ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email





နေပြည်တော် နိုဝင်ဘာ ၁

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။



အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။



အခမ်းအနားတွင် ဒုတိယသမ္မတ က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှု မူဝါဒပါရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင် အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှု မူဝါဒဆိုင်ရာဥပဒေများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သည့် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။



ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့၏ မြေအသုံးချမှုကော်မတီများ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီစသည့် အထောက်အကူပြုလုပ်ငန်း ကော်မတီများနှင့် မြေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဆိုင်ရာအမျိုးသားအကြံပေးအဖွဲ့ ဖွဲ့စည်းရန်၊ ကော်မတီ အဖွဲ့ဝင် အရေအတွက်နှင့် ကိုယ်စားပြုအဖွဲ့အစည်းများ၊ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့မှ အဆိုပြုတင်ပြရန်ဆုံးဖြတ်ခဲ့ကြပါကြောင်း။



ထို့ကြောင့် ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့ အနေဖြင့် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ မိမိတို့၏ အဆိုပြုချက်များကို ရှင်းလင်းတင်ပြကြရမည်ဖြစ်ပါကြောင်း။



ထို့အတူ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် ပထမ အကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားမြေအသုံးချမှုကောင်စီ၏လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်နိုင်ရေးညှိနှိုင်းဆွေးနွေး ရန်နှင့် အမျိုးသားမြေအသုံးချမှု မူဝါဒကိုအခြေခံ၍ အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် မြေ အရင်းအမြစ်များ စီမံခန့်ခွဲရေး တို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၃ ရက် အထိ အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ တွင် ကျင်းပခဲ့ပါကြောင်း။



အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကိုအမျိုးသားမြေအသုံးချမှု ကောင်စီအဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြင်ပပညာရှင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်ပါဝင်သည့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် တောင်သူလယ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ၊ ပါဝင်တက်ရောက်ခဲ့သည့်အတွက် မြေနှင့်ဆက်စပ်သည့် အကျိုးသက်ဆိုင်သူများစုပေါင်းပါဝင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း။



အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်မှ ဖော်ထုတ်ရရှိသည့် ရလဒ်များကိုအခြေခံ၍ အနာဂတ်မြန်မာနိုင်ငံတွင်စနစ်တကျ ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်း လာစေရေးနှင့် အမျိုးသားမြေဥပဒေရေးဆွဲနိုင်ရေးတို့အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းတာဝန်များကိုအမျိုးသားမြေအသုံးချမှုမူဝါဒနှင့် အညီပီပြင်ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။



မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများသည် စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် မှီခိုနေကြပါကြောင်း၊ မြန်မာနိုင်ငံ၏စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာ၏မျော်မှန်းချက်မှာသက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာနှင့် အာဟာရဓာတ် ပြည့်ဝဖူလုံပြီး အထွက်နှုန်းမြင့်မားကာ ရာသီဥတုဒဏ်ခံနိုင်စွမ်းရှိသည့် စိုက်ပျိုးရေးကဏ္ဍမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကိုယှဉ်ပြိုင်နိုင်မည့် ကျေးလက်နေလုပ်ကွက် ငယ်တောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး ဖြစ်ပါကြောင်း။



ထို့ကြောင့် လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု အား ကောင်းလာစေပြီးလုပ်ကွက်ငယ်တောင်သူများနှင့် မြေယာမဲ့ပြည်သူများ၏ မြေအသုံးချမှု နှင့်လုပ်ပိုင်ခွင့်ခိုင်မာမှုကိစ္စရပ်သည်လည်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့် အတွက် စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာမှာ ပင်မလုပ်ငန်းစဉ်များ ချမှတ် ၍မဟာဗျူဟာကျကျ ဆောင်ရွက်သွားရန် လျာထားပြီးဖြစ်ပါကြောင်း၊ ပင်မလုပ်ငန်းစဉ်များ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အထောက်အကူပြုလုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။



အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့် မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု စနစ်ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။



အဆိုပါလုပ်ငန်းစဉ်(၄)ရပ်မှာတိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၏ မြေအသုံးချမှုကော်မတီများ၊ မြေအသုံးချမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အမျိုး သားနည်းပညာအကြံပေးအဖွဲ့နှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း အပါအဝင်အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းမှုဆိုင်ရာခိုင်မာစေခြင်း၊ အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများသဟဇာတဖြစ်စေခြင်း၊ အမျိုး သား မြေအသုံးချမှုစီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များရေးဆွဲသတ်မှတ်ခြင်းနှင့် မြေသတင်း အချက်အလက် စီမံခန့်ခွဲသည့်စနစ် တည်ထောင်ခြင်းတို့ ဖြစ်ပါကြောင်း။



အဆိုပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရာတွင်လည်း အမျိုးသားမြေအသုံးချ မှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်၊ အခြေခံမူများနှင့် အညီဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့မှ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုများကိုတင်ပြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ်ဆွေးနွေးကြရန်လိုအပ်ပါကြောင်း။



အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍများအ လိုက်၊ နေရာဒေသများအလိုက် ကျရာနေရာမှပါဝင်ပြီးကြိုးပမ်းထမ်းဆောင်ကြရန် ပြောကြား လိုပါကြောင်း။



အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေသယံဇာတများကိုစနစ်တကျ စီမံ အုပ်ချုပ် လုပ်ကိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အစဉ်အမြဲသုံးသပ်၍ အဆိုပါလုပ်ငန်းတာဝန်များအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက် ကြရမည့်လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။



ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီး စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။



ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။