နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ရွှေသောင်ယံတံတား(မကျီးချောင်း)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးကျော်လင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ရွှေသောင်ယံမြို့၌ ကျင်းပသည့် ရွှေသောင်ယံတံတား (မကျီးချောင်း)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။



အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ ယခုလမ်း၊ ယခုခရီးကြမ်းတွင် မိမိအနေဖြင့် ဆိုင်ကယ် တစ်တန်၊ ကားတစ်တန်၊ စက်လှေတစ်တန်၊ ဇက်အသွားအပြန်ဖြင့် ယခုဒေသ၊ ယခုအရပ်တွင် ခြေရာချင်းထပ်ခဲ့ရပါကြောင်း၊ ထိုစဉ်ကတည်းက မိမိအား လှိုက်လှဲစွာ ကြိုဆိုကြပြီး ဧည့်ခံကျွေးမွေးကြသည့် မိဘပြည်သူများ၊ အားပေးထောက်ခံကြသည့် မဲဆန္ဒရှင်များ၊ မညည်းမညူ ရိုင်းပင်း ကူညီကြသူများအားလုံး၏ ကျေးဇူးကို မိမိ နှလုံးသားတွင် ကမ္ဗည်းတင်ထားပါကြောင်း၊ ယခုမြို့နယ်၊ ယခုဒေသရှိ မိတ်ဆွေသင်္ဂဟများ အားလုံးကို သတိရလျက်ရှိပါသည်ဟု အခွင့်အခါကြုံခိုက် ပြောကြားလိုပါကြောင်း၊ ယခုအချိန်တွင် ဒေသခံများ နှစ်ပေါင်းများစွာ လိုလား တောင့်တခဲ့သည့် ရွှေသောင်ယံတံတားကို ဖြည့်ဆည်းခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖွင့်လှစ်နိုင်သည့်အတွက် အတိုင်းမသိ အထူးဝမ်းသာ ကြည်နူးရပါကြောင်း။

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးခဲ့သည့် မိမိတို့အစိုးရအဖွဲ့ သက်တမ်းမှာ အခုဆိုလျှင် နှစ်နှစ်ခွဲကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း နိုင်ငံတော်ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါကြောင်း၊ ပြည်ထောင်စုကြီးအတွင်းတွင်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက် ရှိကြပါကြောင်း။



မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများနှင့် စုစည်းညီညွတ်စွာ စုပေါင်းနေထိုင်ကြ သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖြစ်ပါကြောင်း၊ ရှေးပဝေသဏီ ကတည်းကစပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် လက်တွဲနေထိုင်လျက်ရှိကြပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အဆင့်အတန်း မြင့်မားစေရန် အခြေခံအဆောက်အအုံဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းများ၊ တံတားများ ကောင်းမွန်ပြီး ဆက်သွယ်မှု အဆင်ပြေချောမွေ့မှသာ ပြည်သူများအကြား ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေမည် ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း။



ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ စပါးကျီသာမက၊ ရေထွက်ကုန်ပစ္စည်းများ အဓိက ဖြည့်တင်းပေးနေသည့် တိုင်းဒေသ ကြီးလည်း ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ယခင်က ရေလမ်း ခရီးကိုသာ အဓိကထား အားကိုးခဲ့ကြရသော်လည်း ဒီနေ့ဒီအချိန်တွင် တိုင်းဒေသကြီး၏ ဒေသအသီးသီးကို ကုန်းလမ်းခရီးဖြင့် အချိန်တိုအတွင်း လွယ်လင့်တကူ သွားလာနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ပေါကြွယ်ဝသည့် သဘာဝသယံဇာတများ၊ မပျက်စီးသေးသည့် သာယာလှပသော ပင်လယ်ကမ်းရိုးတန်းနှင့် အပန်းဖြေကမ်းခြေများကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရွှေသောင်ယံတံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ဒေသခံပြည်သူများအတွက် အလွန်အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း။



ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးလာသည်နှင့် ယခုဒေသ၏ လူမှုစီးပွားဘဝလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ သားစဉ်မြေးဆက် စားဝတ်နေရေးအတွက် အသုံးပြုရမည့် ယခုသဘာဝ ပတ်ဝန်းကျင် မပျက်စီးရအောင် ထိန်းသိမ်းရမည်ဖြစ်ပြီး သဘာဝသယံဇာတများ မဆုံးရှုံးရအောင် ကာကွယ်ရမည်ဖြစ်ပါကြောင်း။



မိမိတို့၏ ခဏတာ ဝမ်းစာအတွက် မကြည့်ဘဲ အားလုံးခံစားကြရမည့် တစ်သက်တာ ရေရှည်အကျိုးစီးပွားကို ဂရုစိုက်စေလိုပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များကို ဒေသခံပြည်သူ လူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များက လေးစားလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကမ်းခြေဒေသ ရေရှည်တည်တံ့ ခိုင်မြဲမည် ဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း ဒေသခံများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း သတိပေးဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာများ စိုက်ထူ ထားရန်လိုအပ်ပါကြောင်း။



မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် နှစ် နှစ်ကျော်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လမ်း၊ တံတားများကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ လက်ကျန် သက်တမ်းအတွင်းမှာလည်း ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်း ပေါင်း (၄၀၀) ကျော် ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထားပါကြောင်း၊ ပြည်သူလူထု စိတ်လုံခြုံမှု၊ ဘဝလုံခြုံမှု ရှိစေရန် လမ်းများနှင့် တံတားများကိုလည်း ဆောက်လုပ် ရေးဝန်ကြီးဌာနက ကြည့်ရှုစစ်ဆေးပြီး ကြိုတင် ပြုပြင်အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း၊ ကျေးလက်ဒေသနေ ပြည်သူအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် ကျေးလက်လမ်းများကို ရာသီမရွေး အသုံးပြုနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဖောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း။



ယခုကဲ့သို့ လမ်းတံတားတည်ဆောက်ရေးများ၊ စီမံကိန်းလုပ်ငန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေးအတွက် ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန် လိုပါကြောင်း၊ ထို့အပြင် စီမံကိန်းများကို လက်သင့်ရာ လုပ်ငန်းအပ်နှံခြင်းမျိုးများ မရှိရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက တိတိကျကျ လိုက်နာမှုရှိကြရန် သတိပေးလိုပါကြောင်း၊ စီမံကိန်းများ ဆောင်ရွက်သည့်နေရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချဝေပုံကျ ခွဲယူကြပြီး ပြည်သူများအတွက် ထိထိရောက်ရောက် မရှိတော့သည့် ဘဏ္ဍာငွေဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရ အနေဖြင့် တရားဥပဒေ စိုးမိုးရေးအရ ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဆိုသည်ကို အလေးထားပြီး ပြောကြားလိုပါကြောင်း။



လမ်းများ၊ တံတားများအပါအဝင် အခြေခံအဆောက်အဦများ၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း အရည်အသွေးစိစစ်ထိန်းသိမ်းရေး Quality Control ကို မဖြစ်မနေ ဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ် ထားသည့် ခံနိုင်ဝန်၊ သတ်မှတ်ထားသည့် အချိန်ကာလ၊ မမျှော်လင့်ဘဲကြုံတွေ့ရ တတ်သည့် အခြေအနေများမှလွဲ၍ မဖြစ်သင့် မဖြစ်ထိုက်သည့် ယိုယွင်း ပျက်စီး တာမျိုးများ ဖြစ်ပေါ်လာပြီး ပြည်သူများ ဒုက္ခတွေ့ကြုံလာလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်ကို အတိအလင်း ပြောကြား လိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေနှင့် ကျခံသုံးစွဲရသည့် ယခုလိုအခြေခံ အဆောက် အအုံများ ရေရှည်တည်တံ့နိုင်အောင် ပြည်သူများဘက်ကလည်း ကြည့်ရှုစောင့်ရှောက် ပေးကြရန်၊ ကြပ်မတ် ထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုပါကြောင်း။



မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်းအများစု မှီခို အားထားနေရသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးပိုင်းတွင် နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်း ပေးနေပြီး လယ်ယာကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေများကိုလည်း ခေတ်ကာလ အခြေ အနေနှင့် လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်း ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍ ခိုင်မာ အားကောင်းရန်၊ တောင်သူလယ်သမားများ မိမိတို့ စိုက်ပျိုးလုပ်ကိုင်ရ သလောက် အကျိုးရှိစေရန်၊ မိမိတို့စီမံလုပ်ကိုင်နေသည့် မြေယာကို သားစဉ်မြေးဆက် ခိုင်ခိုင်မာမာ လုပ်ကိုင်ခွင့် ရစေရန်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ တို့ကိုလည်း လက်ရှိ ပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြဋ္ဌာန်းဆောင်ရွက်လျက် ရှိပါကြောင်း။



မိမိတို့ အစိုးရအနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည် စွန့်လွှတ် ပေးခဲ့ရာမှာ စုစုပေါင်းစွန့်လွှတ်မြေ ၆၃၄၁၇ ဧက ရှိခဲ့ပါပြီဖြစ်ပါကြောင်း၊ တောင်သူများ လက်ဝယ်ကို ၁၃၀၉၁ ဧက လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို ၅၀၃၂၆ ဧက လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသည့် သိမ်းဆည်းခံ လယ်ယာမြေများကို သက်ဆိုင်သည့် တောင်သူများ လက်ထဲ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန်လည်း စိစစ်မှုများ ဆောင်ရွက်နေကြ ပါကြောင်း။



သိမ်းဆည်းခံမြေများကို သက်ဆိုင်ရာကော်မတီအသီးသီးက ပြန်လည်စိစစ်ရာတွင် အဆင်ပြေ ချောမွေ့မှုမရှိစေရန် အဟန့်အတား ဖြစ်စေသည့်၊ စွန့်လွှတ်ပြီး မြေများအား ပြန်လည်အပ်နှံပေးရန် နှောင့်နှေးစေသည့် စွန့်လွှတ်ပြီး မြေများကို အပ်နှံပြီးသော်လည်း ယာယီလွှဲပြောင်းပေးရန် အခက်အခဲဖြစ်ပေါ်နေသည့်၊ အသုံးချပိုင်ခွင့် အမည်ပေါက် ရရှိစေရန် အကျပ်အတည်းဖြစ်စေသည့် သက်ဆိုင်ရာဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူသွားမည်ကို ထပ်မံသတိပေးလိုပါကြောင်း၊ လျော်ကြေး၊ နစ်နာကြေးများ ပေးရန်ရှိပါကလည်း ကာလဒေသ အခြေအနေအရ မှန်မှန်ကန်ကန် တရားမျှတစွာ သတ်မှတ်ကြရမည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးက မဖြစ်နိုင်သည်များကို ရပ်ခံမနေကြဘဲ ကိုယ်ချင်းစာတရားဖြင့် သူမနာ၊ ကိုယ်မနာ လက်ခံကြရန် လိုအပ်ပါကြောင်း၊ တရားမျှတခြင်းသည် လူတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်ပါကြောင်း၊ တရားမျှတမှုကို လက်ခံကျင့်သုံးရေးသည် လူမှုအဖွဲ့အစည်း ခိုင်မာရေးဖြစ်သလို ဒီမိုကရေစီ တည်ဆောက်ရေးလည်း ဖြစ်ပါကြောင်း။



ယနေ့အချိန်အခါတွင် ခေတ်ဟောင်းစနစ်ဟောင်းမှသည် ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ခေတ်ပြောင်းစနစ်ပြောင်း ကာလဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၏ အစပင် ရှိသေးပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ မရောက်သေးပါကြောင်း၊ ယခုပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများ နှင့် ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအမြင်များ၊ ပုံသေကားချပ် အလေ့အထများ အားလုံးကို ပြုပြင်ပြောင်းလဲ ပေးကြရန် အထူးလိုအပ်လှပါကြောင်း။

ထို့ကြောင့် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း များကို ကြပ်မတ်မှုများ ဆောင်ရွက်နေပါကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်နိုင်ရန် တရားရေးမဏ္ဍိုင် တာဝန်ရှိသူများကကြိုးပမ်းနေပါကြောင်း၊ အဂတိလိုက်စားမှုကို အရှိန် အဟုန်နှင့် တိုက်ဖျက်နေပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင် ကာကွယ်ပေးနေပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနေပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ ငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စနစ်တကျ စီမံခန့်ခွဲနေပါကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေးများ ရရှိရေးကို ဥပဒေနှင့်အညီ အလေးပေးပြီး ဆောင်ရွက်နေပါကြောင်း။



ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ထမ်း များအနေဖြင့် လိုက်နာရမည့်ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည် ဖြစ်ပြီး ပြည်သူများကလည်း တည်ဆဲဥပဒေများကိုလိုက်နာပြီး ကူညီပံ့ပိုးပေးကြရန် လိုအပ်ပါ ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍကို တာဝန်ယူထားသူများကလည်း ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရား ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန်၊ ဥပဒေ နှင့်အညီ တရားနည်းလမ်းတကျ မျှမျှတတအုပ်ချုပ်ရန်၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ နိုင်ငံသူနိုင်ငံသားများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေရန် အထူးလိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲရာတွင် တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးများကို ပြည်သူများက ကိုးစားယုံကြည် ရသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာစေရန် ပြည်သူ့အားကို ရယူပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။



ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် မိမိတို့ သားစဉ်မြေးဆက်များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုအတွက် ဖြစ်သည်ကို နားလည်သဘောပေါက်ကြပြီး နိုင်ငံတော်အစိုးရ နှင့်အတူ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူများက ဟန်ချက်ညီစွာ လိုက်ပါဆောင်ရွက်ကြမှသာ လိုရာခရီးရောက်မည်ဆိုသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်ကို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် မိမိတို့ အားလုံး၏ ပုံသေကားချပ် အတွေးအခေါ် အယူအဆ၊ အလေ့အထများကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိမှုအပေါ်အများကြီး မူတည်နေသည်ကို အလေးအနက် သတိ ထားကြစေလိုပါကြောင်း။



ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူကို လေးစားစွာ အလုပ် အကျွေးပြုရန်နှင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့် အစိုးရဖြစ်လာစေရန် ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင်က ပြုပြင်ပြောင်း လဲနိုင်မှု၊ ယုံကြည်မှု အပြည့်အဝဖြင့် လိုက်ပါဖော်ဆောင်ပေးကြရန် လေးလေးနက်နက် တိုက်တွန်းပြောကြားလိုပါကြောင်း။



နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီးအဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးစေရန် ၊ သက်ဆိုင်ရာ ဒေသ ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး အလေးအနက်ထား ရင်းနှီးမြှုပ်နှံ ပေးခဲ့သည့် လမ်း၊ တံတား အပါအဝင် အခြေခံအဆောက်အအုံများ ရေရှည် တည်တံ့အောင် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြ စေလိုကြောင်း၊ အဂတိကင်းသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ပေးကြပါ၊ တရား မျှတသည့် လူ့အဖွဲ့အစည်းကို ဖန်တီးပေးကြစေလိုကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် ကာကွယ်ပေးကြစေလိုကြောင်း၊ သယံဇာတများ ရေရှည် တည်တံ့စေရန် စီမံအုပ်ချုပ်ပေးကြစေလိုကြောင်း၊ နိုင်ငံအဆင့် အပန်းဖြေ ကမ်းခြေများ ဖြစ်လာအောင် ကြိုးစားပေးကြစေလိုကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ် အရင်းခံပြီး ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက်ပေးကြပါရန် အလေး အနက်ထား ပြောကြားလိုကြောင်း ပြောကြားသည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတားတည်ဆောက်ရခြင်း၊ အစိုးရသစ် လက်ထက် လမ်း၊ တံတားများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်နေမှုနှင့် ဆက်လက်တည်ဆောက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။



ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းကွန်ရက်များကောင်းမွန်ရေးအတွက် လမ်း၊ တံတားများ ပြုပြင် တည်ဆောက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ယင်းနောက် ဒေသခံတစ်ဦးက တံတားတည်ဆောက်ပေးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ တံတားအထူးအဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် ဒေသခံပြည်သူတစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။



ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တံတားဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။



ထို့နောက် နိုင်ငံတော်သမ္မတက တံတားကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။



ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားပေါ်မှ ဖြတ်သန်း ကြည့်ရှုကြသည်။



ယနေ့ဖွင့်လှစ်သည့် ရွှေသောင်ယံတံတား(မကျီးချောင်း)သည် ရွှေသောင်ယံ-ချောင်းသာကို အလွယ်တကူသွားလာနိုင်ပြီး အရှည်(၈၂၇)ပေရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။ ယခုတံတားတည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေတစ်လျှောက် သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။



ထို့နောက် နိုင်ငံတော်သမ္မတသည် ပုသိမ်မြို့ ရွှေတောင်ကျောင်းတိုက်ဆရာတော် နှင့် မင်္ဂလာစံကျောင်းတိုက် ဆရာတော်တို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။



ယင်းနောက် နိုင်ငံတော်သမ္မတသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ခုတင် (၅၀၀) (၉) ထပ် တိုးချဲ့ လူနာဆောင် တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ဆေးရုံတည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုပမာဏ၊ လုပ်ငန်းအပ်နှံခဲ့မှု အဆင့်ဆင့်နှင့်ဆေးရုံအတွက် ဆောင်ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။



တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတက ယခုဆေးရုံ(၉)ထပ်ဆောင် တည်ဆောက်မှုနှင့် စပ်လျဉ်း၍ ဥပဒေ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားပြီး တည်ဆောက်ဆဲ (၉)ထပ်ဆောင်ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။



ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပုသိမ်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုနေကြသည့် လူနာများကို ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေ များကို ပေးအပ်သည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပုသိမ်မြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။