ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် အောက်တိုဘာ ၁၅

၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်နှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်း နှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပသည့် ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းတစ်ပါးတို့၏ စိုးမိုး အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည် မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် (၇၁)နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုတို့ကြောင့် ရရှိခဲ့သော လွတ်လပ်ရေးကို ကမ္ဘာ တည်သရွေ့ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လွတ်လပ်ရေးရရှိရေးအတွက် အချိန်ကြာမြင့်စွာ အသက်၊ သွေး၊ ချွေး မြောက်များစွာ ပေးဆပ်ပြီးမှ ရရှိလာသည်ကို နောင်လာနောက်သားများသိရှိပြီး လွတ်လပ်ရေးကို အသက်ပေး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းလိုသည့်စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်နှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် ဤကဲ့သို့သော လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ ကျင်းပသည့်အခါ နိုင်ငံရေးအနှစ်သာရ ပိုမိုပြည့်ဝစွာကျင်းပနိုင်ရန် ချမှတ်ထားသည့် အမျိုးသားရေး ဦးတည်ချက် (၅)ရပ်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေး နှင့် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ထိရောက်စွာ တားဆီးကာကွယ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီမျှတစွာ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရေးနှင့် ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေးတို့ဖြစ်ပါကြောင်း။

ဗဟိုကော်မတီမှချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ (၉)ခုကိုလည်း ယခင်နှစ်များအတိုင်း ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဆပ်ကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ယခင်ကျင်းပပြီးစီးခဲ့သည့်နှစ်များ၏ အတွေ့အကြုံများကို အခြေခံပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်စေရန်နှင့် စနစ်တကျကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

လွတ်လပ်ရေးနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပနေသည့်ပုံစံအတိုင်း နံနက်ပိုင်း အစီအစဉ်နှင့် ညနေပိုင်းအစီအစဉ်ဟူ၍ အစီအစဉ်နှစ်ပိုင်း ခွဲခြားကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားများသို့ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ သံတမန်များ နှင့် ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြမည်ဖြစ်သည့်အတွက် လုံခြုံရေးကို ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံ ရှုမြင်၍ အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

နံနက်ပိုင်းအစီအစဉ်များအနေဖြင့် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပပြီး နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားသွားမည် ဖြစ်ပါကြောင်း၊ ညနေပိုင်းတွင် နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ညစာစားပွဲ အခမ်းအနား ကျင်းပခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ထို့ပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းနှင့် အများနှင့် သက်ဆိုင်သော အဆောက်အအုံ နေရာများတွင် မီးရောင်စုံထွန်းညှိဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အများပြည်သူ အသုံးပြုနေသည့် လမ်းများကို ပိတ်ဆို့၍ ဆောင်ရွက်ခြင်းမပြုလုပ်ကြရန်နှင့် စာသင်ကျောင်းများ၊ အားကစားကွင်းများ၌သာ ကျင်းပပြုလုပ်နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။

ကော်မတီများအနေဖြင့် လွတ်လပ်ရေးနေ့မတိုင်မီ ကြိုတင်ဆောင်ရွက်ရမည့် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများနှင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများ ကျင်းပရာတွင် အမျိုးသားရေးဦးတည်ချက်များကို အခြေခံ၍ နိုင်ငံတော် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို နိုင်ငံသားတိုင်း သတိတရရှိစေရေးအတွက် အလေးထား ဆောင်ရွက်ရန်နှင့် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို အများပြည်သူများ သိရှိစေရန် ဆိုင်းဘုတ်ကြီးများဖြင့် ခန့်ညားထည်ဝါစွာ ရေးဆွဲပြီး သတ်မှတ်နေရာများ၌ ကြိုတင်စိုက်ထူနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့ တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် ဇာတ်လမ်း များ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင်လည်း ရေးသားဖော်ပြသွားနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်နှစ်များက ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများကို အခြေခံ၍ လစ်ဟာမှုမရှိအောင် အားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ ဆပ်ကော်မတီအဖွဲ့ခေါင်းဆောင်များအနေဖြင့် မိမိတို့ တာဝန်ယူရသည့် ကဏ္ဍများအလိုက် သေချာစွာစစ်ဆေးကြပ်မတ်ပြီး ဘက်စုံထောင့်စုံမှ စနစ်တကျအလေးအနက်ထားဆောင်ရွက်ကြရန်၊ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့် အတွက် ချို့ယွင်းအားနည်းချက်များ ကင်းနိုင်သမျှကင်းအောင် အထူးဂရုပြုဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက ဆပ်ကော်မတီ အသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားပြင်ဆင်ရေး နှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်သွားကြမည့် လုပ်ငန်းအခြေအနေများကို Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန်က လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေးအသုံးစရိတ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများ အလိုက် အကြုံပြုဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။