ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၃

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြား သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးသန့်စင်မောင်၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံဆိုင်ရာသံရုံးများမှသံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံ တကာအဖွဲ့အစည်းများ၊ INGO၊ NGO များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့် သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ က ယနေ့ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားသည် ၂ဝဝ၉ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်(၆၄/၂ဝဝ)အရ နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အဖြစ် သတ်မှတ်ချက်နှင့်အညီကျင်းပခြင်းဖြစ်ပါကြောင်း၊ အလားတူ ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂ဝ၁ဝ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ကျင်းပရာတွင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးမဟာဗျူဟာ (United Nations International Strategy for Disaster Reduction-UNISDR) က နှစ်စဉ်ဦးတည်အုပ်စု တစ်စုကိုရွေးချယ်၍ ဆောင်ပုဒ်များချမှတ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ယခု၂ဝ၁၈ခုနှစ်အတွက် ရွေးချယ်သတ်မှတ်ထား သည့်ဆောင်ပုဒ် မှာ ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ဘေးဒဏ်ကြောင့်စီးပွားဆုံးရှုံးမှုလျှော့ချစို့ (REDUCING ECONOMIC LOSSES FROM DISASTER HAS THE POWER TO TRANSFORM LIVES) ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဘဝတိုးတက်ပြောင်းလဲရေးဆောင်ရွက်ရာတွင် သဘာဝဘေးနှင့်လူကြောင့်ဖြစ်သည့်ဘေးများကြောင့် စီးပွားရေးဆုံးရှုံးမှုလျှော့ချရေးသည် အလွန်အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေသည်ကို ယခုနှစ်ဆောင်ပုဒ်က ညွှန်းဆိုနေပါ ကြောင်း။

ယနေ့မျက်မှောက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများ၏ ဆိုးရွားလှသည့်သက်ရောက်မှုများကိုရင်ဆိုင်တွေ့ကြုံခံစား နေကြရပါကြောင်း၊ ၂ဝ၁၄ ခုနှစ်အတွင်းကမ္ဘာတစ်ဝန်းလုံးတွင် အသက်သေဆုံးခဲ့ရသည် အထိဖြစ်ပွားခဲ့သော သဘာဝဘေးများ၏ ၅ဝရာခိုင်နှုန်းကျော်သည် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဖြစ်ပွားခဲ့သည်ဆိုသည်ကိုလေ့လာတွေ့ရှိရမည် ဖြစ်ပါကြောင်း။

၂ဝ၁၇ခုနှစ်အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့်စီးပွားရေးကဏ္ဍဆုံးရှုံးမှုပမာဏ သည် ၂ဝ၁၆ခုနှစ်ကထက်၆၃ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် ဘေး အန္တရာယ်ကြောင့် စီးပွားရေးကဏ္ဍဆုံးရှုံးမှုနှင့်ပတ်သက်၍ ၁၉၉ဝခုနှစ်မှ ၂ဝ၁၈ခုနှစ်ကာလ အတွင်း ၂ဝ၁၁ ခုနှစ်သည်စီးပွားရေးအရထိခိုက်ဆုံးရှုံးမှု အမြင့်ဆုံးဖြစ်ပြီးဆုံးရှုံးမှု အမေ ရိကန်ဒေါ်လာဘီလျံ ၄၀၀ ရှိခဲ့ပါကြောင်း၊ ဘေးအန္တရာယ်များကြောင့် အာဆီယံဒေသ၏ စီးပွားရေးထိခိုက်ဆုံးရှုံးမှုသည် ကမ္ဘာ့ဘဏ်စာရင်းအင်းအချက်အလက်များအရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံထိရှိခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီ၏ သုည ဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုနေသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅ဝဝကျော်ရှိခဲ့ပြီးလူဦးရေ ၅သိန်းကျော် ဘေး ဒုက္ခခံစားခဲ့ကြရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘေးဖြစ်ပွားမှုများအတွက် ထောက်ပံ့မှုများ အပြင် ရေရှည်သဘာဝဘေးလျော့ပါးရေးအစီအမံများအတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်းပေါင်း ၅၅၈၅ ကျော် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ သဘာ၀ဘေးများ ကြောင့် ဆုံးရှုံးမှုများနှင့် ထောက်ပံ့မှုများအား န်ိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် သုံးစွဲနိုင်ခဲ့ပါက ပြည်သူများ၏ဘ၀ တိုးတက်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း။

ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများကိုလျှော့ချပြီးပြည်သူများ၏လူနေမှုဘဝတိုး တက်ဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေရန် ပြည်သူအားလုံးပူးပေါင်းပါဝင်သည့် ဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတွင်း၌သာမက ဒေသတွင်းနိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင် ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်နိုင်ရေးတို့ အတွက် နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၄ ကြိမ်မြောက် ASEAN Summit က ထုတ်ပြန် ခဲ့သည့် နေပြည်တော်ကြေညာစာတမ်း၊ သဘောတူညီချက်(၂၄)တွင် “အာဆီယံသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန”(ASEAN Coordination Centre for Humanitarian Assistance on Disaster Management-AHA Centre)၏ စွမ်းဆောင်နိုင်မှုမြှင့်တင်နိုင်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာအာဆီယံသဘောတူစာချုပ် (ASEAN Agreement on Disaster Management and Emergency Response-AADMER) ကို ဒေသတွင်းမူဘောင်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အာဆီယံနိုင်ငံများ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် တစ်ခု တည်းသောအာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု One ASEAN, One Response ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး တညီတညွတ်တည်း သဘောတူညီခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါမူဘောင်သဘောတူညီချက်များနှင့်အညီ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုလုပ်ငန်းများကိုဆောင်ရွက်နေသကဲ့သို့ တတိယအကြိမ် သဘာ၀ဘေးလျော့ပါးရေး ကမ္ဘာ့ညီလာခံကချမှတ်ခဲ့သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂ဝ၁၅-၂ဝ၃ဝ)တွင်ပါရှိသည့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆိုင်ရာ အခြေခံမူများနှင့်လုပ်ငန်းစဉ်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals)နှင့်အညီ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (၂ဝ၁၇) ကိုရေးဆွဲပြီးသက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း။

ဘေးအန္တရာယ်ကြောင့် စီးပွားရေးကဏ္ဍအပါအဝင် ထိခိုက်ဆုံးရှုံးမှုများကိုလျှော့ချနိုင် ရေးအတွက် စနစ်ကျသည့်စီမံခန့်ခွဲမှုများ၊ မူဘောင်များ၊ လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ရ သကဲ့သို့ လိုအပ်သည့်ဥပဒေ၊နည်းဥပဒေများဖြင့်လည်း ဆောင်ရွက်ရသည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းထားပြီးအဆိုပါဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ဘေးအန္တရာယ်စီမံခန့်ခွဲ မှုလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်းကာ ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ နည်းနိုင်သမျှ လျော့နည်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပြည်သူများ ၏ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားရေးနှင့် စီမံဆောင်ရွက်ပေးရမည့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အစည်းများအားလုံး၏စွမ်းဆောင်ရည်များ မြင့်မားလာစေရေး ကိုလည်း စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ၊ ပြည်သူများပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများအပြင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်သည့် မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ၊ ဘေးလွတ်ရာရှောင်တိမ်းနိုင်သောလမ်းတံတားများ၊ ဘက်စုံသုံး အဆောက်အဦးများ၊ ရှာဖွေကယ်ဆယ်ရွှေ့ပြောင်းရေးအတွက် ယာဉ်ယန္တရားများစသည် တို့ကိုလည်းတိုးမြှင့်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ရေရှည်တည်တံ့သည့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development )လုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာ ဗျူဟာလုပ်ငန်းစဉ်များနှင့် စီမံကိန်းများရေးဆွဲဆောင်ရွက်ကြရာတွင် သဘာဝဘေး အန္တရာယ်လျော့ပါးရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ထည့်သွင်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင်အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်းဘက်စုံကဏ္ဍစုံတွင် ထည့်သွင်းပေါင်း စပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရာတွင် ယခုနှစ်ဆောင်ပုဒ်ပါအတိုင်းသဘာဝဘေးကြောင့် စီးပွားရေးထိခိုက် ဆုံးရှုံးနိုင်မှုလျှော့ချပြီးနိုင်ငံသားတိုင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် ဘေးဒဏ်များကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ပါဝင်တည်ဆောက်သွားကြရမည် ဖြစ်ပါကြောင်း။

ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝဘေး လျော့ပါးရေး အစီအမံများထည့်သွင်းစဉ်စားဆောင်ရွက်ရေးကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များအနေဖြင့် မိမိတို့ဌာနအဖွဲ့အစည်းများ၏ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ် အဖြစ်မှတ်ယူဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လူတစ်ဦး တစ်ယောက်ချင်းစီကတာဝန်သိစိတ်ကိုယ်စီဖြင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီး ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုကိုလျှော့ချနိုင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုကို ဦးတည်သည့်လူနေမှုဘဝများတည်ဆောက်ကြပါစို့ ဟု တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂခေတ္တဌာနေညှိနှိုင်းရေးမှူး Ms. Janet E Jackson က ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် ဗီဒီယို မှတ်တမ်းကိုပြသသည်။

ထို့နောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်ပြခန်းများကိုလှည့်လည်ကြည့်ရှုသည်။