ဒုတိယသမ္မတ ဦးမြင့်ဆွေ ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Printer-friendly versionSend by email

 

နေပြည်တော်၊ နိုဝင်ဘာ ၅

ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေး( 6th ASEAN Coordinating Committee on Micro, Small and Medium Enterprises - 6th ACCMSME Meeting) နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ချိုနှင့် ဒေါက်တာ သန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဒေါက်တာထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ Mr. Lor Sathya ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေး (6th ACCMSME) နှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း။

အာဆီယံ အငယ်စားနှင့် အလတ်စား အေဂျင်စီလုပ်ငန်းအဖွဲ့ (ASEAN SME Agency Working Group -SMEWG) ကို ၁၉၉၅ ခုနှစ်ကတည်းက စတင်ခဲ့ရာ အသေးစားစီးပွားရေး လုပ်ငန်း (micro) များ ပါဝင်လာနိုင်ရေးနှင့် အခြား ASEAN Working Group များနှင့် ပိုမို ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အဖြစ် အမည်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ ကော်မတီအနေဖြင့် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Micro, Small and Medium Enterprises – MSME) ဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍ “အာဆီယံ ၂၀၁၆ -၂၀၂၅ မဟာဗျူဟာမြောက် လက်တွေ့ကျသည့် လုပ်ငန်းစဉ်” ကို ရေးဆွဲနိုင်ခဲ့သည့်အတွက် ဝမ်းမြောက် မိပါကြောင်း ။

ယနေ့ကျင်းပသည့် အစည်းအဝေးသည် အာဆီယံဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလွန်အရေးပါသည့်အစည်းအဝေးဖြစ်ပါကြောင်း၊ အာဆီယံ ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်(၅)ရပ်မှာ ထုတ်လုပ်နိုင်မှုစွမ်းရည်၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့ကို မြှင့်တင်ရန်၊ ငွေကြေးအရင်းအနှီး ရရှိစေရေး ပံ့ပိုးကူညီရန်၊ ဈေးကွက်ချဲ့ထွင်ရန်နှင့် နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ရန်၊ လိုအပ်သည့် မူဝါဒ၊ ဥပဒေမူဘောင်များ၊ ထိန်းကျောင်းသွားရန်နှင့် စွန့်ဦးတီထွင်မှု နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးရန်တို့ ဖြစ်ပါကြောင်း။

အဆိုပါ လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ရည်မှန်းထားသည့်ရလဒ်များ ရရှိရေးအကောင်အထည်ဖော် ရာတွင် တိုင်းတာရမည့်အဓိကသော့ချက်မှတ်တိုင် (Key Performance Indicators) များရှိပါကြောင်း၊ အဆိုပါသော့ချက်မှတ်တိုင်များကို အသုံးပြု၍ အဓိကရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် နယ်မြေ ကျယ်ပြန့်ကြီးမားသည့် အသိုက်အဝန်းတစ်ခုဖြစ်ပါကြောင်း၊ တစ်ခုတည်းသော အာဆီယံဒေသအတွင်းတွင် လုံခြုံရေး နှင့်တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ ဘက်ပေါင်းစုံတိုးတက်မှု များနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အာဆီယံအသိုက်အဝန်း ဖြစ်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

အာဆီယံ MSME များတွင် ဦးစားပေးကဏ္ဍ (၁၂) ခုရှိပါကြောင်း၊ အဆိုပါကဏ္ဍများမှ (၇)ခုသည် ကုန်ပစ္စည်းထုတ်လုပ်သည့် ကဏ္ဍများဖြစ်ပြီး ကျန်(၅)ခုမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း၊ MSME များတွင် ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍ၊ သစ်ထုတ်ကုန်များကဏ္ဍနှင့် ငါးမွေးမြူရေးဆိုင်ရာကဏ္ဍများ အများဆုံး ပါဝင်နေသည်ကို တွေ့ရပါကြောင်း။

ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍများရှိ MSME များအကြား အနာဂတ် ဈေးကွက် ချဲ့ထွင်ရန်နှင့် Supply Linkage များအပါအဝင် အခြားအခွင့်အရေး များဖြစ်သည့် သတင်း အချက်အလက်ရင်းမြစ်များရရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အာဆီယံဒေသတွင်း MSME ကဏ္ဍများ အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာအကန့်အသတ်များ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ဈေးကွက်အခြေအနေများ အရ အခြား စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အပြင် သတင်းအချက်အလက်မလုံလောက်မှု၊ အသိအမှတ်ပြု အဆင့်အတန်းအရ လုံလောက်သည့် စွမ်းရည်မရှိမှု၊ စီးပွားရေးနှင့် မူဝါဒဆိုင်ရာများတွင် ပိုမိုပါဝင်မှုစသည့် အခက်အခဲပြဿနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း။

အဆိုပါ “အခက်အခဲ၊ ပြဿနာများကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံ ဒေသတွင်း ပေါင်းစည်းအားနှင့်အတူ နိုင်ငံတကာနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်း ကူညီပံ့ပိုးမှုကို ရယူပြီး ဆောင်ရွက်သွားကြရမည်” ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ MSME များချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ရေးအတွက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံများသည် တစ်နိုင်ငံချင်းအလိုက် ရေမြေအနေအထား၊ မြေမျက်နှာသွင်ပြင် နှင့် သဘာဝသယံဇာတပိုင်ဆိုင်မှုများ ကွာခြားပါကြောင်း၊ အဆိုပါ ပိုင်ဆိုင်မှု ကွာခြားမှုများကို အားသာချက်အဖြစ်အသုံးချပြီး ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်ရန် တိုးတက်သည့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးကြရမည်ဖြစ်ပါကြောင်း။

အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏ လုပ်ငန်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် MSME ကဏ္ဍများနှင့် ပတ်သက်၍ အာဆီယံ MSME ကဏ္ဍများ၏ ပုံမှန်အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံ ကောင်းများကို လေ့လာပြီး နိုင်ငံတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုပံ့ပိုးပေးနိုင်ရေး၊ နည်းပညာရရှိနိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေး၊ MSME လုပ်ငန်း များကို ထိရောက်သည့် ဥပဒေမူဘောင်များဖြင့် အကာအကွယ်ပေးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအပိုင်းများတွင် ထိထိရောက်ရောက် ပံ့ပိုးပေးလျက်ရှိသည့် အပြင် နှစ်တိုနှစ်လတ် “Quick Win” ကဏ္ဍများကို ဆောင်ရွက်နေရုံသာမက ရေရှည် ဆောင်ရွက်ရမည့် ကဏ္ဍများကို Twin-Track လမ်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယနေ့ကာလသည် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလရောက်ရှိပြီဖြစ်၍ ၂၀၁၆-၂၀၂၀ Phase I ၏ ခရီးတစ်ဝက် ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးသမျှ လုပ်ငန်းများအားလုံးကို အစည်းအဝေးတွင် ပြန်လည် သုံးသပ်ပြီး ရှေ့(၂)နှစ်တာကာလအတွက် တိကျသည့်လုပ်ငန်း အစီအစဉ်များ လျာထား ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အာဆီယံ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏ ဆောင်ရွက်ချက်များအနက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဝန်ဆောင်မှုဗဟိုဌာန (SME Service Centre) ၊ အခွန်အခနှင့်ငွေကြေးဆိုင်ရာမက်လုံးပေးမှု အစီအစဉ်များ (Tax and Financial Incentive Scheme) ၊ ဒီဂျစ်တယ်စီးပွားရေး (Digital Economy)၊ အသေးစားလုပ်ငန်းများ ရေရှည် ရှင်သန် ရပ်တည်နိုင်ရေး (Sustainability of Micro Enterprises) များကို ဦးဆောင် ပြုလုပ်သော နိုင်ငံများ (Champion Countries)ဖြင့်ဦးဆောင် စတင်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

ယခုကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (6th ACCMSME)နှင့် ဆက်စပ် အစည်းအဝေးများသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း MSME များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်နိုင်ရန် အထောက်အပံ့ ပြုပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှားနှင့် OECD ၊ USAID ၊ GIZ အစရှိသော မိတ်ဖက် အဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျဥက္ကဋ္ဌ Mr. Lor Sathya က အမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဦးဆောင်၍ ဆဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်များအချင်းချင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် MSME လုပ်ငန်းများ တိုးမြှင့်ရေး စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများဆိုင်ရာ စီးပွားရေး သုတေသနအဖွဲ့အစည်း (ERIA) ၊ မြန်မာနိုင်ငံ သုတေသနအဖွဲ့အစည်း (MRI)တို့နှင့် ဒစ်ဂျစ်တယ် စီးပွားရေးစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ(ASEAN BAC) နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အတွက် အာဆီယံ လမ်းညွန်မှု အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ အမေရိကန်-အာဆီယံ စီးပွားရေး အကြံပေးကောင်စီ(ASEAN BAC)နှင့် Online Academy တို့နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်းနှင့် ဆဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၉ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။