ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြောက်ဦးခရိုင်အတွင်းရှိ ဝန်ကြီးဌာနများမှ စွန့်လွှတ်မြေအား မူလတောင်သူများလက်ဝယ် ပြန်လည်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား စစ်တွေမြို့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလှည့်လည်ကြည

Printer-friendly versionSend by email





စစ်တွေ - အောက်တိုဘာ ၁၂

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပသည့် မြောက်ဦးခရိုင်အတွင်း ပြန်လည်စွန့်လွှတ်မြေ ၆၉၂ဒသမ၂၄ ဧက အား မူလတောင်သူများလက်ဝယ်သို့ ပုံစံ(၃)များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။



အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ဦးလှကျော်၊ဦးကျော်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင် များ၊ ပြန်လည်စွန့်လွှတ်သည့်မြေများလက်ခံရယူသည့်တောင်သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အမှာစကား ပြောကြားရာ ယနေ့အခမ်းအနားသည် မြောက်ဦးမြို့နယ်အတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှစွန့်လွှတ်သည့်မြေဧရိယာ (၄၄၅ဒသမ၆၇)ဧက အနက် အမှန်စိုက်ပျိုးလုပ်ကိုင်နိုင်မည့်မြေဧရိယာ (၄၂၃ဒသမ၀၅)ဧကကိုမူလတောင်သူ (၇၆)ဦးထံသို့လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ပြန်လည်စွန့်လွှတ်သည့်မြေဧရိယာ (၁၆ဒသမ၆၃)ဧက အနက်စိုက်ပျိုး လုပ်ကိုင်နိုင်မည့် မြေဧရိယာ(၁၀ဒသမ၉၉)ဧကအား တောင်သူ (၈)ဦးထံသို့ လည်းကောင်း၊ ကျောက်တော်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃၇၄) နှင့် (၃၇၅) ခြေမြန်တပ်ရင်းတို့မှ ပြန်လည်စွန့်လွှတ်သည့်မြေဧရိယာ (၅၅ဒသမ၀၀) ဧကအား တောင်သူ (၂၂)ဦးထံသို့လည်းကောင်း၊ မြေပုံမြို့နယ်အတွင်း ပြည်ထဲရေး ဝန်ကြီး ဌာန၊ အကျဉ်းဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ (၃၂၇ ဒသမ ၀၀)ဧကအနက် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ (၂၀၃ဒသမ၂၀) ဧကအား တောင်သူ (၄၃)ဦးထံသို့လည်းကောင်း၊ စုစုပေါင်းမြို့နယ် သုံးမြို့နယ်တွင် ဝန်ကြီးဌာနသုံးခုမှ ပြန်လည်စွန့်လွတ်မြေ မြေဧရိယာ (၆၉၂ဒသမ၂၄)ဧကကို တောင်သူ(၁၄၉)ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃) များပေးအပ် သွားမည်ဖြစ်ကြောင်း။



အကြောင်းအမျိုးမျိုးကြောင့်သိမ်းဆည်းခံမြေယာများထဲကအသုံးမပြုတော့သည့်မြေယာများကို ပြန်လည်စွန့်လွှတ်ရာတွင်မူလပိုင်ရှင်များထံ မြန်မြန်ရောက်လျှင်စောစော အကျိုးရှိမည်ဖြစ်၍ မိမိတို့အစိုးရအနေဖြင့်ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူလျင်မြန်မှု ရှိသည့် မူဝါဒနှင့်လုပ်ငန်းစဉ်(၅၂)ရပ်ချမှတ်ကာစနစ်တကျစိစစ်၍ အမြန် လွှဲပြောင်း ပေးအပ်နိုင်ရေးတွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း။



ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် လယ်မဲ့၊ယာမဲ့ဘဝနှင့် အလုပ်အကိုင် အခွင့် အလမ်းနည်းပါးသည့် ကျေးလက်ဒေသကို စွန့်ခွာသွားမှုများ၊မြို့ကြီး ပြကြီးများသို့ မိသားစုလိုက်ရွှေ့ပြောင်း၍ကျူးကျော်နေထိုင်ရမှုများ၊ ပြည်ပနိုင်ငံများသို့ ဆင်းရဲဒုက္ခခံပြီး နည်းလမ်းမျိုးစုံနှင့် သွားရောက်လုပ်ကိုင်နေရမှုများ၊ မြန်မာပြည်မှခေတ်ပညာတတ် လုပ်ငန်းကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပသို့ထွက်ခွာဆုံးရှုံးနေရမှု များ သည်လည်း တဖြည်းဖြည်းလျော့ကျလာမည်ဖြစ်ပါကြောင်း။



မိမိတို့ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အရင်းအမြစ်ခိုင်မာစေ ရန်နှင့် ရေရှည်တည်တံ့စေမည့်ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင်ကို ဆင်းရဲနွမ်းပါးမှု ကင်းစွာဖြင့် ဖန်တီးပေးနိုင်ရန်အတွက်မိမိတို့နိုင်ငံ၏ မြေအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲသွားကြရမည် ဖြစ်ပါကြောင်း။



မိမိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့်အမျိုးသားမြေအသုံးချမှုကောင်စီအနေနှင့်လည်းနိုင်ငံတော်၏မြေသယံဇာတများကိုစဉ်ဆက်မပြတ်ဖွံ့ဖြိုးအောင်အသုံးချနိုင်ရေးအတွက်လိုအပ်သည့်အမျိုးသားမြေအသုံးချမှုမူဝါဒကိုရေးဆွဲအတည်ပြုပြီး ဖြစ်ပါကြောင်း၊ ယခုအခါလိုအပ်သည့် အမျိုးသားမြေယာဥပဒေကို ရေးဆွဲနေပြီဖြစ်သည့်အတွက် မြေယာစီမံမှုအဆင့်ဆင့်အား စနစ်တကျလျှောက်လှမ်းလျက်ရှိသည်ကို အသိပေး လိုပါကြောင်း။



သိမ်းဆည်းခံလယ်ယာမြေပြဿနာများကို ဖြေရှင်းပေးရာတွင် ကော်မတီ အဆင့်ဆင့်အနေဖြင့် ချမှတ်ထားသည့်မူဝါဒလုပ်ငန်းစဉ်များအတိုင်း တရားဥပဒေ ဘောင် အတွင်းကတရားမျှတခြင်းရရှိအောင်စာနာနားလည်မှုရှိရှိဖြင့် ကူညီပေးလိုသည့် မေတ္တာစိတ်အရင်းခံနှင့် နည်းလမ်းတကျရဲရဲတင်းတင်းကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ကာ ဖြည့်ဆည်း ပေးသွားရန် မှာကြားလိုပါကြောင်း။



ယခုကဲ့သို့ ရခိုင်ပြည်နယ်မြောက်ဦးခရိုင်အတွင်းတွင် စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်အောင် ဆောင်ရွက် ပေးခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းပြောကြားလိုကြောင်း၊ တောင်သူလယ်သမားကြီးများအနေဖြင့်လည်းမိမိတို့ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရမြေယာများကိုသားစဉ်မြေးဆက်တိုင် အဘက်ဘက်က တိုးတက်အောင်ရင်းနှီးမြှုုပ်နှံလုပ်ကိုင်ရင်း စားနပ်ရိက္ခာဖူလုံစေရုံသာမက ပြည်ပပို့ကုန်ထုတ်လုပ်တင်ပို့သူများအဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း” ပြောကြားသည်။



ဆက်လက်၍ ရခိုင်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကရခိုင်ပြည်နယ် အတွင်းသိမ်းဆည်းမြေဆိုင်ရာ ကိစ္စများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။



ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များက ပြန်လည် စွန့်လွှတ်မြေဆိုင်ရာစာရွက်စာတမ်းများအားမြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးထံ သို့ လွှဲပြောင်းပေးအပ်သည်။



ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကမြောက်ဦးမြို့နယ် ရွာဟောင်း တောကျေးရွာမှ တောင်သူ ၅၀ဦးကိုယ်စားတောင်သူတစ်ဦးအားလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူကမြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ တောင်သူ ၂၃ ဦးနှင့် ပေါက်ပင်ကွင်းကျေးရွာမှ တောင်သူ ၁၁ ဦးတို့၏ကိုယ်စားတောင်သူတစ်ဦးအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်ကကျောက်တော်မြို့နယ် အခစားကျေးရွာမှ တောင်သူ၁၃ဦးနှင့် လက်ခုပ်ပင်ရင်းကျေးရွာမှ တောင်သူ ၉ ဦးတို့ ကိုယ်စားတောင်သူတစ်ဦးအားလည်းကောင်း၊ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က မြေပုံမြို့နယ် မြောက်ကြိမ် ကျေးရွာမှ တောင်သူ၂၂ဦးကိုယ်စားတောင်သူတစ်ဦးအားလည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးကမြေပုံမြို့နယ် မြောက်ကြိမ်ကျေးရွာမှ တောင်သူ ၂၂ ဦးကိုယ်စားတောင်သူတစ်ဦးအားလည်းကောင်း ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များကို ပေးအပ်ကြသည်။



ဆက်လက်၍ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်၊ကျောက်တော် မြို့နယ်၊ မြေပုံမြို့နယ်တို့မှ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) လက်ခံရရှိသော တောင်သူများကိုယ်စားတောင်သူဦးကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။



ယင်းနောက်ဒုတိယသမ္မတနှင့်အဖွဲ့သည် မြောက်ဦးမြို့နယ် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သျှစ်သောင်းပုထိုးတော်ကြီးနှင့် ကိုးသောင်း ပုထိုး တော်ကြီးတို့ သို့သွားရောက်ပြီး ဒုတိယသမ္မတက သျှစ်သောင်းပုထိုးတော်ကြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။



ဆက်လက်၍ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်အတွင်း ကျောက်စာများ၊ ရှေးဟောင်းအမွေအနှစ် လက်ရာများ ခင်းကျင်းပြသထားမှုကို ရှင်းလင်းပြောကြားပြီး ဒုတိယသမ္မတအား အမှတ်တရလက်ဆောင်ပေးအပ်သည်။



ထို့နောက်ဒုတိယသမ္မတသည် မြောက်ဦးမြို့နယ်အတွင်းရှိ တိမ်ညိုတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိစစ်ဆေးရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



တိမ်ညိုတံတားသည် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်အား ဆက်သွယ်သွားလာနိုင်ရန် တံတားအထူးအဖွဲ့ (၇) မှ တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၇ခုနှစ် မေ ၁၅ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တံတားအရှည်ပေ ၃၆၀ ရှိသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။



ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။



ရှေးဦးစွာ ဒုတိယသမ္မတသည်စစ်တွေဆိပ်ကမ်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသို့ ရောက်ရှိရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွန်ကြားရေးမှူး ဦးနီအောင် က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြပြီး ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ကုလားတန် မြစ်ကူးတံတား (ပလက်ဝ)နှင့် ပလက်ဝ-ဇိုရီပူ ၂-လမ်းသွား အဝေးပြေး စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင်ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နေသည့် စီမံကိန်းကြီးဖြစ်ပါကြောင်း ယင်းစီမံကိန်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံစီးပွား ဖွံ့ဖြိုးရေးအတွက်လည်း အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း စီမံကိန်းအကောင် အထည်ဖော်ပြီးပါက ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံဖြိုးရေး အတွက်သာမက ဒေသ၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် စီမံကိန်းအောင်မြင်ရေး အတွက် ဌာနဆိုင်ရာအားလုံးမှ လိုအပ်သည်များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း သို့မှသာ စီမံကိန်းမှရရှိမည့်အကျိုးစီးပွားများကို ဒေသခံပြည်သူများ ဆောလျင်စွာခံစားရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။



ယင်းနောက် ဒုတိယသမ္မတသည် စီမံကိန်းရှင်းလင်းဆောင်တွင် ပြသထားသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း ဒီဇိုင်း ပုံစံငယ်အား ကြည့်ရှုပြီး တန်ချိန် ၂၀၀၀၀ ရှိ ရေယာဉ်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား တည်ဆောက်ထားရှိမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။



ကုလား တန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း သည် စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ ရေယာဉ်များ ဝင်/ထွက် ဆိုက်ကပ် နိုင်ရေးအတွက် လုံလောက်သော ရေအနက်ရရှိစေရန် သောင်တူးခြင်း၊ စစ်တွေ ဆိပ်ကမ်းတွင် တန်ချိန် ၂၀၀၀၀ ရေယာဉ်ဆပ်ကပ်နိုင်သည့် ဆိပ်ခံတံတား(၁)စင်း တည်ဆောက်ခြင်း၊ တန်ချိန် ၃၀၀ မြစ်တွင်းသွားရေယာဉ် (၆)စင်း တည်ဆောက်ခြင်း၊ စစ်တွေနှင့် ပလက်ဝတို့တွင် တန်ချိန် ၃၀၀ မြစ်တွင်းသွား ရေယာဉ်များဆိုက်ကပ်ရန် ဆိပ်ခံတံတား (၂)စင်း တည်ဆောက်ခြင်း၊ စစ်တွေမှ ပလက်၀ အထိ ကုလားတန် မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြအမှတ်အသားများပြုလုပ်တပ်ဆင်ခြင်းနှင့် ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ် အဝေးပြေးမော်တော်ကားလမ်း ဖောက်လုပ်ခြင်း တို့ပါဝင်ကြောင်း၊ စီမံကိန်းတန်ဖိုးမှာဆိပ်ကမ်း၃ခု၊ရေယာဉ် ၆ စီးနှင့်ကုလားတန် မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ခန့်နှင့် ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ်အထိ အဝေးပြေးကားလမ်းဖောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၃၂၄ သန်းခန့်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။



အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ် နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများ အနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွား များနှင့်ပတ်သက်သည့် အခွင့်အလမ်းများရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း သိရသည်။



ထို့နောက်ဒုတိယသမ္မတသည် စစ်တွေမြို့ရှိခုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး အား အဆင့်မြင့်တင်နိုင်ရန် အဆောက်အဦအထူးအဖွဲ့ (၁၄)မှ တာဝန်ယူတည်ဆောက် နေသည့် လေးထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆောက်အဦအား အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးကြပ်မတ် ဆောင်ရွက်ထားမှုအခြေအနေအား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း ကပြည်နယ်အဆင့် ခုတင် ၅၀၀ ဆေးရုံကြီးအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းကိရိယာများ ဖြည့်တင်းနေမှု အဆောက်အဦများ ဆောက်လုပ်ရန် လျာထားမှုနှင့် ဆေးရုံအတွက်လိုအပ်သော ဝန်ထမ်းများဖြည့်တင်းပေးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။



ယင်းနောက် ဒုတိယသမ္မတသည် ဆေးရုံကြီးတွင် တာဝန်ထမ်း ဆောင်နေသည့် ဆရာဝန်နှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား လှည့်လည်ကြည့်ရှုပြီးနောက် ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသော စစ်တွေမြို့ သက္ကယ်ပြင် (IDP)စခန်းနေ မနူရာဟန်၊ပေါက်တောမြို့ ငှက်ချောင်း (IDP)စခန်းနေ မဂူလ်အာဟာတူ၊စစ်တွေမြို့ ဒါးဝိုင်း (IDP)စခန်းနေ မချန်ချီဒါနှင့် မြေပုံမြို့ ရပ်ချောင်းရွာနေ မနွယ်နွယ်လင်းထွန်းတို့အား ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။



ထို့နောက်ဒုတိယသမ္မတသည် စစ်တွေမြို့ဆတ်ရိုးကျ ချောင်းတံတားစီမံကိန်းသို့ သွားရောက်ပြီးတံတားတည်ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးရာစီမံကိန်းရှင်းလင်းဆောင်တွင် လမ်းတံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းမြင့်မွန် က စီမံကိန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ရေရှည်ခိုင်ခန့်မှုရှိ စေရန်အတွက် တည်ဆောက်ထားရှိမှု အခြေအနေ နှင့် တံတားချဉ်းကပ်လမ်းများ ဆက်လက်ဖောက်လုပ်မည့်အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။



ယင်းနောက်ဒုတိယသမ္မတသည် စီမံကိန်းရှင်းလင်းဆောင်မှ တံတားတည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။



ဆတ်ရိုးကျတံတားသည် စစ်တွေမြို့ လမ်းမတော်ရပ်ကွက်နှင့် ဆတ်ရိုးကျ ကျေးရွာအား ဆက်သွယ်ထားသော ဆတ်ရိုးကျချောင်းပေါ်တွင် တည်ဆောက် ထားပြီး တံတားအရှည် ၁၆၄၂ ပေ ရှိကာ သံမဏိ သံပေါင် တံတားအမျိုးအစားဖြစ်ကာ တံတားအကျယ် ပေ ၃၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ပေ ရှိကြောင်း တံတားစီမံကိန်း ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်စတင် အကောင်အထည်ဖော် ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်း တံတားဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တံတားဖွင့်လှစ်ပြီးပါက မြို့ပြ ပိုမိုဖွံ့ဖြိုးလာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။



ဆက်လက်၍ ဒုတိယသမ္မတသည် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ကျောင်းကြီးတန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)သို့ သွားရောက်ပြီးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများကိုသွားရောက် ကြည့်ရှု သည်။



ထို့နောက် ဒုတိယသမ္မတသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။



တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း စီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော်နေမှု အခြေအနေနှင့် လိုအပ်ချက်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။



ယင်းနောက်ဒုတိယသမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး အမှာစကားပြောကြား ရာတွင် ရခိုင်ပြည်နယ်သည် ရေခံမြေခံသဘာဝအရင်းအမြစ်ကောင်းများ ရှိပြီးဖြစ်ရာ ယင်းအခွင့်အလမ်းကို အကျိုးရှိရှိအသုံးချ၍ ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း၊ လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းများသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀၀ ခန့် ထုတ်ယူရရှိနိုင်ကြောင်း သိရှိရသဖြင့် ယင်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက နိုင်ငံအတွက် လိုအပ် သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့ ပို့လွှှတ်ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။



ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြရာညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။