ်တွင် စိုက်ပျိုးရေးနှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကို အခြေခံအသက်မွေးဝမ်းကျောင်း ပြုနေကြရာမှ စုပေါင်းစိုက်ပျိုးသည့် Contract Farming များတည်ထောင်ခြင်း၊ ခေတ်မီ နည်းစနစ်များဖြင့်စိုက်ပျိုးခြင်းဖြင့် လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိလာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။



ယင်းသို့ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များကို ကြီးမားသည့် ဈေးကွက်ရှိသော အိမ်နီးချင်းနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်မည်ဆိုပါက နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ပါကြောင်း။ သီးနှံပေါ်ချိန်တွင် ထိုက်သင့်သည့် ဈေးနှုန်းရရှိစေရေး၊ စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုတိုးတက်ရရှိစေရေးနှင့် သဘာဝဘေးကြောင့် စိုက်ပျိုးသီးနှံများ မပျက်စီးမဆုံးရှုံးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးရေးတို့ကို နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။



လယ်ယာမြေများကို လက်ဝယ်ပြန်လည်ရရှိပြီးဖြစ်ကြသည့် တောင်သူလယ်သမား ကြီးများအနေဖြင့်လည်း နိုင်ငံတော်၏လုပ်ကိုင်ဆောင်ရွက်ပေးနေမှုများကို နားလည် သိမြင်၍ တစ်မိသားစုဝမ်းစာဖူလုံရေးမှတဆင့် နိုင်ငံစီးပွားတိုးတက်မှုကို အထောက် အကူပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေများဖြစ်ရေးအတွက် ပိုမိုကြိုးပမ်းလုပ်ကိုင်ဆောင် ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။



ထို့နောက် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ကချင်ပြည်နယ်အတွင်းလယ်ယာမြေများနှင့် အခြားမြေများပြန်လည်စွန့်လွှတ်အပ်နှံနိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။



ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက စွန့်လွှတ်မြေများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဗန်းမော် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် ထံလွှဲပြောင်းပေးအပ်ကြသည်။



ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ၊ ဗိုလ်ချုပ် သန်းထွဋ် ၊ ဦးကျော်လင်း ၊ ပြည်နယ်ဝန်ကြီး ဦးမြသိန်း ၊ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့် တို့က ဒေသခံတောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) များကိုလွှဲပြောင်းပေးအပ်ကြသည်။



ယင်းနောက် တောင်သူဦးသန်းဦး က စွန့်လွှတ်မြေများကို လက်ခံရရှိကြသည့် တောင်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတ သည် အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။



ဆက်လက်၍ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည် တပ်မတော် ရဟတ်ယာဉ်ဖြင့် မိုးညှင်းမြို့သို့ရောက်ရှိကြပြီး မိုးညှင်းမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် မိုးညှင်းခရိုင် အတွင်းရှိ ပြန်လည် စွန့်လွှတ်အပ်နှံသည့်မြေယာများအား တောင်သူများထံသို့ ယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်သည်။



အခမ်းအနားတွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ယနေ့ အခမ်းအနားတွင် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း(၂)ရင်းမှ စွန့်လွှတ်သည့် မြေဧရိယာ(၁၁၄ ဒသမ ၂၃) ဧကကို မူလတောင်သူ (၁၅)ဦးထံသို့ လည်းကောင်း၊ မိုးကောင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်း(၄)ရင်းမှ စွန့်လွှတ်သည့် မြေဧရိယာ(၈၁ ဒသမ ၈၆) ဧကကို မူလတောင်သူ(၁၀)ဦးထံသို့ လည်း ကောင်း၊ ဖားကန့်(ကာမိုင်း)မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်ရင်းတပ်ဖွဲ့များမှ စွန့်လွှတ်သည့် မြေဧရိယာ (၁၃၇ ဒသမ ၄၈)ဧကကို မူလတောင်သူ (၁၄)ဦးထံသို့ လည်း ကောင်း၊ စုစုပေါင်းစွန့်လွှတ်မြေ(၃၃၃ ဒသမ ၅၇)ဧကကို မူလတောင်သူ(၃၉)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း။



အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့သည့် မြေယာများမှ အသုံးမပြု တော့သည့် လယ်ယာမြေများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ပြန်လည်စွန့်လွှတ် အပ်နံှစေပြီး မူလပိုင်ရှင်တောင်သူများထံ မြန်မြန်ရောက်ပါက မြန်ဆန်စွာအကျိုးခံစား နိုင်မည်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုးမှုဖြစ်စေ မည့် မူဝါဒနှင့် လုပ်ငန်းစဉ် (၅၂)ချက် ချမှတ်ကာ စနစ်တကျစိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။



စွန့်လွှတ်မြေများပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တိုင်ကြားတင်ပြလာသည့် သိမ်းဆည်းခံလယ်ယာမြေပြဿနာများကို တရားဥပဒေ ဘောင် အတွင်းမှ တရားမျှတခြင်းရရှိစေရန် နည်းလမ်းတကျဖြေရှင်းနိုင်ရေးအတွက် လယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီနှင့် တိုင်း ဒေသကြီး၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းစိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။



မိမိတို့နိုင်ငံကို စက်မှုလယ်ယာအခြေခံသည့် နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရာတွင် အခြေခံအရင်းအမြစ်ဖြစ်သည့် လယ်ယာမြေများဖော်ထုတ်ပေးရေးသည် အရေးကြီးပါ ကြောင်း။ စီမံကိန်းအဖြစ် အသုံးပြုခြင်း မရှိသည့် လယ်ယာမြေ များကို တောင်သူများ လက်ဝယ် ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းစဉ်အပြင် တောင်သူများအနေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖော်ထုတ်စေပြီး လုပ်ပိုင်ခွင့်လျှောက်ထားစေခြင်းဖြင့် သတ်မှတ် ကာလတွင် လယ်ယာမြေအဖြစ် ပိုင်ဆိုင်ခွင့်ရရှိရေးကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း။



မြေသယံဇာတသည် အကန့်အသတ်ရှိသည့် အရင်းအမြစ်တစ်ခု ဖြစ်ပါကြောင်း။ တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံးနှင့် တန်ဖိုးအရှိဆုံး အရင်းအမြစ် တစ်ခုလည်းဖြစ်သည့်အတွက် မြေအရင်းအမြစ်များကို အသုံးချရာတွင် ရေရှည်တည်တံ့မှုရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက် ပျက်စီးမှုမရှိစေသည့် အသုံးချမှု များဖြစ်ရန်လိုအပ်ပါကြောင်း။ သို့မှသာ တောင်သူလယ်သမားများအနေဖြင့် အသက် မွေးဝမ်းကျောင်းမှုဆိုင်ရာ အရင်းအမြစ်များ ခိုင်မာမှုနှင့် ရေရှည်တည်တံ့မှုကို ရရှိစေနိုင်မည် ဖြစ်ပါကြောင်း။



တောင်သူလယ်သမားကြီးများအနေဖြင့်လည်း မိမိတို့ပိုင်ဆိုင် လုပ်ကိုင်ခွင့်ရ မြေယာ များကို သားစဉ်မြေးဆက်တိုင် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရင်း စားနပ်ရိက္ခာဖူလုံစေရုံသာမက ပြည်ပပို့ကုန်ထုတ်လုပ်တင်ပို့သူများအဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်သွားကြရန်ပြောကြားသည်။



ထို့နောက် ကချင်ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ကချင်ပြည်နယ်အတွင်းပြန်လည်စွန့်လွှတ်မြေများအား ပေးအပ်နိုင်ရေးဆောင်ရွက်မှု အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး က ပြန်လည် စွန့်လွှတ်မြေဆိုင်ရာစာရွက်စာတမ်းများကို မိုးညှင်းခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ ထံ လွှဲပြောင်းပေးအပ်သည်။



ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ၊ ဗိုလ်ချုပ် သန်းထွဋ် ၊ ဦးကျော်လင်း ၊ ပြည်နယ်ဝန်ကြီး ဦးမြသိန်း၊ အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် ဦးဝင်းခန့်တို့က ဒေသခံတောင်သူများသို့ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) များကို လွှဲပြောင်းပေးအပ်ကြသည်။



ထို့နောက် တောင်သူ ဦးသန်းဆွေ က စွန့်လွှတ်မြေများပြန်လည်လက်ခံရရှိခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားသည်။



ယင်းနောက် ဒုတိယသမ္မတ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။



ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့် မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့သို့ပြန်လည်ရောက်ရှိကြသည်။