ဒုတိယသမ္မတ ဦးမြင့်ဆွေ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၆



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် Ambassador H.E. Ms. Rosario Manalo ဦးဆောင်သော လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့အား ယနေ့ညနေ (၄)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့မှုနှင့် အရေးယူဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ARSA အကြမ်းဖက် အဖွဲ့၏ လုပ်ဆောင်မှုအခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ UNDP ၊ UNHCR တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များအပေါ် အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။



အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Ambassador H.E. Ms. Rosario Manalo နှင့်အတူ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ Ambassador H.E. Mr. Kenzo Oshima ၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။