ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၁) ကြိမ်မြောက် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

ရန်ကုန် နိုဝင်ဘာ ၁၇

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၁)ကြိမ် မြောက်ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အမှာ စကားပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက စီပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ များကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိရာ ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာအထိ အကြိမ်(၂ဝ) တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံပွဲသည် (၂၁) ကြိမ် မြောက် ဖြစ်ပါကြောင်း။

အကြိမ်(၂ဝ)မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက် အခဲ အကြံပြုတင်ပြချက် စုစုပေါင်း(၂၉၇)ချက်ရှိခဲ့ပြီး အဆိုပါတင်ပြချက်များ အားလုံးကို သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များထံသို့ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် ပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။

အဆိုပါပြန်ကြားချက်များမှ အချို့အချက်များသည် အချိန်ယူပြီး ဆက်လက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သောကြောင့် လုပ်ငန်းကော်မတီ (၅)ရပ်က တာဝန် ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ ( Public-Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်ရေး ကဏ္ဍ သည် အရေးကြီးသောအခန်းကဏ္ဍတွင်တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက် အောင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ (Trade Volume) မှာ အမေရိကန်ဒေါ်လာ (၃၃ ဒသမ ၅၃) ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရ ပါကြောင်း။

၂ဝ၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလထိ (၆)လ Mini Budget ကာလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၈ ဒသမ ၃) ဘီလီယံ ကျော်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ယင်းကာလ အတွက် ကုန်သွယ်မှု ပမာဏလျာထားချက်သည် အမေရိကန် ဒေါ်လာ ( ၁၃ ဒသမ ၇ ) ဘီလီယံဖြစ်သည့်အတွက် လျာထားချက်ထက် အမေရိကန် ဒေါ်လာ( ၄ ဒသမ ၆ ) ဘီလီယံ ပိုမို ဆောင်ရွက်န်ိုင်ခဲ့ပါကြောင်း။ ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ( ၂ ) ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ ထိုအထဲ တွင် ပုဂ္ဂလိက ကဏ္ဍကုန်သွယ်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ( ၁၅ ဒသမ ၅ ) ဘီလီယံ ဖြစ်တဲ့အတွက် (၈၅ရာခိုင်နှုန်း) ပါဝင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။ သို့သော် ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးက များနေသည့်အတွက် လိုငွေဖြစ်နေပါကြောင်း၊ လိုငွေ မဖြစ် စေရေးအတွက် ပို့ကုန်ကို တိုးမြှင့်ဆောင်ရွက်ပြီး သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေး ကြိုးစားကြစေလိုပါကြောင်း။

ထို့အပြင် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာ နိုင်သဖြင့် တရားမဝင်ကုန်စည်များကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတို့တွင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် နိုင်ရေး အဖွဲ့ များဖွဲ့စည်းပြီး ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

၂ဝ၁၈ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် ၂ဝ၁၉ ခုနှစ် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အခြေအနေအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အဆင့်သည် ၁၇၁ ဆင့်ဖြစ်သည့်အတွက် ယခင်နှစ်အတိုင်း အပြောင်းအလဲ မရှိသော်လည်း အမှတ်တိုးမြှင့် ရရှိခဲ့ပါကြောင်း။ အဆိုပါအစီရင်ခံစာတွင် ပြုပြင် ပြောင်းလဲမှု အကောင်းဆုံးနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို အတုယူ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ အားလုံးသည် ယေဘုယျအားဖြင့် တိုးတက်ခဲ့သော်လည်း ဝန်ကြီးဌာနများတွင် ဖြေလျှော့ပြုပြင်ပြောင်းလဲခဲ့သည့် အချို့အချက် များသည် လာမည့်နှစ် ထုတ်ပြန်မည့် အစီရင်ခံစာတွင်သာ ထည့်သွင်း မှတ်တမ်းတင်မည်ဟု သိရှိရပါကြောင်း။ ထို့ကြောင့် လာမည့်နှစ်များအတွက် တိုးတက်မှုများရရှိအောင် ကဏ္ဍ အလိုက် လုပ်ငန်းအကောင်အထည်ဖော်ရေးစီမံချက် (Action Plan) များနှင့် ကာလတို၊ ကာလရှည် ရည်မှန်းချက်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍ များအနေဖြင့်လည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရာ၌ လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ များရရှိရေးအတွက် နိုင်ငံတိုင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ စီမံကိန်းများ ရေးဆွဲပြီး ဖိတ်ခေါ်ဆောင်ရွက်ကြသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံ အနေဖြင့်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံများကိုရယူပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း ( Myanmar Investment Promotion Plan) ကို မကြာခင်က ရေးဆွဲ ထုတ်ပြန် ကြေငြာခဲ့ပါကြောင်း။

အဆိုပါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း (Myanmar Investment Promotion Plan)သည် တိုင်းပြည်၏ကဏ္ဍ အလိုက် စီမံကိန်း များကို အကောင်အထည် ဖော်ရာ၌ ပြည်တွင်း/ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ထိထိရောက်ရောက် ချိတ်ဆက် အကောင် အထည်ဖော်နိုင်ရန် ဖြစ်ပါကြောင်း။ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက အကောင်အထည်ဖော်နေသည့် ဒေသအလိုက် ဖွံ့ဖြိုးရေးစီမံကိန်း များတွင် ပြည်တွင်း/ ပြည်ပရင်းနှီး မြှုပ်နှံသူများကို စနစ်တကျ ဖိတ်ခေါ်ပြီး ထိထိ ရောက်ရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)ကို တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်း အဖွဲ့များ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ဦးတည်ချက်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု Ease of Doing Business 2019 Report အချက်အလက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Myanmar Doing Business Website လွှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံံဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့် တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအေးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းဆိုင်တို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ များအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြ ကြသည်။

အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။