ထာဝရငြိမ်းချမ်းရေးစေတီတော် ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် နိုဝင်ဘာ ၂၂

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ကြည်ညို၍ ပန်းလည်တိုင်များ စိုက်ထူ ပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဓမ္မာရုံတော်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ သစ်သီး ပန်းမန်နှင့် သောက်တော်ရေချမ်း တို့ကို ကပ်လှူပူဇော်သည်။

ထို့နောက် အစီအစဉ်ပထမပိုင်းကို စတင်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ဈေးကုန်း ကျောင်းတိုက် ဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ်တော်၊ ရတနာ သုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စျာယ် တော်မူကြရာ ဧည့်ပရိသတ်များက နာယူကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို စေတီတော် ပရိဝုဏ်တွင် ပက်ဖြန်းကြဲဖြန့် ချည်နှောင်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က နိုင်ငံတော်ဩဝါဒါစရိယ ဈေးကုန်း ဆရာတော်ကြီးထံ ထာဝရငြိမ်းချမ်းရေးစေတီတော်အထွတ်တွင် စိုက်ထူ ပူဇော်မည့် ပန်းလည်တိုင်အထက်အဆင့်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံ ထာဝရ ငြိမ်းချမ်းရေး စေတီတော်အထွတ်တွင် စိုက်ထူပူဇော်မည့် ပန်းလည်တိုင် အလယ်အဆင့် နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့က တိုင်းသံဃ နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာ ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ ပညာသာမိထံ ပန်းလည်တိုင်မူလအဆင့်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင် ဘုရား ဒါယကာ၊ ဒါယိကာမများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ ဈေးကုန်းဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက ပန်းလည်တိုင် အထက်အဆင့်၊ အလယ်အဆင့် နှင့် မူလအဆင့်တို့ကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ကုသိုလ်တော်မဏ္ဍပ်သို့ ပို့ဆောင်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၏ ဇနီး၊ ဒုတိယသမ္မတ ၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ဧည့်ပရိသတ်များသည် စေတီတော်အထွတ်တွင် စ်ိုက်ထူပူဇော်မည့် ပန်းလည်တိုင် မူလအဆင့်၊ အလယ်အဆင့်နှင့် အထက်အဆင့်တို့ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာရထား ပျံဖြင့် ပင့်ဆောင်ပူဇော်ပေးကြသည်။

မင်္ဂလာအချိန်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင် ဘုရား ဒါယကာတို့က ပန်းလည်တိုင် မူလအဆင့်၊ အလယ်အဆင့်နှင့် အထက်အဆင့်တို့ကို ရှေးထုံး ကျမ်းဂန်နှင့်အညီ စေတီတော်အထွတ်တွင် အစီအစဉ်အတိုင်း စိုက်ထူ ပူဇော်ကြသည်။

ယင်းနောက် ဆရာတော် သံဃာတော်များက ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။