ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၈) သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် နိုဝင်ဘာ ၂

မြန်မာစာရင်းအင်းဖိုရမ်(၂၀၁၈)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပရာ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ စာရင်းအင်းဆိုင်ရာ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သုတေသီများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖိုရမ်တွင် ဒုတိယသမ္မတက ကမ္ဘာ့နိုင်ငံအသီးသီးတွင် အောက်တိုဘာ ၂ဝ ရက်ကို ကမ္ဘာ့စာရင်းအင်းနေ့ အဖြစ် သတ်မှတ်၍ World Statistics Day ကို (၅)နှစ် တစ်ကြိမ် ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့ပါကြောင်း၊ ယနေ့ ကျင်းပသည့် ဖိုရမ်ကို "Better Data, Better Statistics, Better Lives: Transforming Data Culture in Myanmar" ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စာရင်းအင်းပညာ (Statistics Literacy) တိုးမြှင့်စေရန်၊ စာရင်း အချက်အလက် ယဉ်ကျေးမှု (Data Culture) များ ပြန့်ပွားစေရန်၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းလိုက်သည့် စာရင်းအင်းဥပဒေအရ စာရင်းအင်းပညာရပ်အား မြှင့်တင်ရန်၊ စာရင်းအင်း ထုတ်ဝေသူများနှင့် အသုံးပြုသူများအကြား ဆက်ဆံရေးမြှင့်တင်ရန်၊ စာရင်းအင်းအသုံးပြုသူများ၏ လိုအပ်ချက်များကို သိရှိစေရန်၊ စာရင်းအင်းဆိုင်ရာ စာတမ်းဖတ်ပွဲဆောင်ရွက်ရန်၊ ကျောင်းသား လူငယ်များအကြား စာရင်းအင်းကဏ္ဍ မြှင့်တင်ရေးအတွက် Statistics Quiz များ ဆောင်ရွက်ရန် အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း။

စာရင်းအင်းအချက်အလက် မှန်ကန်ရေးကိစ္စသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အရေးပါပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝမှသာ မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ လူမှုစီးပွား သုတေသန ဆောင်ရွက်သူများအနေဖြင့် စီမံကိန်းများရေးဆွဲခြင်း၊ ဖွံ့ဖြိုးမှု မူဝါဒများနှင့် စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးနိုင်မည့် မူဝါဒများ ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရန် အချက်အလက်များ ရရှိနိုင်မည်ဖြစ်ပြီး ရှားပါးသည့် သယံဇာတများကို အကျိုးရှိရှိ ထိရောက်သည့် ခွဲဝေမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းများကို စောင့်ကြည့်ကြီးကြပ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မူဝါဒများ ပြင်ဆင်ရန် လိုအပ်လာလျှင်လည်း ပိုမိုကောင်းမွန်သည့် ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း စာရင်းအင်းအချက်အလက်များအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုများကိုဆောင်ရွက်မှသာ အရှုံးဖြစ်ပေါ်နိုင်မှုနှင့် စွန့်စားရမှု (Risk Management) တို့ကို စီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း။

စိတ်ချယုံကြည်ကိုးစားရသည့် စာရင်းအင်းများမရှိခြင်းသည် ရှားပါးသည့် သယံဇာတ ခွဲဝေရာတွင် လွဲမှားစေနိုင်သည့်အပြင် မူဝါဒ ဆုံးဖြတ်ချက်များလည်း မှားယွင်းစေနိုင်သည့်အတွက် ပြည်သူများ၏ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် စာရင်းအင်းအချက်အလက်များ မှန်ကန်စေရေးအတွက် လိုအပ်သည့် လူသားရင်းမြစ်ပြုစု ပျိုးထောင်ခြင်း၊ ကွန်ရက်များတည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများနှင့် Statistics Literacy ကို မူဝါဒအားဖြင့် အထူး အာရုံစိုက်ခြင်း၊ စာရင်းအင်းဥပဒေ ပြဋ္ဌာန်းသက်ရောက်မှုရှိစေခြင်း စသည့် အရင်းအနှီးများ စိုက်ထုတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် စာရင်းအင်းဥပဒေကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂ဝ၁၈ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ က မကြာမီ နည်းဥပဒေထွက်ရှိနိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း။

စာရင်းအင်းဥပဒေအရ စာရင်းအင်းမူဝါဒအနှစ်ချုပ် (Statistical Policy Brief) နှင့် စာရင်းအင်း ဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics-NSDS) ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရန် အဓိက မဟာဗျူဟာမူဘောင် (NSDS Core Strategies) ကို ၂ဝ၁၆ ခုနှစ်တွင် စီးပွားရေးရာကော်မတီသို့ အတည်ပြုတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးကြောင်းနှင့် စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာအကောင်အထည်ဖော်ရေးကို အားပေးဆောင်ရွက်ရမည်ဟု စီးပွားရေးရာ ကော်မတီအစည်းအဝေးတွင် လမ်းညွှန်ဆွေးနွေးခဲ့ပါကြောင်း။

စာရင်းအင်းကဏ္ဍ တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများအကြား အလျားလိုက် ပူးပေါင်း ဆောင်ရွက်မှု (Horizontal Cooperation) နှင့် ဒေါင်လိုက်ပူးပေါင်းဆောင်ရွက်မှု (Vertical Cooperation) များကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်နိုင်ရန် အလျားလိုက် ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် စာရင်းအင်းကဏ္ဍများအလိုက် လုပ်ငန်းအဖွဲ့(၁ဝ)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုဆိုလျှင် သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့များနှင့် NSDS Action Plan ကို Living Document အနေဖြင့် ထားရှိပြီး အသီးသီးအကောင်အထည်ဖော်ဆောင်လျက် ရှိကြပါကြောင်း၊ သက်ဆိုင်ရာ Stakeholders များအနေဖြင့်လည်း စာရင်းအင်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူး တင်ပါကြောင်း။

စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများအကြား Data Culture မွေးမြူရန်နှင့်တိုးတက်ပွားများအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ စာရင်းအင်းဌာနများအကြား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များတွင်လည်း ကော်မတီများဖွဲ့စည်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဝန်ကြီးချုပ်များက နာယကအဖြစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စာရင်းအင်းမှန်ကန်စေရေး၊ အုပ်ချုပ်မှု မှတ်တမ်းများ ကောင်းမွန်စေရေး၊ စာရင်းအင်းပုံစံ၊ အထားအသို ညီညွတ် မှန်ကန်စေရေးတို့ အတွက် ဗဟိုနှင့်ပေါင်းစပ်ညှိနှိုင်းသည့် ဒေါင်လိုက်ပူးပေါင်းမှုကို စတင် ဆောင်ရွက်နေပြီဟု သိရှိရပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့်လည်း One Stop Data Hub ဖြစ်ပေါ်စေရေး ဆောင်ရွက်လျက် ရှိပါကြောင်း။

စာရင်းအင်းအချက်အလက်များ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ လူနေမှုဘဝများ ပိုမိုကောင်းမွန် လာသည့်အတွက် စာရင်းအင်းရလဒ်များကို ထိရောက်မှန်ကန်စွာ ထုတ်ပြန်နိုင်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စာရင်းအင်းဆိုင်ရာအချက်အလက် ထုတ်ပြန်သူများနှင့် အချက်အလက် သုံးစွဲသူများ အကြား လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Statistics User-Provider Relations တိုးတက်ကောင်းမွန်စေရေး ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံဖြစ်သည့် စာရင်းအင်းများရှေ့နောက်ညီညွတ်မှုရှိစေရန်၊ အချိန်မီ ရရှိစေရန်၊ ယုံကြည်ကိုးစားနိုင်ပြီး ခိုင်မာသည့် စာရင်းအင်းများဖြစ်စေရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး လူမှုရေးအခြေအနေများကို ထင်ဟပ်နိုင်သည့် စာရင်းအင်း အချက်အလက်ကောင်းများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လက်တွေ့ကျသည့် မူဝါဒများကို ခိုင်မာအောင် ဆောင်ရွက်သည့် နေရာတွင်လည်း အရည်အသွေးရှိသည့် စာရင်းအင်း များသည် မရှိမဖြစ်အရေးပါပြီး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့်ကဏ္ဍများ၊ နေရာဒေသများ၊ ဦးစားပေးများအဖြစ် ရှာဖွေဖော်ထုတ်ရန် အတွက်လည်း စာရင်းအင်းများသည် အလွန်အရေးပါပါကြောင်း၊ "Better Data, Better Statistics, Better Lives" ဆိုသည့်အတိုင်း စာရင်းအင်းအချက်အလက်များ ပိုမို အရည်အသွေးမြင့်ပါမှ ပြည်သူတို့၏ လူမှုဘဝများ ပိုမိုအဆင့်အတန်း မြင့်လာမည်ဖြစ်ပါကြောင်း။

"စာရင်းဇယားကိန်းဂဏန်းများတိကျမှန်ကန်ရေး" အတွက် လူမှု-စီးပွားရေးဆိုင်ရာ အချက်အလက် များကို ပြည့်စုံအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ပြည့်စုံရန်အတွက်လည်း အချက်အလက်များကို စုစည်းခြင်း၊ ပြုစုခြင်း၊ ခွဲခြားဆန်းစစ်ခြင်း၊ အစီရင်ခံခြင်း စသည့် လုပ်ငန်းစဉ်များကို ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးသည် အစိုးရနှင့် ပြည်သူများ အကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများ အကြား ယုံကြည်မှုတိုးမြှင့်စေနိုင်ပါကြောင်း၊ စာရင်းအင်း နယ်ပယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်တမ်း (Survey) များ ကောက်ခံရန် လိုအပ်ပြီး ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှု မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေး၊ အသေးစိတ်အချက်အလက်များပါ မှတ်တမ်းများတွင် ပါဝင်စေနိုင်ရေးသည်အရေးပါပါကြောင်း။

စာရင်းအင်းနှင့် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်တတ်စေရန် စာရင်းအင်းဆိုင်ရာအသိပညာ (Statistical Literacy) ကို ဌာနဆိုင်ရာ များတွင် သာမက အများပြည်သူနှင့် ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများအကြားတွင်ပါ ပျံ့နှံ့အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် စာရင်းအင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အချိန်၊ ငွေကြေး၊ လူအင်အား စသည့်ရင်းမြစ်များ ကန့်သတ်ချက်ရှိသည့်ကြားက တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံပြီး အထိရောက်ဆုံး အသုံးချနိုင်ရန် အရေးကြီးပါကြောင်း။ “From Data to Policy” ဆိုသည့်အတိုင်း အချက်အလက်များကို မူဝါဒအဖြစ်ပြောင်းလဲနိုင်ခြင်းကြောင့် ဖော်ထုတ်သုံးတတ်လျှင် စာရင်းအင်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ရလဒ် ပြန်လည်ရရှိချက်သည် အလွန်ကြီးမားသည့်အတွက် Better Data, Better Statistics, Better Lives: Transforming Data Culture in Myanmar" ဆိုသည့် ဆောင်ပုဒ်နှင့်အတူ စာရင်းအင်းမှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များ၊ Stakeholder များအနေဖြင့် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ Ms. Janet Jackson တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး ကုလသမဂ္ဂ အာရှပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင်မှ Ms. Gemma က စာရင်းအင်းနှင့်ပတ်သက်၍ အဓိက ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတက ကမ္ဘာ့စာရင်းအင်းနေ့ အထိမ်းအမှတ် စာရင်းအင်းဆိုင်ရာ သုတဉာဏ်စမ်း ပြိုင်ပွဲတွင် ပထမဆုရှိခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူအဖွဲ့ကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် Ms. Janet Jackson တို့က ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကျောင်းသားကျောင်းသူအဖွဲ့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံ၏ စာရင်းဆိုင်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းကို Video Clip ဖြင့် ပြသသည်။

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် စာရင်းအင်းဆိုင်ရာ ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်းများ၊ စာအုပ်စာတမ်းများ ခင်းကျင်း ပြသထားသည့် ပြခန်းကို လှည့်လည် ကြည့်ရှုသည်။

ထို့နောက် မြန်မာစာရင်းအင်းဖိုရမ်ကို ဆက်လက်ကျင်းပရာ စာရင်းအင်းပညာ အသိပညာပေး မြှင့်တင်ခြင်း၊ Round Table Discussion ပြုလုပ်ခြင်း၊ စာရင်းအင်းဆိုင်ရာ စာတမ်း (၁၅) စောင် ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံစာရင်းအင်းဝန်ဆောင်မှုစနစ် (MMSIS) ပြသခြင်းတို့ကို ဆောင်ရွက်ကြ သည်။