(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၃၁

(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားကို အာဆီယံဂုဏ်ပြုသီချင်း (ASEAN Anthem) ဖြင့် သီဆိုဖွင့်လှစ် ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၁၀)ကြိမ်မြောက်အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခု အစည်းအဝေးများသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း။

အစည်းအဝေးများကို ကျင်းပရာတွင် ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့် အရာရှိ်ကြီးများအစည်းအဝေး ပုံစံ(၂)မျိုးဖြင့် ကျင်းပမည်ဖြစ်ပါကြောင်း၊ (၁၃) ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နေပြည်တော်ရှိ Park Royal Hotel တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ(၂၉)ရက်မှ (၃၀)ရက်အထိ ကျင်းပခဲ့ပြီး (၁၀)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့ နှင့် မနက်ဖြန် နိုဝင်ဘာ(၁)ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း။

ထိုသို့ကျင်းပရာတွင် သက်ဆိုင်ရာ အာဆီယံအဖွဲ့အစည်းများက မိမိတို့ ဆောင်ရွက်လျက် ရှိသည့် ပညာရေးလုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံဝန်ကြီးများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့၏ တင်ပြဆွေးနွေးမှုများအပေါ်မှာ အမြင်ချင်း ဖလှယ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြမည်ဟု သိရှိရပါကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးများတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးတို့ အပါအဝင် ပညာရေးနှင့် အပြန်အလှန် ဆက်စပ်လျက်ရှိသည့် ကိစ္စရပ်များပါဝင်သော ၂၀၁၆-၂၀၂၀ အာဆီယံပညာရေးလုပ်ငန်း အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးသွားကြမည်ဖြစ်သည့်အတွက် များစွာအကျိုးကျေးဇူးရရှိ မည်ဟု မျှော်လင့်ပါကြောင်း။

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ( ၁၁ ) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရန် လျာထားသည့် နေရာနှင့် နေ့ရက် များကို ဖိလစ်ပိုင်နိုင်ငံမှ ဒုတိယသဘာပတိက အသိပေးပြောကြားသွားမည်ဟု သိရှိရ ပါကြောင်း၊

၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားပညာရေး ဥပဒေသည် မူလတန်းပညာသင်ယူရမည့် အသက်အရွယ်ရှိသည့် ကလေးတိုင်း မူလတန်းပညာ သင်ယူ ပြီးမြောက်စေရန်နှင့် သင်ယူမှုအခွင့်အလမ်းရရှိရန် ခက်ခဲသည့် ကလေးငယ်များ အတွက် ပညာသင်ယူမှုအစီအစဉ်များ ရရှိစေရန်၊ နိုင်ငံသားအားလုံး အနည်းဆုံး မူလတန်း အဆင့် ပညာရေး ပြီးမြောက်စေရန်နှင့် ဆက်လက်ပညာသင်ယူရန် အခွင့်အလမ်းများရရှိစေရေး တို့ကို ဦးတည်ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့ပြင် အမျိုးသားပညာရေးဥပဒေသည် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ သမိုင်း နှင့်ယဉ်ကျေးမှုများ ဖွံြ႔ဖြိုးတိုးတက်စေရန်၊ သင့်တော်သည့်ဆရာ၊ ကျောင်းသားအချိုး ရရှိစေရန်၊ ဆရာများ စွမ်းဆောင်ရည်နှင့် ဘာသာရပ်ကျွမ်းကျင်မှု ရရှိစေရန်၊ လူတိုင်း ပညာ သင်ယူမှု အခွင့်အလမ်းရရှိစေရေးအတွက် ဖွံ့ဖြိုးမှုနည်းပါးသည့်နေရာဒေသများရှိ ကျောင်းများ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းပေးရန်တို့ကို အလေးပေး ဆောင်ရွက်ထားသည်ကို အသိပေး ပြောကြားလိုပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ရည်မှန်းချက် ပန်းတိုင်မှာ ကျောင်းအားလုံးနှင့် ပညာရေးအဖွဲ့အစည်းများတွင် သင်ကြားမှု သင်ယူမှု အရည်အသွေး၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့ သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံမှာ အရည်အသွေး ပြည့်မီသော ပညာရေးစနစ် ပေါ်ထွန်းလာစေရန် ဖြစ်ပါကြောင်း။

အရည်အသွေးပြည့်မီသော ပညာရေးစနစ်ပေါ်ထွန်းလာစေရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ကို နှစ်စဉ်နှစ်တိုင်း တိုးမြှင့်ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ဆရာအသစ်များခန့်ထားခြင်း၊ ကျောင်းအဆောက်အအုံအသစ်များ တည်ဆောက်ပေးခြင်း၊ သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ပိုမိုချီးမြှင့်ခြင်း၊ သုတေသနရန်ပုံငွေများ ပိုမိုပံ့ပိုးပေးခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လျက်ရှိ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်းနှင့် မိတ်ဖက် နိုင်ငံများရှိ ပညာရေးဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပညာရေးဝန်္ကြီးဌာနကို တိုက်တွန်းအားပေးလျက်ရှိပါကြောင်း။

ယခုအစည်းအဝေးများတွင် ၂၀၁၆-၂၀၂၀ အာဆီယံပညာရေးလုပ်ငန်းအစီအစဉ်ကို တက်ကြွစွာ ဝိုင်းဝန်းဆွေးနွေးပြီး၊ ဒေသတွင်းရှိ နိုင်ငံများအားလုံးအပေါ် လွှမ်းခြုံနိုင်မည့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မင်္ဂလာပါ အာဆီယံ၊ ထာဝရမြန်မာ သီချင်းများဖြင့် တင်ဆက်ဖျော်ဖြေ ကြပြီး ဒုတိယသမ္မတက တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်နှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အရှေ့အာရှနိုင်ငံများမှ အဆင့်မြင့်အရာရှိ်္ကြီးများ၊ နိုင်ငံအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အာဆီယံတက္ကသိုလ်များကွန်ရက်မှ အမှုဆောင်ညွှန်ကြားရေးမှူး၊ ဆီမီယို ညွှန်ကြားရေးမှူး၊ အာဆီယံမိတ်ဖက် နိုင်ငံများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် အစည်းအဝေးများကို အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ သည်။

(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေး ကို ယနေ့ ကျင်းပခဲ့ပြီး ယင်း၏ဆက်စပ်အစည်းအဝေးများ ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံ များနှင့် မိတ်ဖက်သုံးနိုင်ငံအစည်းအဝေး နှင့် အရှေ့အာရှ မိတ်ဖက်နိုင်ငံများ အစည်းအဝေး တို့ကို နိုဝင်ဘာလ(၁)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။