နိုင်ငံတော်သမ္မတ ဦး၀င်းမြင့် အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့် အာဆီယံခေါင်းဆောင်များစုဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦး၀င်းမြင့် သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဘာလီကျွန်း၌ ကျင်းပပြုလုပ်မည့် အာဆီယံခေါင်းဆောင်များစုဝေးပွဲ(ASEAN Leaders´ gathering ) သို့ တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ထွက်ခွာသည်။

 

နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အဖွဲ့၀င်များအား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုး၀င်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ သမ္မတရုံး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီ၀င်ဗိုလ်မှူးကြီးမင်းနောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ် ချုပ်ကြီး အောင်၀င်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Prof. Dr.Iza Fadri နှင့် ဇနီးနှင့် တာ၀န်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

နိုင်ငံတော်သမ္မတနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်၊ အမြဲတမ်းအတွင်း၀န်များ ဖြစ်ကြသည့် ဦးခင်လတ်၊ ဦးမြင့်သူနှင့် ဦးထွန်းထွန်းနိုင်၊ နိုင်ငံခြားရေး၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာ၀န်ရှိသူများ လိုက်ပါသွားကြသည်။

 

နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင်အဖွဲ့၀င်အဖြစ်ပါရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစိုး၀င်း သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့၏နှစ်ပတ်လည်အစည်းအဝေးများ တက်ရောက်ရန် အောက်တိုဘာ ၁၀ ရက်က အင်ဒိုနီးရှားနိုင်ငံသို့ ကြိုတင်ထွက်ခွာသွားပြီဖြစ်သည်။