ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ စွန့်လွှတ်မြေအား မူလတောင်သူများလက်ဝယ် ပြန်လည်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ စွန့်လွှတ်မြေအား မူလတောင်သူများလက်ဝယ် ပြန်လည်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

အမ်း - အောက်တိုဘာ ၁၁

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဗိုလ်ချုပ်အောင်သူ၊ ဦးလှကျော်၊ ဦးကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ် အမ်းမြို့သို့ရောက်ရှိရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမ်းမြို့ ရွှေအမ်း တောင်ခန်းမ၌ကျင်းပသည့် အမ်းမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ စွန့်လွှတ်မြေ ၃၀ဝဒသမ၁၈ ဧကအား မူလတောင်သူများလက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးလှကျော်၊ ဦးကျော်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၊ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြန်လည်စွန့်လွှတ် သည့်မြေများ လက်ခံ ရယူသည့် တောင်သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူ များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြား၌ “ယနေ့အခမ်းအနားသည် အမ်းမြို့နယ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အမှတ်(၃၇၃) ခြေမြန်တပ်ရင်းမှ ပြန်လည် စွန့်လွှတ်အပ်နှံသည့် မြေဧရိယာ (၃၀ဝဒသမ၁၈)ဧကကို မူလတောင်သူ (၄၁)ဦး လက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များ လွှဲပြောင်းပေးအပ်သွားမည့် အခမ်းအနားပင် ဖြစ်ပါကြောင်း။

သိမ်းဆည်းခံလယ်ယာမြေများ၊ အခြားမြေများကို မူလပိုင်ရှင်ပြည်သူများ လက်ဝယ်ကို ပေးအပ်နိုင်ရန်အတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေဖြင့် မူဝါဒ၊လုပ်ငန်းစဉ်(၅၂)ချက် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။ မြေယာကိစ္စသည် စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုနှင့် ဥပဒေကြောင်းအရ ညီညွတ်မှုစသည့် အချက်များနှင့် ရှုပ်ထွေးလှသကဲ့သို့ လက်တွေ့ကိုင်တွယ် ဖြေရှင်းရာတွင်လည်းအချိန်ယူရပါကြောင်း။ မှန်ကန်သေချာရန်လည်းလိုကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွန်မှာကြားထားသည့်အတိုင်း ကရုဏာနှင့်ယှဉ်ပြီး တရားမျှ တမှု ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း။

မြေယာစီမံခန့်ခွဲမှုသည် ပြည်သူအများ၏ လူမှုစီးပွားမြှင့်တင်ရေးနှင့် တိုက်ရိုက် ဆက်စပ်ပတ်သက်နေခြင်းကြောင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း မှန်ကန်စွာ လုပ်ဆောင်ပေးရန်ဖြစ်ကြောင်း၊ ဥပဒေ၊လုပ်ထုံးလုပ်နည်းများလည်း ညီညွတ်ရမည် ဖြစ်ကြောင်း၊ ကရုဏာနှင့်ယှဉ်သည့် တရားမျှတမှုရှိရန်လည်း ဖြစ်ရန်လိုကြောင်း၊ အဂတိ တရားကင်းစင်ရန် လိုပါကြောင်း။

လယ်သမားများအတွက် လယ်ယာမြေသည် အသက်သွေးကြော ဖြစ်ပါကြောင်း၊ လယ်သမားများအတွက် အသက်တမျှတန်ဖိုးရှိလှသည့် လယ်ယာမြေများကို တောင်သူများလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် သည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံအတွက် အင်မတန်မှအရေးကြီး ပါကြောင်း။

မိမိတို့နိုင်ငံတွင်ရှိသည့် လုပ်ကွက်ငယ် တောင်သူလယ်သမားအများစုသည် လယ်ယာစိုက်ပျိုးရေး၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး အသက် မွေးဝမ်းကျောင်း ပြုနေကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ယင်းလုပ်ကွက်ငယ် တောင်သူ များ၊ မြေယာမဲ့ပြည်သူများ၏ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့် ခိုင်မာလာစေရန် အတွက် ယခုကဲ့သို့ စွန့်လွှတ်မြေများ ပြန်လည်လုပ်ပိုင်ခွင့် ပေးအပ်ခြင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် တိုးချဲ့ဖော်ထုတ် လုပ်ကိုင်စေခြင်းများကို နိုင်ငံတော် အနေဖြင့် အလေးထားစီမံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

မိမိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် အမျိုးသားမြေအသုံးချမှု ကောင်စီအနေ ဖြင့်လည်း မြေယာစီမံခန့်ခွဲမှုများနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာ ဆန်းစစ်ပြီး ပြည်သူလူထုအများစုကြီးကို အကျိုးပြုနိုင်မည့် ယင်းဥပဒေများကို လွှမ်းခြုံသည့်အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန်ကြိုးပမ်းနေပါကြောင်း။

ယခုကဲ့သို့ အမ်းမြို့နယ်တွင် စွန့်လွှတ်အပ်နှံ မြေများအား မူလတောင်သူလယ်သမားများလက်ထဲကို ပြန်လည်ပေးအပ်နိုင်အောင် ဆောင်ရွက်ပေး ခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တောင်သူလယ်သမားများ အကျိုး စီးပွားကာကွယ်စောင့်ရှောက်ရေး၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝမြင့်တင် ရေးနှင့် စားနပ်ရိက္ခာဖူလုံပိုလျှံသည်သာမက ပြည်ပသို့ ဈေးကွက်ရှာထိုးဖောက် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် တောင်သူလယ်သမားဦးကြီးများနှင့်အတူ ပူးပေါင်းပြီး တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့်လည်း မိမိတို့ပိုင်ဆိုင်ခွင့်ရသည့် မြေယာများကို အကျိုးရှိစွာ အပြည့်အဝ အသုံးချခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံပြီး စိတ်အေးချမ်းသာလုံခြုံစွာ နေထိုင်ရကာ လူမှုစီးပွားဘဝ တိုးတက်မှုများ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ် အတွင်း သိမ်းဆည်းမြေဆိုင်ရာကိစ္စများ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန တပ်ကိုယ်စားလှယ်က အမ်းမြို့နယ် အတွင်းပြန်လည်စွန့်လွှတ်မြေ ၃၀ဝဒသမ၁၈ ဧကအတွက် သက်ဆိုင်ရာစာရွက် စာတမ်းများကို ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးအား ပြန်လည် လွှဲပြောင်း ပေးအပ်သည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက အမ်းမြို့နယ်ရှိ လင်ပန်းကျ ကျေးရွာမှ တောင်သူ ၁၅ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း၊ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်က အမ်းမြို့နယ် လင်ပန်းကျကျေးရွာမှ တောင်သူ ၁၅ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက အမ်းမြို့နယ် လင်ပန်းကျကျေးရွာမှ တောင်သူ ၁၁ ဦးကိုယ်စား တောင်သူတစ်ဦးအားလည်းကောင်း ယာယီလုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၃)များကို အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် အမ်းမြို့နယ်မှ ယာယီပုံစံ(၃) လက်ခံရရှိသော တောင်သူများ၏ ကိုယ်စား တောင်သူဦးကြည်မောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အဖွဲ့ဝင်များနှင့်အတူ စစ်တွေ-အမ်းကားလမ်းမပေါ်ရှိ ဒါးလက်ချောင်းတံတား တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အမ်းမြို့နယ် စစ်တွေ-အမ်းကားလမ်းမပေါ်ရှိ ဒါးလက်ချောင်းတံတားကို ၂၀၁၆ခုနှစ် ဩဂုတ် ၂၀ ရက်မှစတင်ကာ တည်ဆောက်ရေး(၂)၊တံတားအထူးအဖွဲ့(၇)မှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း၊ တံတားအရှည်ပေ ၉၆ဝရှိပြီး သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၄၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေ၊ ခွင့်ပြုယာဉ် အလေးချိန် ၇၅ တန် ရှိပြီး ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မင်းပြားမြို့နယ် စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်ရှိ ရာမောင်တံတားသို့သွားရောက်ပြီး တံတားအကြီးစား ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုရာ ဒုတိယဝန်ကြီးဦးကျော်လင်းနှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။