ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ၏ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန်ပစ္စည်းများပြပွဲပြိုင်ပွဲ(၂၀၁၈) ဖွင့်ပွဲအခမ်းအနား တက်ရောက်

Printer-friendly versionSend by email

 

နေပြည်တော် အောက်တိုဘာ ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ၏ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ(၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမောင်မောင်ရွှေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကာတာနိုင်ငံသံမတ်ကြီး H.E.Mr. Mansoor Mubarak S.B.AL-Khayarin ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနား၌ SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် MSME လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်း ပြပွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ပထမအကြိမ်ကို မန္တလေးမြို့တွင် ကချင် ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ လည်းကောင်း၊ ဒုတိယအကြိမ်ကို မကွေးမြို့ တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍ လည်းကောင်း၊ တတိယအကြိမ်ကို ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လည်းကောင်း၊ စတုတ္ထ အကြိမ်ကို တောင်ကြီးမြို့တွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ပူးပေါင်း၍ လည်းကောင်း၊ ပဉ္စမအကြိမ်ကို မုံရွာမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် လည်းကောင်း အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ယနေ့ကျင်းပပြုလုပ်သော MSME လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်း ပြပွဲပြိုင်ပွဲသည် ဆဋ္ဌမအကြိမ်မြောက် ဖြစ်ပါကြောင်း၊ ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ယခုကဲ့သို့ ပြပွဲပြိုင်ပွဲများကို အလှည့်ကျ ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် MSMEs Products ပြပွဲနှင့် National Award ပြိုင်ပွဲတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ ကြောင်း။

ယခုကဲ့သို့ နိုင်ငံတော်က ဦးဆောင်ကျင်းပပေးသည့် ပြပွဲ၊ ပြိုင်ပွဲများ၌ အခြားလုပ်ငန်းရှင် များ၏ စိတ်ကူးစိတ်သန်း၊ ကြိုးပမ်းအားထုတ်မှုနှင့် ဈေးကွက်ကို ထိထိမိမိ မိတ်ဆက်နိုင်မှုများကို အတုယူရန် ပြောကြားလိုပါကြောင်း။

မြန်မာ့ MSME လုပ်ငန်းများအနေဖြင့် စီးပွားရေးဆိုင်ရာ ဆန်းသစ်သည့် အတွေးအခေါ် အသိအမြင်များ ဖွံ့ဖြိုးတိုးတက်လာပြီး ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်မှသာ ဒေသတွင်းလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး နိုင်ငံတကာ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် ပြည်ပသို့ စားသောက်ကုန် ထုတ်လုပ်တင်ပို့မှု အများဆုံးစာရင်း၌ ကမ္ဘာတွင် အဆင့်(၁၃)နှင့် အာရှတိုက်တွင် အဆင့်(၃) ရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ဆန်၊ ကြက်သား၊ သကြား၊ ပုစွန်၊ စည်သွပ်ဘူး၊ တူနာငါးနှင့် နာနတ်သီး တို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် လည်း စိုက်ပျိုးမွေးမြူထွက်ရှိနေသည့် အသားငါးနှင့် သီးနှံထွက်ကုန်များ ဖြစ်ပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသော စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် စိုက်ပျိုးသီးနှံများ ကို တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာပြီး ဈေးကွက် တည်ငြိမ်မှုရှိလာမည်ဖြစ်ပါကြောင်း။

ထို့အပြင် စွန့်ပစ်ပစ္စည်းများကို နည်းပညာအသုံးပြုပြီး ပစ္စည်းအသစ်များအဖြစ် တွင်တွင် ကျယ်ကျယ် ထုတ်လုပ်လာနိုင်မည်ဆိုပါက အမြတ်ပိုမိုရရှိလာစေမည့်အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် စပါးခွံများကို နည်းပညာအသုံးပြုကာ လောင်စာတောင့်အဖြစ် ထုတ်လုပ်ပြီး ပြည်တွင်း၌ အသုံးပြုနိုင်သကဲ့သို့ တရုတ်၊ ဂျပန်နှင့် ကိုရီးယား နိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါကြောင်း။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော MSME လုပ်ငန်း (ကုန်ထုတ်လုပ်မှု) ၂၀၁၇ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင်ရှိသည့် MSME လုပ်ငန်းများထဲ၌ လျှပ်စစ်မီးမရရှိသေး သည့် MSME လုပ်ငန်းများသည် ၁၃ ရာခိုင်နှုန်းခန့် ကျန်ရှိနေသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စပါးခွံလောင်စာတောင့် အပါအဝင် မြန်မာနိုင်ငံတွင်ရှိသည့် Resources များ၊ စွန့်ပစ်ပစ္စည်းများကို အသုံးချပြီး စွမ်းအင်အသစ်များကို ဖော်ထုတ်အသုံးပြုကြ ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ယခုအခါ နိုင်ငံတိုင်းတွင် သုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ဆက်သွယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းစသည့် စီးပွားရေးလုပ်ငန်းစဉ် အဆင့်ဆင့်၌ တိုးတက်လာသည့် Digital နည်းပညာများကို အသုံးချပြီး Digital Economy ဖြစ်ရန် ကြိုးစားနေကြသည့်အတွက် မိမိတို့၏ MSME လုပ်ငန်းများကို ပံ့ပိုးပေးနေသည့် အစီအစဉ်များ၊ MSME လုပ်ငန်းများနှင့် သက်ဆိုင်သော သင်တန်းများနှင့် ပြိုင်ပွဲများတွင် Digital နည်းပညာများကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိပါ ကြောင်း။

MSME လုပ်ငန်းများအနေဖြင့် ကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြည်သူများ ကောင်းစွာသိရှိအောင် ကြော်ငြာရောင်းချ နိုင်ခြင်း၊ ထုတ်ကုန်များကို စားသုံးသူများ သဘောကျ နှစ်သက်လာအောင် ဖန်တီးနိုင်မည့် သတင်းအချက်အလက်နှင့် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ စားသုံးသူများ၏ အကြံပြုချက်များ ရရှိနိုင်ခြင်း၊ ဒေသခံများ၏ လိုအပ်ချက်များကို ပိုမိုနားလည်ပြီး ဖြည့်တင်းပေးနိုင်ခြင်း၊ ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချသူများနှင့် ချိတ်ဆက်နိုင်ခြင်း၊ မိမိတို့၏ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းစဉ် (Supply Chain) တစ်လျှောက် ဆက်စပ်ပတ်သက်နေသည့် အခြား MSME လုပ်ငန်းများနှင့် ပေါင်းစပ်လုပ်ကိုင်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများအနေဖြင့် ပြပွဲပြိုင်ပွဲနှင့်အတူ ပေါ်ပေါက်လာသည့် အခွင့်အရေးများကို ရယူနိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

SMEs ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအနေဖြင့် MSME လုပ်ငန်းများကို အားပေး မြှင့်တင် ဆောင်ရွက်နေသည့်အပြင် MSME များ၏ ပြပွဲနှင့် ပြိုင်ပွဲများ၏ ရလဒ်များကို အခြေခံပြီး လက်တွေ့ဆောင်ရွက်သင့်သည့် အစီအမံများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းနင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၅)ကြိမ် မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ MSME လုပ်ငန်းရှင်များအနေဖြင့် လက်ဖက်၊ ကော်ဖီ၊ ဝဥ၊ ငရုတ်သီးနှင့် လျှော်ဖြူ စသည့် စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများကို ပါဝင်ပြသခဲ့ကြပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့၌ကျင်းပ သည့် China International SMEs Fair ပြပွဲ တွင် မြန်မာနိုင်ငံမှ MSME လုပ်ငန်းရှင် ၁၁ ဦး ပါဝင်ပြသလျက်ရှိပါကြောင်း၊ မိမိတို့ MSME လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအတွေ့အကြုံ များနှင့် အကြံဉာဏ်များကို ရယူပြီး ဈေးကွက်သစ်များ ရရှိနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ MSME ပြပွဲပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် လုပ်ငန်းများနှင့် အလားအလာရှိ သော လုပ်ငန်းများကို ပြည်တွင်းစားသုံးသူများနှင့် မီဒီယာများက ပိုမိုသိရှိလာပြီး အောင်မြင် တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ MSME လုပ်ငန်းရှင်များထံသို့ အဖွဲ့အစည်း၊ အသင်း အဖွဲ့များနှင့် နိုင်ငံတကာဧည့်သည်များ လာရောက်စုံစမ်းခြင်းနှင့် Order မှာယူခြင်းများ ရှိနေ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

MSME လုပ်ငန်းများသည် စားသုံးသူများ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ခေတ်နှင့်အညီ ပြောင်းလဲဖြည့်ဆည်းပေးနိုင်ရန်အတွက် ယှဉ်ပြိုင်မှုများနှင့် အမြဲရင်ဆိုင်နေရပါကြောင်း၊ ထိုသို့ အမြဲပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်ထဲ၌ ရေရှည်ရပ်တည်ရှင်သန်နိုင်ရန်အတွက် MSME လုပ်ငန်းများအနေဖြင့် သတင်းအချက်အလက်များကို မျက်ခြည်မပြတ်ရယူပြီး မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်စေရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနှင့် နိုင်ငံတကာ ဈေးကွက်ရရှိစေရေးတို့အတွက် ကြိုးစားအားထုတ်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြု နိုင်သည့် MSME အသိုက်အဝန်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် SMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းတို့က MSME လုပ်ငန်းများ၏ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန် ပစ္စည်းများ ပြပွဲပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကုမ္ပဏီများက လှူဒါန်းသည့် အလှူငွေများကို လက်ခံကြပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ပထမပိုင်း ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ၏ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ(၂၀၁၈) ဒုတိယပိုင်း ဖဲကြိုး ဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားအစီအစဉ်ကို ပဲခူးမြို့ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ ဆက်လက်ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် တိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် MSME လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

MSME လုပ်ငန်းများ၏ ဆဋ္ဌမအကြိမ်မြောက် ထုတ်ကုန်ပစ္စည်းများ ပြပွဲပြိုင်ပွဲ(၂၀၁၈)ကို နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲကာလအတွင်း "သွင်းကုန်များလျှော့ချရေးနှင့် အစားထိုးဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကတို့၏ အခန်းကဏ္ဍများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခြင်း၊ "SME လုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ကျော်လွှားခြင်း" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခြင်း၊ FDA လက်မှတ်ထုတ်ပေးမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ SME ချေးငွေများ၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနေ သည့် ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း အပါအဝင် အသိပညာရှင်၊ အတတ် ပညာရှင်များ၏ အတွေ့အကြုံများ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။