ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၂/၂ဝ၁၈) လုပ်ငန်းညှိန်ှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် ဒီဇင်ဘာ ၅

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ (၂/၂ဝ၁၈) လုပ်ငန်းညှိန်ှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်၊ ဦးကျော်မျိုးနှင့် ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးဆိုင်ရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်၊ မသန်စွမ်းသူများအသင်းအဖွဲ့များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ က မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ပိုမိုအလေးထားဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂ဝ၁၅)ကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ နည်းဥပဒေများ (၂ဝ၁၇) ကို လည်းကောင်း၊ မသန်စွမ်းသူများ၏ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(၂ဝ၁၆-၂ဝ၂၅)ကို လည်းကောင်းအတည်ပြုချမှတ်နိုင်ခဲ့ပါကြောင်း။

အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများကိုထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီကို အထောက်အကူပြုစေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီ စသည့်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆပ်ကော်မတီ(၈)ခုဖြစ်သည့် ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ၊ သုတေသနဆပ်ကော်မတီ၊ စောင့်ကြည့်အကဲဖြတ် ဆပ်ကော်မတီ၊ မသန်စွမ်းအမျိုးသမီးအသင်းနှင့် ကလေးသူငယ်များရေးရာ ဆပ်ကော်မတီ၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဆပ်ကော်မတီ၊ သဘာဝဘေးနှင့် အခြားအရေး ပေါ် အခြေအနေဆပ်ကော်မတီတို့အပြင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့၊ ရန်ပုံငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးအဖွဲ့များကို ဖွဲ့စည်း ကာ လုပ်ငန်းတာဝန်များပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ ၎င်းတို့သည် အမျိုးသားအဆင့်မူဝါဒ လုပ်ငန်းစဉ်များဖြစ်ကြပြီး မသန်စွမ်းသူများ၏ ပူးပေါင်းပါဝင်မှုကြောင့် ရရှိလာခြင်းဖြစ်သည့် အတွက်ဝမ်းသာဂုဏ်ယူမိပါကြောင်း။

အမျိုးသားကော်မတီအစည်းအဝေးများကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပထမအကြိမ်၊ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁ဝ ရက်တွင် ဒုတိယအကြိမ်စုစုပေါင်း (၂)ကြိမ် ကျင်းပခဲ့ပြီး လုပ်ငန်းကော်မတီအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇွန် ၅ရက်နှင့် နိုဝင်ဘာ ၂ ရက်တွင် ကျင်းပခဲ့ကာ ရန်ပုံငွေထူထောင်ရေးအစည်းအဝေးကို ဇွန် ၂ဝ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးများမှ မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆက်စပ်သည့် ဆုံးဖြတ်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းမှုအလိုက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပိုမိုမြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ရက်(၁ဝဝ)လုပ်ငန်းစီမံချက်အရ ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းများကို အမြင်အာရုံချို့ယွင်းမသန်စွမ်းသူများ လက်လှမ်းမီသိရှိနိုင်ရေးအတွက် မျက်မမြင်စာဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊ အမြင်အာရုံချို့ယွင်းမသန်စွမ်းသူများ၏ အားသာ ချက်ဖြစ်သည့် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြားအာရုံချို့ယွင်း သူများအတွက်လည်း သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့် သေချာစေရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး၊အကျိုးရလဒ်အဖြစ် အမျိုးသမီးနှင့် မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ဥပဒေတို့ကို လက်သင်္ကေတပြ ဘာသာစကားတတ်ကျွမ်းသည့် စကားပြန်များမွေးထုတ်ပေးရေးအပြင် လက်သင်္ကေတပြ ဘာသာစကားကူညီပံ့ပိုးမှုသင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း။

ကိုယ်လက်အင်္ဂါချို့ယွင်းမသန်စွမ်းသူများအတွက် အလုပ်အကိုင်ဖန်တီးပေးရေးကို ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူတတ်မြောက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေးပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံရှိအလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာလက်စွဲစာအုပ်ကိုပြုစုပြီးဖြစ်၍ မသန်စွမ်းမှု ဆိုင်ရာဝေါဟာရအသုံးအနှုန်းများ လက်စွဲစာအုပ်မိတ်ဆက်ပွဲများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း။

မသန်စွမ်းသူများ၏ဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြင့်မားရေးတို့ကို ဆောင်ရွက်ရာ၌ ပြည်သူလူထုကိုအခြေပြုသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက် ကြရာတွင် မသန်စွမ်းသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးစီးပွားကိုသာတူညီမျှခွဲဝေခံစားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် လူသားတိုင်းပေါင်းစည်းပါဝင်နိုင်သော ဘက်စုံဖွံ့ဖြိုး တိုးတက်မှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကိုမြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမူဘောင်အဖြစ် အသုံးပြုနိုင်သည့် ၂ဝ၃ဝ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်(၁၇)ချက်ကို ထည့်သွင်းဖော်ပြထားပြီး သက်ဆိုင်ရာရည်မှန်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သော အုပ်စုများသာမကလူသားထုတစ်ရပ်လုံးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကိုရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် လူသားတိုင်းပါဝင်ခွင့်ရရှိရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏အကျိုးအမြတ်ကို လူသားတိုင်းခံစားခွင့်ရရှိကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်တွေ့ကြုံတွေ့နေကြရပြီး အဆိုပါ စိန်ခေါ်မှုတို့ကိုဖြေရှင်းဆောင်ရွက်ရာတွင် ပူးတွဲဆောင်ရွက်ခြင်း၊ ပူးပေါင်းကူညီခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာ တွင် မသန်စွမ်းသူများကိုမိမိတို့နှင့် တန်းတူလူသားမျိုးနွယ်ဖြစ်သည်ကို အသိအမှတ်ပြုပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန် ခံနိုင်စွမ်းသောလူ့ဘောင်အားလုံးပါဝင်ပြောင်းလဲကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ခြင်းအပါအဝင် မူဝါဒရေးဆွဲခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ မသန်စွမ်းအဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်းမှတ်ပုံ တင်ခြင်းနှင့် မူဝါဒများဖော်ထုတ်ခြင်းစသည့်အရေးကြီးသည့် လုပ်ဆောင်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုဆိုလျှင် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲ၌ မသန်စွမ်းသူများနှင့် ပတ်သက်သည့်ပြုပြင်ပြောင်းလဲမှု ကြေညာချက်(၁ဝ)ချက်အနက် မြန်မာကိုယ်စားလှယ် အဖွဲ့၏ ကတိပြုချက်(၇)ချက်ဖြစ်သည့် မသန်စွမ်းသူများနှင့်ပတ်သက်၍ မူဝါဒများဆိုင်ရာ လေ့လာဆန်းစစ်မှုပြုလုပ်ရေး၊ မသန်စွမ်းသူများ၏ပညာရေးနှင့် စီးပွားရေးစွမ်းဆောင် ရည်မြင့်မားရေး၊ မသန်စွမ်းသူများအတွက်လုပ်ငန်းခွင်အတွင်းအဆင်ပြေစေမည့် ပတ်ဝန်း ကျင်ဖန်တီးရေး၊ မသန်စွမ်းသူများခေတ်နှင့်အညီ သတင်းအချက်အလက်နည်း ပညာများ အသုံးပြုဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှုစစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှုအကျုံးဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက် နိုင်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများအား ကူညီကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို အသိပညာပေးဖော်ပြ နိုင်ရေးအတွက် ၂ဝ၁၈ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်တွင် နေပြည်တော်၌ မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကိုကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း။

မသန်စွမ်းသူများအနေဖြင့်လည်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်များတွင် ရရှိထား သည့် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများကိုအသုံးချ၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အတွေ့အကြုံဖလှယ်ရေးနှင့် နည်းပညာအရင်းအမြစ်များရရှိနိုင်ရေးအပြင် ထိရောက်သည့် မူဝါဒများရေးဆွဲနိုင်ရေး အတွက် အထောက်အကူဖြစ်စေရန် ပြည်တွင်းပြည်ပမှ သုတေသနလေ့လာချက်များနှင့် အလေ့အကျင့်ကောင်းများသိရှိနိုင်ရန်လိုအပ်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားကော်မတီ၏ လုပ်ငန်း တာဝန်များ ပြည့်မီစေရေးအပြင် လုပ်ငန်းကော်မတီ၊ဆပ်ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီ၊ နေပြည်တော်ကောင်စီတို့အတွက် တိကျသည့်လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေး နှင့်နိုင်ငံတကာစံနှုန်းများနှင့်အညီလိုက်ပါဆောင်ရွက်နိုင်ရေးအတွက် Technical Assistance Group ကိုဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

အမျိုးသားကော်မတီဝင်များအနေဖြင့် မသန်စွမ်းမှုအကျုံးဝင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြစေလိုပါကြောင်း၊ သဘာဝဘေးလျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကိုချန်လှပ်မထားဘဲပူးပေါင်းပါဝင်စေခြင်း၊ ၎င်းတို့၏ လိုအပ်ချက် များအတွက်ထည့်သွင်းစဉ်းစားခြင်းများကို ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အတားအဆီးကင်းသည့်လုပ်ငန်း၊ အလုပ်နေရာပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးပြီး မသန်စွမ်းများ၏ဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပြည့်မီရေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မသန်စွမ်းအဖွဲ့ အစည်းများအားလုံး၏ လုပ်ငန်းတာဝန်သာမက ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်ကြီးမားသော ပန်းတိုင်ဖြစ်သည်ကို သိရှိထား ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူများ၏ အခွင့်အရေးများအပြည့်အဝဖော်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ယာယီဥက္ကဋ္ဌ ဦးသိန်းလွင် က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကော်မတီ၏ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင် က နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ် က တပ်မတော်သားမသန်စွမ်းသူများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုး က မသန်စွမ်းသူများသွားလာရေးနှင့် စပ်လျဉ်း ၍လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန် က မသန်စွမ်းမှုအမျိုးုအစားစိစစ်သတ်မှတ်ရေး၊ မသန်စွမ်းသူများအား ဆေးကုသပြုစုစောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းအားကစားဆိုင်ရာကိစ္စရပ် များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသူများက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်း သူများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီတွဲဖက် အတွင်းရေးမှူး ဦးမြတ်သူဝင်း က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ အတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများကို န်ိုင်ငံတကာမှသိမြင်နိုင်စေရေးနှင့် ၎င်းတို့ထံမှ ကောင်းမွန်သည့်နည်းပညာနှင့် အကြံဥာဏ်များ ရယူနိုင်ရေးအတွက် နိုင်ငံတကာတွင်ကျင်းပသည့် ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ ကိုယ်စားလှယ်များစေလွှတ်နိုင်ရေး ကြိုးစားစီစဉ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများသွားလာလုပ်ကိုင်မှု လွယ်ကူအဆင်ပြေစေရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများယခုထက်ပိုမိုဖြည့်ဆည်းပေးနိုင်ရေး၊ မသန်စွမ်းသူများ၏ မသန်စွမ်းအမျိုးအစားအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့ကို အလေးထားစီမံဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများနှင့်စပ်လျဉ်းသည့် အသိပညာပေးဆောင်ရွက်မှုများကိုလည်း ပြန်ကြားရေးမီဒီယာများအသုံးပြု၍ တိုးမြှင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများထိရောက်အောင်မြင်မှုရှိရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များ အချိတ်အဆက်မိမိဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။