ဒုတိယသမ္မတ ဦးမြင့်ဆွေ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ (တတိယအကြိမ်) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၁၀



ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ ဥက္ကဋ္ဌဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈နာရီတွင်ပုဂံရှေးဟောင်းယဉ်ကျေးမှု ပြတိုက်၌ ကျင်းပသည့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ရေးဦးစီးကော်မတီ (တတိယအကြိမ် )အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။



အစည်းအဝေးသို့ ဦးစီးကော်မတီအတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



အစည်းအဝေးတွင် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသည် နှစ်ပေါင်း (၁၀၀၀)ကျော်ရှိခဲ့ပြီး ဘုရား၊ စေတီပုထိုး၊ သာသနိကအဆောက် အအုံပေါင်း (၃၀၀၀)ကျော် တစုတဝေးတည်းတည်ရှိရာ မြန်မာနိုင်ငံ၏ အမွေအနှစ် ဂုဏ်ယူဖွယ်ရာ ဒေသတစ်ခုဖြစ်သည်သာမက ကမ္ဘာတစ်ဝှမ်းလုံးက စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုရသည့် ဒေသဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်တွင် အင်အား ရစ်(ချ်)တာစကေး ၆ ဒသမ ၈ အဆင့်ရှိသည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ စေတီပုထိုး၊ သာသနိက အဆောက်အဦ (၃၈၉)ဆူ ပျက်စီးခဲ့သည်ကို စာရင်းကောက်ယူမှုအရ သိရှိရပါကြောင်း၊ အဆိုပါငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၁၆) ဖြင့် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ”ကို ဒုတိယသမ္မတ ဦးဆောင်၍ (၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။



ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် လုပ်ငန်း ကော်မတီ (၂)ခုနှင့် ဆပ်ကော်မတီ (၅)ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဦးစီးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ လ (၇)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆုံးဖြတ်ချက် (၇)ချက် ချမှတ် ခဲ့ပြီး ယင်းဆုံးဖြတ်ချက်များကို ၁ နှစ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပါ ကြောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မေလ (၅)ရက်တွင် ပုဂံမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ဆုံးဖြတ်ချက် (၉)ချက်ချမှတ်ခဲ့ပါကြောင်း။



အဆိုပါ ဒုတိယအကြိမ် ဆုံးဖြတ်ချက် (၉)ချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး (၅)ချက်နှင့် ဆောင်ရွက်ဆဲ (၄)ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်ရှိနေသည့် လုပ်ငန်းများကိုလည်း သတ်မှတ်ထားသည့် စီမံကိန်းကာလ (၄)နှစ် အတွင်း အချိန်မီ ပြီးစီးရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ပါကြောင်း။



ပုဂံယဉ်ကျေးမှုနယ်မြေသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင် တစား လာရောက်လည်ပတ်သည့် နယ်မြေဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပဧည့်သည်ဝင်ရောက်မှုဦးရေမှာ (၃)သိန်းခန့်ရှိပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလထိ ပြည်ပဧည့်သည် ဝင်ရောက်မှုဦးရေမှာ ၁၅၄၂၆၀ ကျော်ရှိခဲ့သည့်အတွက် ပြည်ပဧည့်သည်ဝင်ရောက်မှုမှာ သိသိသာသာ လျော့ကျမသွားသည်ကို စာရင်းများအရ တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းအတွက် အချက်အချာကျသည့် ပုဂံယဉ်ကျေးမှုနယ်မြေကို စဉ်ဆက်မပြတ် စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။



ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများပြုပြင်ထိန်းသိမ်းရေးကို ငလျင်ပြီးပြီးချင်းတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသအာဏာပိုင်များ၊ ပြည်သူများ၊ ပရဟိတအဖွဲ့များ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တာ တွေ့ရှိရပါကြောင်း၊ ရှေးဟောင်းစေတီပုထိုး များကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့် ညှိနှိုင်းဆွေးနွေးမှုအရ ပထမဦးစားပေး ပြုပြင် ထိန်းသိမ်းရန် စေတီပုထိုး (၃၆)ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး (၅၃)ဆူ၊ တတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် စေတီပုထိုး (၇၆)ဆူနှင့် အသေးစား ပြုပြင်ရန် စေတီပုထိုး (၂၂၄)ဆူဆိုပြီး ခွဲခြားသတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။



ငလျင်ဖြစ်ပွားပြီး တစ်နှစ်တာ ကာလအတွင်းတွင်အသေးစားပြုပြင်ရမည့် စေတီပုထိုး (၂၂၄)ဆူကို မူလပုံစံ အတိုင်းပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ငလျင်လှုပ်ပြီးချိန်မှ ယခုအချိန်အထိ (၂)နှစ်တာ ကာလအတွင်း ပထမဦးစားအဖြစ် စေတီပုထိုး (၁၉)ဆူ၊ ဒုတိယ ဦးစားပေးအဖြစ် စေတီပုထိုး (၃၃)ဆူ၊ တတိယဦးစားပေး အဖြစ် စေတီပုထိုး (၄၉)ဆူနှင့် အသေးစားပြုပြင်ခဲ့သည့် စေတီပုထိုး (၂၂၄)ဆူ၊ စုစုပေါင်း စေတီပုထိုး (၃၂၅)ဆူကို ပြုပြင်ထိန်းသိမ်းပြီးဖြစ်ပါကြောင်း၊ လက်ရှိ လုပ်ငန်း ဆောင်ရွက်ဆဲ စေတီပုထိုး (၂၁)ဆူနှင့် ဆောင်ရွက်ရန်ကျန် စေတီပုထိုး (၄၃)ဆူသာ ရှိသည်ကို တွေ့ရပါကြောင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပပညာရှင် များ၊ ဆက်စပ်ဌာနများ၊ ပရဟိတ အသင်းအဖွဲ့များ၊ ဒေသခံများ၊ ဒေသတွင်းမှ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ပါကြောင်း။



ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင်ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များအတွက်ပါ မျှော်မှန်းပြီး (၄)နှစ် စီမံကိန်းချမှတ်၍ နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ်ထိန်းသိမ်းရေးများပါ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ထို့အပြင် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာတွင် ရေရှည်ကြံ့ခိုင်စေရန် ရည်မှန်းပြီး အချိန်ယူကာ မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းဆောင် ရွက်သွားရန် အလေးအနက်ပြောကြားလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ နည်းပညာအကူအညီများရယူပြီး အသုံးပြုမည့် ပစ္စည်းများကိုလည်း ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံညွှန်းပြည့်မီ သည့် ပစ္စည်းများကိုသာ အသုံးပြုဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပေါင်းစပ်ညှိနှိုင်းကာ စီမံကိန်းချမှတ် ဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း။



ငလျင်ဒဏ်သင့်ပုဂံစေတီပုထိုးများအတွက် ပြည်တွင်း၊ ပြည်ပမှ သဒ္ဓါတရား ထက်သန်စွာ ဖြင့် အလှူငွေများ လှူဒါန်းခဲ့ကြရာ ၂၀၁၆ ငလျင်ဖြစ်ပွားခဲ့ချိန်မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၃၀ရက်အထိငွေကျပ်၄၆ဝ၅၉သိန်း၊ အမေရိကန်ဒေါ်လာ ၁၁သိန်း၊ ထိုင်းဘတ် ၁ဝ၈၂ဝ၊ စင်္ကာပူဒေါ်လာ၇၂၅ဝ၊ ဂျပန်ယန်း၃ဝဝဝဝ အပါအဝင် တရုတ်ယွမ်၊ မလေးရှား ရင်းဂစ်၊ ကိုရီးယားဝမ်၊ ဥရောပသုံးငွေ ယူရိုတို့ပါ လက်ခံရရှိထားပါကြောင်း၊ လက်ခံရရှိသည့် အလှူငွေများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ အသုံးပြုရာတွင် ဖွဲ့စည်းထားသည့်ကော်မတီများ၏ ကြီးကြပ်မှုဖြင့်စနစ်တကျ အကျိုးရှိရှိသုံးစွဲသွားရန် ပြောကြားလိုပါကြောင်း။



ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက်ပါ ကိုက်ညီမှုများရှိစေရန် UNESCO အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငလျင်ဒဏ်သင့် ဘုရားများ၏ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ် များ၏ အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားပြီး ရှေးမူလက်ရာမပျက် ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သည့် အခါမှာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရှုထောင့်ကလည်း ရှုမြင်ရန်လို သလို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီလည်း စနစ်တကျထိန်းသိမ်းရန်လိုကြောင်း ပြောကြားသည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ငလျင်ဒဏ်ကြောင့်ပျက်စီး သွားခဲ့သော ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ အဆင့်အလိုက် ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု၊ ရန်ပုံငွေရရှိမှု၊ ပြုပြင်ပြီးချိန်တွင် ပိုလျှံလာမည့် ရန်ပုံငွေများအား ဆက်လက်ထိန်းသိမ်းသွားမည့် အခြေအနေ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအား UNESCO သို့ ဝင်ရောက်နိုင်ရေးအတွက် အဆိုပြု လွှာတင်ပြခဲ့မှုနှင့် ပုဂံဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။



ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပုဂံဒေသသို့ လာရောက်သည့်ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးအတွက် ကမ္ဘာလှည့် ခရီးသွားရဲတပ်ဖွဲ့ဖြင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ငလျင်ဒဏ်ကြောင့်ပျက်စီးသွား ခဲ့သော ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင် ရာတွင် စက်ယန္တရားလိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေ တို့ကို လည်ကောင်းရှင်းလင်းတင်ပြကြ သည်။



ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို အများပြည်သူများ သိရှိနိုင်ရန်အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးနေမှု၊ သဘာဝဘေး အန္တရာယ် ဖြစ်ပွားလာပါက ပုဂံဒေသရှိစေတီ၊ ပုထိုးများ အထိအခိုက်နည်းပါး စေရေး အတွက် ကြိုတင်ကာကွယ်ရေးဆောင်ရွက်သင့်ကြောင်းနှင့် ပုဂံဒေသအား ကမ္ဘာကသိရှိအောင် ရိုက်ကူးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးသင့်သည့် အခြေအနေ များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ဆောက်လုပ်ဝန်ကြီး ဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် စေတီပုထိုးများ ပြန်လည်ပြုပြင် ရေးဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ငလျင်ထပ်မံဖြစ် ပွားလာပါက ထိခိုက်မှုနည်းပါးရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည့် အခြေအနေ များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ငလျင် ဒဏ်ကြောင့် ပျက်စီးသွားသည့် စေတီ၊ ပုထိုးများအား ပြုပြင်ဆောင်ရွက်နေမှု အခြေ အနေ၊ ကြံ့ခိုင်မှုအားနည်းနေသည့် စေတီပုထိုးများ စာရင်းကောက်ယူသွားမည့် အခြေ အနေနှင့် ရေရှည်ဆောင်ရွက်သင့်သည့် အကြံပြုချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။



ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ စေတီ၊ ပုထိုးများအား အဆင့်လိုက် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများ၊ အစည်း အဝေးဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်ဦးသန့်ဇင်ထွေးက ငလျင်ဒဏ်ခံနိုင်ရေး အတွက် အခြေပြမြေပုံထွက်ရှိရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင် များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အလှူငွေသုံးစွဲမှု၊ ဘုရားဖူးများနေဝင် ဆည်းဆာကြည့်ရှု နိုင်ရန် ရှုခင်းကြည့်ကုန်းမြင့်(View Mount) ဆောင်ရွက်ထားမှုများနှင့် ပုဂံ ဒေသသန့် ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ အဆောက် အဦအထူးအဖွဲ့(၇)နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာန ခွဲတို့မှ တာဝန်ရှိသူများက ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများအား ပြုပြင်ဆောင် ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။



ယင်းနောက် တက်ရောက်လာကြသူများက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက် နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ပုဂံဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးဆုံးဖြတ်ချက် ၁၀ ချက်ချမှတ်ကြ သည်။



ယင်းနောက် ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။



အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ငလျင် ဒဏ်ကြောင့်ပျက်စီးခဲ့သည့် အာနန္ဒာအုတ်ကျောင်း၊ ဖက်လိပ်ဘုရားနှင့် ဓမ္မရာဇက ဘုရားတို့အား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။