ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝင်္ဂဘော်ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့အား လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝင်္ဂဘော်ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့အား လှည့်လည်ကြည့်ရှု



ပဲခူး အောက်တိုဘာ ၁၁



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့မွန်းလွဲပိုင်း တွင် ပဲခူးတိုင်းဒေသကြီးရှိ ဝင်္ဂဘော်ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တို့တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲ များ ထိန်းသိမ်းစောင့်ရှောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုသည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် ပဲခူးဒေသ ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသည့် ဝင်္ဂဘော်ဆင်စခန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက စခန်းဖွင့်လှစ်ခဲ့မှု၊ ဆင်များအား ထိန်းသိမ်းထားမှုနှင့် စခန်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက "ကမ္ဘာတည်သရွှေ့ မြန်မာ့ဆင် ရတနာများ တည်ရှိနေရမည်" ဟူသည့် ဆင်စခန်းများ၏ ဆောင်ပုဒ်အတိုင်း ဒေသတွင်းရှိ ဆင် ကောင်ရေကို လျော့ကျမသွားအောင်နှင့် တိုးတက်လာအောင် အလေးထား ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း၊ တောရိုင်းဆင်များ ဖမ်းဆီးသတ်ဖြတ်ခံရမှု မရှိစေရေး အတွက် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်း၍ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စခန်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များနှင့် ခရီးသွားများ အပန်းဖြေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အတူ နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေးအဖွဲ့အစည်း (Ramsar Convention)၏ အသိအမှတ်ပြု မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သို့ရောက်ရှိကြပြီး မိုးယွန်းကြီးအင်း ရေဝပ် ဒေသ ပညာပေးပြခန်း၌ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တွေ့ရှိရသော ရုပ်လုံးသွင်း ငှက်မျိုးစိတ်များနှင့် ကြာရှည်ခံ ဆေးရည်စိမ်ထားသည့် မျိုးစိတ် နမူနာများအား လှည့်လည် ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် မိုးယွန်းကြီးအင်းအတွင်းရှိ ဆောင်းခိုငှက် များ လာရောက်ကျက်စားနေထိုင်သည့် နေရာများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ဘေးမဲ့တောအတွင်းရှိ ဇီ၀ မျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားရှိမှု၊ ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုနှင့် မိုးယွန်းကြီး အင်း ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရွှေပြည်အေးကုမ္ပဏီလီမီတက်မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမျိုးသက် က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်း ရေး အဖွဲ့အစည်း (Ramsar Convention)မှ မြန်မာနိုင်ငံတွင် ပထမဆုံး Ramsar Site အဖြစ် အသိအမှတ်ပြုခံရသည့် ယခုဒေသ၌ ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေဝပ်ဒေသများတွင်လည်း ယခုကဲ့သို့ ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် မိုးယွန်းကြီးအင်းသည် စံပြဘေးမဲ့တော တစ်ခုဖြစ်အောင် စနစ်တကျ စီမံ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိုးယွန်းကြီးအင်းအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း စောင့်ရှောက်ရာ၌ အင်းပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ပါဝင်လာနိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများ၊ Vocational Training များနှင့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း တို့ကို ဖော်ဆောင်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ပဲခူးခရိုင် ပဲခူးမြို့နယ်နှင့် ဝေါ မြို့နယ် အတွင်းတည်ရှိပြီး ဧရိယာစတုရန်းမိုင် ၄၀(၂၅၆၀၀၀ ဧက) ကျယ်ဝန်း၍ ၁၉၈၈ ခုနှစ် ဧပြီလ ၂၂ ရက်တွင် "မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော" အဖြစ် စတင်သတ်မှတ်ခဲ့ သည်။

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရေပျော်ငှက်များနှင့် ဆောင်းခိုငှက် များ၏ ကျက်စားနယ်မြေများကို ကာကွယ်ရန်၊ ငှက်မျိုးစိတ်များ နှင့်ပတ်သက်သည့် သုတေသန များကို ဆောင်ရွက်ရန်၊ ရေဝပ်ဒေသ ဂေဟစနစ် ဝန်ဆောင်မှုများကို ရေရှည်တည်တံ့စေရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။