ဒုတိယသမ္မတဦးမြင့်ဆွေ သတ္တမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs) ၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ (ရန်ကုန်) အခမ်းအနား တက်ရောက်ဖွင့်လှစ်

Printer-friendly versionSend by email

 

ရန်ကုန် နိုဝင်ဘာ ၁၆

သတ္တမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ(ရန်ကုန်)ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မင်းနန္ဒာလမ်းနှင့် သုမန လမ်းထောင့်ရှိ Myanmar Expo Fortune Plaza (Exhibition Hall) ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဦးဝင်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊အာဆီယံနှင့် မိတ်ဖတ်နိုင်ငံများဆိုင်ရာစီးပွားရေးသံမှူးများ၊ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊MSMEsလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

ရှေးဦးစွာသတ္တမအကြိမ်မြောက်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs)၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ(ရန်ကုန်)ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော် များနှင့် အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် Fortune Plaza၊ Exhibition Hallတွင် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ခိုင်ပန်းစုံနှစ်ပါးသွား အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ယနေ့ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် MSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲသည် သတ္တမအကြိမ်မြောက် ဖြစ်ပါကြောင်း၊ အလားတူမော်လမြိုင်မြို့၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပူးပေါင်း၍လည်းကောင်း၊ မြိတ်မြို့တွင် တနင်္သာရီတိုင်း ဒေသကြီး အနေဖြင့်လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တိုင်းဒေသကြီး/ပြည်နယ် အားလုံး ပါဝင်သည့် နိုင်ငံတော်အဆင့်ထုတ်ကုန်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲကိုကျင်းပပြုလုပ်မည် ဖြစ်ကာ National Award ဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။

ဒေသတွင်းထုတ်ကုန်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်း သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုများပြားလာစေရန်၊ ဒေသ အသီးသီးတွင်ရှိသည့် ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍများ အချင်းချင်း ချိတ်ဆက်မှုဖြစ်လာစေရန်၊ MSMEs လုပ်ငန်းများအနေဖြင့် မိရိုးဖလာစီးပွားရေး လုပ်ငန်းမှ တီထွင်ဆန်းသစ်မှု (Innovative) အသွင်သို့ပြောင်းလဲလာနိုင်စေရန်နှင့် ဈေးကွက် ချဲ့ထွင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက် (global value chain) အတွင်းပူးပေါင်း ဆောင်ရွက်နိုင်စေရေးတို့ကို မျှော်မှန်းကာကျင်းပပြုလုပ် ပေးနေခြင်း ဖြစ်ပါကြောင်း။

နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာတွင်ကြုံတွေ့ရသည့် စိန်ခေါ်မှု အကျပ်အတည်းများကို ကျော်လွှားနိုင်ရန်နှင့်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ ဟန်ချက်ညီစေရန်အတွက် MSMEs လုပ်ငန်းများသည် အဓိကမောင်းနှင်အားများ ဖြစ်ပါ ကြောင်း၊ MSMEsလုပ်ငန်းများသည်ဈေးကွက်အင်အားစုနှင့် ကုန်ထုတ်အင်အားစုများ ဖြစ်သကဲ့သို့ ဝန်ဆောင်မှုဆိုင်ရာကွင်းဆက်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် MSMEs လုပ်ငန်းများကို အားပေးမြှင့်တင်သည့်အနေဖြင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ပိုမိုတိုးတက်စေမည့်အခွင့်အလမ်းများကို ဖော်ထုတ်ပေး နေခြင်း လည်းဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင်လူဦးရေအများဆုံးနေထိုင်သည့် တိုင်းဒေသကြီး ဖြစ်ပြီး စီးပွားရေးလုပ်ငန်းအများစု အခြေချတည်ရှိသည့်နေရာလည်း ဖြစ်သည့်အပြင် ရန်ကုန်မြို့သည် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများနှင့်အဓိက ချိတ်ဆက်သည့် စီးပွားရေးမြို့တော်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးသည် MSMEs လုပ်ငန်းများ၏ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုတို့ ဆက်နွယ်ပတ်သက်ရာ ဈေးကွက်ရပ်ဝန်းလည်း ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးသည် နေရာဒေသအချက်အချာကျသည့် အပြင်နိုင်ငံ တကာ လေဆိပ်နှင့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်ရာမြို့ဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်သဖြင့် ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်နိင်သည့် အခွင့်အရေး ပိုမိုများပြားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလှပါကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးလုပ်ငန်းများကို ပုံစံအမျိုးမျိုးနှင့် ပြောင်းလဲ ဆောင်ရွက်ကြရာတွင် ယခုအခါ သတင်းအချက်အလက်နည်းပညာ (Information Technology) အသုံးပြုသည့် Digital Economy သို့ကူးပြောင်းရန်ကြိုးစားနေကြပြီ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံရှိ MSMEs လုပ်ငန်းများလည်းအတူ လိုက်ပါကူးပြောင်း နိုင်ရန်နှင့်မိမိတို့၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် ထုတ်လုပ်မှု၊ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုများ၌ Digital နည်းပညာများကိုအသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြစေလိုပါကြောင်း။

မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများအနေဖြင့် နိုင်ငံတကာအတွေ့အကြုံနှင့် ဈေးကွက် သစ်များရရှိစေရန်အတွက် ပြည်ပ၌ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲ (Trade Fair)များတွင် ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြီးခဲ့သည့် စက်တင် ဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင်ကျင်းပပြုလုပ်သည့် (၁၅)ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်အောက်တိုဘာလက တရုတ် ပြည်သူ့သမ္မတ နိုင်ငံကွမ်ကျိုးမြို့တွင် ကျင်းပပြုလုပ်သည့် 15th China International SME Fair (CISMEF)ပြပွဲများ၌ မြန်မာနိုင်ငံမှ MSMEsလုပ်ငန်းများ၏ ထုတ်ကုန် ပစ္စည်းများကို သွားရောက်ပြသခဲ့ပြီး နိုင်ငံတကာ၏ ဈေးကွက်တိုးမြင့်ရရှိအောင် ပံ့ပိုးခဲ့ပါကြောင်း၊ သွားရောက်ပြသခဲ့သည့် MSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူမှုများ ရရှိခဲ့သည့်အတွက် ကုန်ပစ္စည်းများကို ပိုမိုတိုးမြှင့်ထုတ်လုပ်နေကြ သည်ကို သိရှိရပါကြောင်း။

ထို့အပြင် ဂျပန်နိုင်ငံတိုကျိုမြို့တွင် နိုဝင်ဘာလ(၁၁)ရက်မှ (၁၇)ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်အစည်းအဝေးနှင့်ထုတ်ကုန်ပစ္စည်းသစ်ပြပွဲ (၂ဝ၁၈) (Business Matching Meeting and New Value Creation Exhibition 2018)သို့ မြန်မာနိုင်ငံမှဆုရ MSMEsလုပ်ငန်းရှင် (၁ဝ)ဦးကိုပါဝင်လေ့လာတက်ရောက်ရန် ဂျပန် နိုင်ငံသို့ စေလွှတ်ထားပါကြောင်း၊ အဆိုပါ အစည်းအဝေးနှင့် ထုတ်ကုန်ပစ္စည်းသစ်ပြ ပွဲတွင် အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့ကြားကုန်သွယ်မှုများတိုး မြှင့်နိုင်ရန်နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်ကို သိရှိရပါ ကြောင်း။

ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များကို ၂ဝ၁၈ခုနှစ်၊ နိုဝင်ဘာလ ၅ရက် မှ ၉ရက်အထိ နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးများမှာ အာဆီယံ ဒေသတွင်း MSMEsလုပ်ငန်းများနှင့် ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ အဆိုပြုခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ၊ ထုတ်လုပ်မှု စွမ်းရည်၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့ကို မြှင့်တင်ခြင်း၊ ဈေးကွက်ချဲ့ထွင်ရန်နှင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေမူဘောင်များ ပြင်ဆင်ခြင်း၊ စွန့်ဦးတီထွင်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါ ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ချေးငွေ အထောက်အပံ့များ ရရှိနိုင်ရန် ဘဏ်များနှင့်ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်မှုနှင့် အလားအလာ(Potential)ရှိသော MSMEs လုပ်ငန်းများကို ရွေးချယ်ထောက်ခံပြီး ဘဏ်များမှ တိုက်ရိုက်ငွေထုတ်ချေးမယ့် အစီအစဉ်ပါဝင်သည်ကို သိရသည့်အတွက် ဝမ်းမြောက်ရပါ ကြောင်း။

မြန်မာနိုင်ငံ၏ MSMEs လုပ်ငန်းများအနေဖြင့် အမြဲပြောင်းလဲနေသော ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကောင်းများကို တီထွင်ဖော်ဆောင်လျက် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုအထောက်အကူပြုသည့် MSMEs အသိုက်အဝန်း ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး အတွင်းရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်းနှင့် တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းတို့က သတ္တမအကြိမ် မြောက်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ(ရန်ကုန်)ကျင်းပနိုင်ရေးအတွက် ကုမ္ပဏီများက လှူဒါန်းသွားသည့် အလှူငွေများကိုလက်ခံကြပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီ ဘဏ်၊ သမဝါယမဘဏ်လီမီတက်တို့မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလားအလာရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအား ဘဏ်ချေးငွေများကို ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များသည် သတ္တမအကြိမ် မြောက် MSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြပွဲ (ရန်ကုန်)တွင် ခင်းကျင်း ပြသထားသည့် အသေးစား၊အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

သတ္တမအကြိမ်မြောက် MSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြပွဲ ပြိုင်ပွဲ (ရန်ကုန်)ကိုသာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီးနှင့် သုမနလမ်းထောင့်ရှိ Myanmar Expo Fortune Plaza ၌ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၈ရက်နေ့အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို နှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB) ၌ ကျင်းပသည့် SME Center ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုနှင့် အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB) အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်တို့က SME Center ဆိုင်းဘုတ်ကို Global Ball နှိပ်၍ ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။