(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် နိုဝင်ဘာ ၉

၂၀၁၉ ခုနှစ်၊ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ( ၇၁ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လွတ်လပ်ရေး နေ့ကျင်းပရေးဗဟိုကော်မတီကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် (၃၆) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ၏ အောက်တွင် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် ဆပ်ကော်မတီ(၉)ခုအား ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ဆပ်ကော်မတီ ထပ်မံဖွဲ့စည်းလိုပါက အကြံပြုဆွေးနွေး နိုင်ပါကြောင်း။

လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို အောင်အောင်မြင်မြင်နှင့် နိုင်ငံရေး အနှစ်သာရ ပိုမိုပြည့်ဝစွာ ကျင်းပနိုင်ရန်အတွက် ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ(၁၅)ရက်တွင် ကျင်းပခဲ့ရာ အစည်းအဝေး ဆုံးဖြတ်ချက်(၂၂)ချက် ချမှတ်ထားခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဆက်စပ် အခမ်းအနားများကို ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက် ( ၅ )ရပ်နှင့်အညီ အကောင် အထည်ဖော် ကျင်းပသွား ရမည်ဖြစ်ပြီး သက်ဆိုင်ရာဆပ်ကော်မတီအသီးသီး အနေဖြင့် ယခင်နှစ်များက တွေ့ကြုံခဲ့သော အားနည်းချက်များ၊ အားသာချက်များအပေါ် အခြေခံပြီး တစ်နှစ်ထက်တစ်နှစ် ပိုမို ကောင်းမွန်လာအောင် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အခမ်းအနားကို နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြား သံတမန်များ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည့် အတွက် အဖက်ဖက်က လစ်ဟာမှုများမရှိအောင် ဆပ်ကော်မတီ အားလုံးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မီးရှူးမီးပန်းများ ပစ်ဖောက်ရာတွင်လည်း အန္တရာယ်ကင်းအောင် စနစ်တကျစီမံရေး၊ လွတ်လပ်ရေးနေ့သဝဏ်လွှာနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စကတ်များကို အချိန်မီပြီးစီးဖြန့်ဝေနိုင်ရေး၊ ဆပ်ကော်မတီ များအလိုက် အသုံးစရိတ်များကို သေချာစွာ စိစစ်တွက်ချက် တင်ပြသုံးစွဲသွားရေးနှင့် ရာသီဥတု အခြေအနေသည် ခန့်မှန်းမရနိုင်သဖြင့် အခမ်းအနားအားလုံးအတွက် B Plan ကို ထည့်သွင်း ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများ၊ တွေ့ကြုံနေရသည့်အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များ ရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ် ကော်မတီ ဆိုင်ရာကိစ္စရပ်များအား နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင် က လည်းကောင်း၊ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့ကလည်းကောင်း၊ လွတ်လပ်ရေး နေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ ဆိုင်ရာ ကိစ္စရပ်များအား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့ကလည်းကောင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် သန်းကျော်စိုးကလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များအား ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူကလည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များအား ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့ကလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းတို့ကလည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းကလည်းကောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ကလည်းကောင်း၊ အခမ်းအနားများ အတွက် မော်တော်ယာဉ် ဝင် / ထွက် လမ်းကြောင်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းတပ်ဖွဲ့မှူးရဲမှူးကြီး အောင်ကိုဦးက လည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတက ဆပ်ကော်မတီများအလိုက် ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။