ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်သော စိုက်ပျိုးမြေများအား မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

သပိတ်ကျင်း အောက်တိုဘာ ၃၀

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နယ်ခန်းမ၌ ကျင်းပသည့် သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်သော စိုက်ပျိုးမြေများအား မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယသမ္မတက ယနေ့အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန အမှတ်(၁၁၆) ခြေမြန်တပ်ရင်းက ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ (၁၈၅၀)ဧကအနက် အမှန်စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ (၄၈၆ ဒသမ ၆၁)ဧက ကို တောင်သူ(၄၃)ဦးထံသို့ လည်းကောင်း၊ အမှတ်(၁၁၉) ခြေမြန်တပ်ရင်းက ပြန်လည် စွန့်လွှတ်သည့် မြေဧရိယာဧက(၂၅၀)အနက် အမှန်စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ (၂၀၇ ဒသမ ၄၅) ဧကကို တောင်သူ (၃၀)ဦးထံသို့ လည်းကောင်း၊ အမှတ်(၄) ခြေလျင် တပ်ရင်းက ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာဧက(၄၉၀)အနက် အမှန်စိုက်ပျိုးလုပ်ကိုင် နိုင်မည့်မြေဧရိယာ (၄၁၃ ဒသမ ၅၃) ဧကကို တောင်သူ(၅၁)ဦးထံသို့ လည်းကောင်း၊ စုစုပေါင်းတောင်သူ (၁၂၄) ဦး လက်ဝယ်သို့ လယ်ယာမြေဧရိယာ (၁၁၀၇ ဒသမ ၅၉) ဧကကို ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)များ လွှဲပြောင်းပေးအပ်မည့် အခမ်းအနား ဖြစ်ပါကြောင်း။

လယ်သမားများအတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေသည် မိမိတို့ စိုက်ပျိုးရေးနိုင်ငံအတွက် ဖွံ့ဖြိုးရေးအင်အားစုကြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်သမား များ၏ ဘဝမျှော်လင့်ချက်နှင့်ရပ်တည်မှုဖြစ်သည့် လယ်ယာမြေများ ပြန်လည် လွှဲပြောင်း ပေးနိုင်ရန် အစိုးရအနေဖြင့် အထူးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အလေးထား ဆောင်ရွက်နေပါကြောင်း။

မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုံခြုံရေး ကောင်းမွန်စေရန်အတွက် မြို့ပြတိုးချဲ့တည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများ၊ လမ်း၊ တံတားများ တည်ဆောက်ခြင်း၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကို စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်များ ချထားပေးခြင်း၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ရာတွင် တောင်သူများ၏ လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသည့်အတွက် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ထိုသို့ ဆုံးရှုံးနစ်နာမှုများကို အတတ်နိုင်ဆုံး ကုစားပေးနိုင်ရန်အတွက် စီမံကိန်းများ မအောင်မြင်၍ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သည့် မြေများ၊ လက်ရှိတွင် နိုင်ငံတော် အကျိုး၊ ပြည်သူလူထုအကျိုး အသုံးပြုမှုမရှိသည့်မြေများ၊ လိုအပ်သည်ထက် ပိုမိုသိမ်းဆည်း ထားသည့်မြေများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအား ပြန်လည်စွန့်လွှတ်စေပြီး မူလတောင်သူများလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေးအတွက် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပြီး မူဝါဒလုပ်ငန်းစဉ် (၅၂)ရပ် ချမှတ်ကာ စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထိုသို့ ပြန်လည်ရရှိလာသည့် လယ်ယာမြေများကို အသုံးချဆောင်ရွက်ရာတွင် ယခင်က ကျင့်သုံးခဲ့သည့် ပုံစံဟောင်းများ၊ ဓလေ့ထုံးစံဟောင်းများ၊ စိုက်နည်း ပျိုးနည်းဟောင်းများ အစား ပုံစံသစ်ဖြစ်သည့် ရေသွင်းစိုက်ပျိုးခြင်း၊ Green House များဖြင့် စိုက်ပျိုးခြင်း၊ အစေ့ချစိုက်ပျိုးခြင်း စသည့် ခေတ်မီနည်းစနစ်များဖြင့် ပြုပြင်ပြောင်းလဲ စိုက်ပျိုး သွားနိုင်ပါက သေချာပေါက် အပျက်အစီးနည်းပြီး အကျိုးအမြတ် ရရှိစေမည် ဖြစ်ပါကြောင်း၊ သစ်ပင်များ၊ သစ်တောများ အလွန်အကျွံ ခုတ်လှဲထုတ်ယူမှုများကြောင့် သဘာဝ ရာသီဥတု ပြောင်းလဲလာမှုဖြစ်စဉ်များဖြစ်လာပြီး စိုက်ခင်းများနှင့် လူနေထိုင်မှု တို့အပေါ် သက်ရောက်မှုဖြစ်ပေါ်လာနေသည့် အချက်ကိုလည်း သတိပြုဆောင်ရွက်စေ လိုပါကြောင်း။

ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီးအတွင်း (၇)ကြိမ်မြောက် ကျင်းပသည့် ပြန်လည် စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူများထံသို့ ပြန်လည်ပေးအပ်နိုင်ရေး အတွက် ဆောင်ရွက်ပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအားလုံးကို နိုင်ငံတော်ကိုယ်စား၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် မိမိတို့ ပြန်လည်ရရှိလာသည့် မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် စနစ်တကျ ခေတ်မီနည်းစနစ် များ အသုံးပြုခြင်းဖြင့် မိမိတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံမက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာအောင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးအတွင်း အသုံးမပြုသည့် သိမ်းဆည်း မြေများအား ဥပဒေနှင့်အညီ အမြန်ဆုံးပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သပိတ်ကျင်းမြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များက ပြန်လည်စွန့်လွှတ် မြေများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ဒုတိယဗိုလ်မှူးကြီးအောင်မင်းမင်းက ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည်ထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်တို့က ဖုန်ကုန်းကျေးရွာ၊ စမ္ပါယ်နဂိုရ်ကျေးရွာ၊ မိုင်းဒိုင်း ကျေးရွာတို့မှ မူလတောင်သူကိုယ်စားလှယ်များထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များကို ပေးအပ်သည်။

ထို့နောက် မြေယာလုပ်ကိုင်ခွင့် ပြန်လည်ရရှိကြသည့် မူလတောင်သူများကိုယ်စား တောင်သူ ဦးချစ်ကိုက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် ဒေသခံတောင်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယနေ့အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များက ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ဧက ၂၅၉၀ အနက်မှ ၁၁၀၇ ဒသမ ၅၉ ဧကကို လက်ရှိ စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည်စွန့်လွှတ်မြေ စုစုပေါင်း ၁၆၄၁၈ ဧကရှိပြီး ယင်းအနက်မှ စုစုပေါင်းမြေ ၆၆၈၈ ဧကကို မူလပိုင်ရှင် တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။