နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံ

Printer-friendly versionSend by email

 

နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ တိုင်းဒေသကြီး)နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လမ်းညွှန် အမှာစကား ပြောကြား သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသ ကြီးသို့လာရောက်ရသည့် ရည်ရွယ်ချက်ကို ပထမဦးစွာ ရှင်းလင်းတင်ပြလိုပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ် တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါကြောင်း၊ ယင်းမိန့်ခွန်း၏ အနှစ်သာရကို ပြန်လည်ပြောကြားရပါက ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန် အထူးလိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ် ရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ရမည်ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရ ခြင်းများကို ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမည်ဖြစ် ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ လေ့လွင့်ဆုံးရူံးမှုမရှိစေရန် စီမံခန့်ခွဲရမည်ဖြစ်ပါ ကြောင်း၊ ဥပဒေမဲ့သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နှင့် နစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း စသည် တို့ကို ပြောကြားခဲ့ပါကြောင်း။

မိမိတို့နိုင်ငံတွင် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ပြုပြင် ပြောင်းလဲနိုင်ရန် တက်ညီလက်ညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး သည် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးတောင့်တနေသည့် ဆန္ဒဖြစ်ပါကြောင်း၊ ယင်းဆန္ဒ ကို အကောင်အထည်ဖော်ရန်မှာ အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု တွင် တချို့ကတွန့်ဆုတ်နေမှု၊ စိုးရိမ်နေမှု၊ ဝန်လေးနေမှုများရှိနိုင်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင် လိုက်ပါနိုင်ခြင်းမရှိပါက မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ မလွှဲမသွေဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လောကနိယာမတရားအရ အမြဲမှန်ကန်နေသည့်တရားမှာ ပြောင်းလဲခြင်းတရားပင် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်ပါ ကြောင်း၊ မိတ်ကောင်းဆွေကောင်းသာဖြစ်ပါကြောင်း၊

ပြုပြင်ပြောင်းလဲမှုသည် အတင်းအကြပ်တိုက်တွန်းနေရမည့် ကိစ္စမဟုတ်ဘဲ မဖြစ်မနေလုပ်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင်လည်း အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်ပြည်ထောင်စုကြီး တည်ထောင်ရန်မူဝါဒများ ချခဲ့ပါကြောင်း၊ မူဝါဒချမှတ်ရာတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက် ရန် ပန်းတိုင်ရှိပါကြောင်း၊ မိမိတို့တွင်ယုံကြည်ချက် ခိုင်မာသည့်ရပ်တည်ချက်လည်းရှိပါ ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်ပတ်သက်ပြီးလည်း မူဝါဒများချ မှတ်ထားပါကြောင်း။

အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးမျှတမှုရှိအောင် စီမံရန်ဖြစ်ပါကြောင်း၊ ထို့အတူအခွင့်အလမ်းညီမျှမှု၊ အဆင့် အတန်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုရှိအောင် စီမံပါကြောင်း၊ ထိုသို့စီမံဆောင် ရွက်ထားသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နိုင်ရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရက အခါအားလျော်စွာပေးအပ်သည့် တာဝန်များကိုကျေပွန်ရန် လိုအပ်ပါကြောင်း။

ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများအား ညွှန်ကြား ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ထိန်းကျောင်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်ရန် တာဝန်ရှိပါ ကြောင်း၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးမှုကိုအထောက်အကူ ပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအား ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေလိုပါကြောင်း၊ ပြည်သူကိုဝန်ဆောင်မှုပေးသည့် စီမံခန့်ခွဲမှု မျိုး ဖြစ်စေလိုပါကြောင်း၊ တရားမျှတ၍ ဘက်လိုက်မှုကင်းသည့် အုပ်ချုပ်ရေးဖြစ်စေ လိုပါကြောင်း၊ တရားမျှတခြင်းသည် ဒီမိုကရေစီခိုင်မာရေးဖြစ်ပါကြောင်း၊ တရားမျှတ ခြင်းသည် လူ့အဖွဲ့အစည်းခိုင်မြဲရေးဖြစ်ပါကြောင်း၊

တရားစီရင်ရေးအပိုင်းအနေဖြင့် ဥပဒေများနှင့်အညီဆောင်ရွက်စေလိုပါကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို လိုက်နာပြီး ဘက်လိုက်မှုကင်း သည့် တရားစီရင်ရေးဖြစ်စေလိုပါကြောင်း၊ ဥပဒေအရာတွင် အားလုံးအညီအမျှဖြစ်စေ လိုပါကြောင်း၊ တရားစီရင်ရာတွင်လည်း လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိသူများ၏ ဝင်ရောက် စွက်ဖက်မှုကင်းရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး တရားသူကြီးများ အနေဖြင့် ရဲစခန်းအချုပ်များ၊ တရားရုံးအချုပ်များ၊ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများ သို့ သွားရောက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိစေရေး စစ်ဆေးရန်နှင့် အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုး တ်ိုးတက်ရေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး တည်တံ့ခိုင်မြဲရန် ဦးတည်ပါကြောင်း။

ဝန်ထမ်းများသည်နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှကျခံသုံးစွဲသည့်လစာ၊ စရိတ်ငွေနှင့်အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါဝန်ထမ်းများတွင် အခွင့် အရေးနှင့်ဒွန်တွဲ၍ တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေးကိုမှန်ကန်စွာသုံးစွဲပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ပါကြောင်း၊

မိမိတို့အားလုံးသည် သမိုင်းပေးအခြေအနေအရ မိမိပခုံးပေါ်သို့ ကျရောက်လာ သည့် တာဝန်များကို မိမိဖြတ်သန်းသည့် ကာလတစ်ခုတွင် မိမိတို့လုပ်ဆောင်ချက်များ ကို နောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့်အတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းထွန်းက တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တရားစီရင်ရေးကဏ္ဍအနေဖြင့် အမှုများကို မှန်မှန်နှင့်မြန်မြန် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံး သို့လာရောက်ကြသူများအားလုံးမှာ အညီအမျှဖြစ်ရန်လိုကြောင်း၊ တရားသူကြီးများ အနေဖြင့် မှန်အောင်၊ မြန်အောင်တရားစီရင်ရုံသာမက ရဲအချုပ်၊ အကျဉ်းစခန်း၊ ထောင်များတွင် လူအခွင့်အရေး စံချိန်စံညွှန်းများနှင့် ညီ၊မညီကို လိုက်လံကြည့်ရှုရမည် ဖြစ်ပါကြောင်း၊ လူအခွင့်အရေးသည် တစ်ဦးတစ်ယောက်ကစေတနာသဒ္ဒါရှိ၍ ပေးသည့် အရာမဟုတ်ပါကြောင်း၊ လူတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်ပါကြောင်း၊ ခိုင်လုံသည့် အထောက်အထားမရှိသူများအား ပြစ်ဒဏ်မခံစားစေလိုပါကြောင်း၊ သက်သေခံပစ္စည်း များကို စနစ်တကျစိစစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ရရှိရေးအတွက် ဆောင်ရွက်ကြ ရန်လိုကြောင်း။

ဥပဒေပြုရေးကဏ္ဍအနေဖြင့် မေးခွန်း၊ အဆိုများပေးပို့ရာတွင် တိုင်းဒေသကြီး လွှတ်တော် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ဖြစ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေ သကြီးအစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်မှသာ လွှတ်တော်တွင်ကတိကဝတ်ပေးစေ လိုကြောင်း၊ တင်ပြစာ၊ တိုင်ကြားစာ၊ အသနားခံစာများကို လွှတ်တော်ရေးရာကော်မတီ အလိုက် စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံကိုလည်း အမြန်ဆုံးတည်ဆောက်ကြစေ လိုကြောင်း။

အုပ်ချုပ်ရေးကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်ထောင်စုသို့ လစဉ် တင်ပြသည့်အစီအရင်ခံစာတွင် ကဏ္ဍအလိုက်တင်ပြကြစေလိုကြောင်း၊ အင်းလေလံ ကိစ္စများတွင် မသက်ဆိုင်သည့်နေရာများ မပါဝင်ရန်သက်ဆိုင်ရာက ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကျန်ရှိနေသည့် ကျေးရွာများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေနှင့်အညီ အမြန်ဆုံးရွေးချယ်ကြစေလိုကြောင်း၊ အရပ်ရပ်ဆိုင်ရာ လေလံတင်ရာတွင် ဝင်ငွေရရှိမှုမှာ ယခင်နှစ်ထက် ထက်ဝက်လျော့နည်းခဲ့သည့်အတွက် ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလို ကြောင်း၊ တာဝန်ရှိသူ အားလုံးက နိုင်ငံတော်နှင့်ပြည်သူအတွက် ကျရာအခန်းကဏ္ဍတွင် အကောင်းဆုံး တာဝန်ထမ်းဆောင်ကြစေလိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ပုသိမ်-ချောင်းသာ-ရွှေသောင်ယံ လမ်းအခြေအနေအား မော်တော်ယာဉ်ဖြင့် လိုက်လံ ကြည့်ရှုပြီး ရွှေသောင်ယံ၌ ညအိပ် ရပ်နားသည်။