ဒုတိယသမ္မတ ဦးမြင့်ဆွေ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။



ဒုတိယသမ္မတက ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးတွင် အောင်မြင်စွာကျင်းပနိုင် ရေးအတွက်“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ” တို့ကို နိုင်ငံတော်သမ္မတ ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၁၈ ဖြင့် ၂၁-၉-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းတာဝန် ၄ ရပ် ချမှတ်ကာ ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို စနစ်တကျ တာဝန် ခွဲဝေပြီး အောင်မြင်စွာစီမံ ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ထပ်မံ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။



ကထိန်သင်္ကန်း အလှူသည် ဘုရားရှင်က ဝိနည်းသိက္ခာပုဒ်နှင့် ဆက်စပ်ခွင့်ပြုထား သည့် သံဃိကအလှူဖြစ်သလို ကထိန်ကာလကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခွင့်ပြုထားသည်ကို မှတ်သားသိရှိရပါကြောင်း၊ ထို့ကြောင့် ကထိန်သင်္ကန်း အလှူသည် “တစ်နှစ်မှာတစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာလည်းတစ်ကြိမ်” သာ လှူဒါန်းခွင့်ရသည့် ကာလဒါန အလှူတော်ဖြစ်သည့်အတွက် မွန်မြတ်သည့် အလှူတော်ဖြစ်ပါကြောင်း။



ယခုကဲ့သို့ ထူးခြားသည့် ကထိန်အလှူပွဲကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကကြီးမှူးပြီး ၂၀၁၂ ခုနှစ်ကစပြီး ကျင်းပခဲ့ရာမှာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက် ကျင်းပ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ သီတင်းမကျွတ်မီဝါတွင်းကာလမှာပင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကတာဝန်ယူပြီး ကထိန်ဆိုင်ရာဝိနည်းတရားတော်နှင့် ညီညွတ်သော ကျောင်းတိုက်များကို ညှိနှိုင်းရွေးချယ်သတ်မှတ်ကာ သက်ဆိုင်ရာကျောင်းတိုက် ဆရာတော် များကိုလည်း လျှောက်ထားပြီးဖြစ်သည်ကို သိရှိရပါကြောင်း။



ယခုပြုလုပ်သည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် စနစ်တကျ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအားလုံးက ဝိုင်းဝန်းညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျင်းပပြုလုပ်နေသည့် အခမ်းအနားဖြစ်သည့်အတွက် သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယခင်နှစ်များက အတွေ့အကြုံများကို အခြေခံ၍ တစ်နှစ် ထက်တစ်နှစ် အကောင်းဆုံးဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ သက်ဆိုင်ရာကော်မတီများအနေဖြင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော် မူကြမည့် ဆရာတော်ကြီးများကို ကြိုဆိုပင့်ဆောင်ရေးနှင့် သွားလာမှုအဆင်ပြေစေ ရေးအတွက် လိုအပ်သည်များကို သေချာစွာ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ရန်၊ တည်းခို နေထိုင်မည့် ကျောင်းဆောင်များတွင် ရေ၊ မီး၊ သန့်ရှင်းမှု ကောင်းမွန်ရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်၊ ဆွမ်းနှင့် ဟင်းလျာများချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် စစ်ဆေးဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် အတွက် ဆေးခန်းများဖွင့်လှစ် ပေးနိုင်ရေးနှင့် Medical Check up ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊



အခမ်းအနားကျင်းပပြုလုပ်မည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း အခမ်းအနား ပြင်ဆင်မှုကို ထည်ဝါစွာဆောင်ရွက်သွားရန်၊ ကထိန်ပဒေသာပင်များကိုလည်း လှပ တင့်တယ်အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ ပဒေသာပင်များကို သတ်မှတ်နေရာများသို့ အချိန်မီရောက်ရှိရေးနှင့် အခမ်းအနားပြီး၍ ကျောင်းတိုက်များသို့ ပို့ဆောင်ရာမှာလည်း စနစ် တကျရှိစေရေး ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။



ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးမှာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြပေးကြရန်နှင့် လိုအပ်သည့် အကြံပြုချက်များရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။



ထို့နောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုများ၊ သံဃာတော်များပင့်ဆောင်မည့် အစီအစဉ်၊ ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်မည့် အစီအစဉ်နှင့် အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စ ရပ်များ၊ လှူဖွယ်ပစ္စည်းပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များ ကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးကလည်းကောင်း၊ ဆွမ်းဆက်ကပ် ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များနှင့် သံဃာတော်များပင့်ဆောင် ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေကလည်းကောင်း၊ ပဒေသာပင် များ စီစဉ်ရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း ကလည်းကောင်း၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များကို အနုပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်ကလည်းကောင်း၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကလည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ် များကို ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် နေပြည်တော် ကုတင်-၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ပပ ကလည်းကောင်း၊ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး စိမ်းလန်းစိုပြေရေးနှင့်သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေး ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များကို ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် အလှည့်ကျ သဘာပတိ ဦးထွန်းကြည်ကလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီဆိုင်ရာကိစ္စ ရပ်များကို အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ တို့ကလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။



ထို့နောက် တက်ရောက်လာကြသူများက အကြံပြုတင်ပြ ဆွေးနွေးချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့သည်။



အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကြည်မင်း၊ ဦးသာဦး၊ ဒေါက်တာထွန်းနိုင်၊ ဦးမောင်မောင်ဝင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။