နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မကွေးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ

Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၆



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့် အတူယနေ့ နံနက်ပိုင်းတွင် နေပြည် တော်မှတပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မကွေးတိုင်းဒေသကြီး မကွေးမြို့ သို့ရောက်ရှိကြသည်။



နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်ဦးစိန်ထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသ ကြီးစာရင်းစစ်ချုပ်ဦးလှသန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများကမကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။



ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသ ကြီးတရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ် များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်လမ်းညွှန် အမှာစကားပြောကြားသည်။



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မိမိအနေဖြင့် ယခုကဲ့သို့ မကွေးတိုင်းဒေသကြီး သို့လာရောက်စဉ် မိမိ၏ဦးတည်ချက်ကို ပထမဦးစွာရှင်းလင်း တင်ပြလိုပါကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်း သစ္စာကျိန်ဆိုပြီးသည့်အခါ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါကြောင်း၊ ယင်းမိန့်ခွန်း၏အနှစ် သာရကိုပြန်လည်ပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၏ ပြောင်းလဲမှုဖြစ်စဉ်အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအခေါ်နှင့် ပုံသေကားချပ် အလေ့အထများကို ပြုပြင်ပြောင်းလဲကြရန်အထူးလိုအပ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုနှောင့်နှေးနေသည့်ဌာနဆိုင်ရာအဖွ့ဲအစည်းများကို ကြပ်မတ်ရမည်ဖြစ်ပါ ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကိုတည့်မတ်ရမည်ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများကို ကာကွယ် ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကိုပိုမိုနှိမ်နင်းရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေများ လေ့လွင့်ဆုံးရူံးမှုမရှိစေရန်စီမံခန့်ခွဲရမည်ဖြစ်ပါကြောင်း၊ ဥပဒေမဲ့သိမ်း ဆည်းခံရသည့် လယ်ယာမြေများပြန်လည်ရရှိရေး၊ လျော်ကြေးနှင့် နစ်နာကြေးရရှိ ရေးတို့ကို ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း စသည်တို့ကို ပြောကြားခဲ့ပါ ကြောင်း။



ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရာတွင် နိုင်ငံဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းများလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှကျခံသုံးစွဲသည့် လစာ၊ ချီးမြှင့်ငွေနှင့် အခြား ခံစားခွင့်များကိုခံစားကြရပါကြောင်း၊ ဝန်ထမ်းများသည် မိမိနှင့်ထိုက်တန်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်မျှမျှတတသုံးစွဲကြရန်လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထု၏ တာဝန်များကိုကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ပါကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြုရန်လိုပါကြောင်း၊ လက်ရှိနိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များဆောင်ရွက်ရာတွင်ပြုပြင်ပြောင်းလဲရေးသည် ရန်သူမဟုတ်မိတ်ဆွေကောင်းဖြစ်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ခြိမ်းခြောက်မှုမဟုတ်ဘဲအခွင့် အလမ်းကောင်းများ သာဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို ယခုကဲ့သို့ တိုက်တွန်းနေရမည် မဟုတ်ဘဲ မဖြစ်မနေ အခြေအနေနှင့် အချိန်အခါအရလိုက်ပါပြောင်းလဲရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်ဖြစ်ရာ ဝန်ထမ်းများ၏ အတွေးအခေါ်နှင့် အကျင့် စရိုက်များ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း။



ထိုသို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍ နှင့်စပ်လျဉ်း၍ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရား ဖြစ်ရန် လိုအပ်ပြီး နိုင်ငံသားများ၏ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုနှင့် စိတ်အေးချမ်း သာယာမှုရှိစေရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် အုပ်ချုပ်မှုယန္တရားမဖြစ်စေရေးသည် အရေးကြီးပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုရှိရမည်ဖြစ်ပါကြောင်း၊ ဦးစီးခေါင်း ဆောင်သူများအနေဖြင့် မိမိတို့၏ဝန်ထမ်းများကို လိုအပ်သလိုလမ်းညွှန်ကြပ်မတ်နိုင်ရ မည်ဖြစ်ပါကြောင်း၊ အရာထမ်းအမှုထမ်းများအနေဖြင့်လုပ်ငန်းခွင်တွင် သဟဇာတဖြစ် စွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ CSO၊ NGO နှင့် မီဒီယာအားလုံးက လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဝိုင်းဝန်းကူညီမှသာအောင်မြင် နိုင်မည် ဖြစ်ပါကြောင်း။



တရားစီရင်ရေးအပိုင်းတွင်လည်း ဘက်လိုက်မှုကင်းသည့်တရားစီရင်ရေးဖြစ် ရန်လိုအပ်ပါကြောင်း၊ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်ပြည်ထောင်စု တရား စီရင်ရေး ဥပဒေကိုလေးစားလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရာတွင်လည်း လုပ်ပိုင်ခွင့်ရှိသူများနှင့် အာဏာရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုကင်းရန်လိုအပ်ပါ ကြောင်း၊ မှန်ကန်ပြီးတရားမျှတသောတရားစီရင်ရေးဖြစ်မှသာ ပြည်သူများကပိုမို ယုံကြည်ကိုးစားလာကြမည်ဖြစ်ပါကြောင်း။



ဥပဒေပြုရေးအပိုင်းတွင်လည်း တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်ပါကြောင်း၊ ပြဋ္ဌာန်းမည့် ဥပဒေများသည် ဒေသအတွက်အမှန်တကယ်အကျိုးရှိ မရှိ၊ နိုင်ငံတော်၏မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ဆီလျော်မှုရှိ မရှိ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီ မညီ စိစစ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးအပိုင်း များသည် အပြန်အလှန်ထိန်းကျောင်းကြရန်လိုအပ်ပြီးတစ်ဖွဲ့နှင့် တစ်ဖွဲ့ စွက်ဖက်မှု မရှိရန် ဂရုပြုကြရမည်ဖြစ်ပါကြောင်း။



အဂတိကင်းစင်ရေးဆောင်ရွက်ရာတွင် ကျောသားရင်သား၊ ဆူကြုံ့နိမ့်မြင့်မခွဲခြား ဘဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကင်းစင်သောလူ့အဖွဲ့အစည်း ဖြစ်စေရေးအတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အဂတိတိုက်ဖျက်ရေး ကော်မတီ များကို ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ချိတ်ဆက်လျက်ရှိပါကြောင်း။



မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပိုင်းတွင် တရားဥပဒေအထက်တွင်မည်သူ မျှမရှိစေရဆိုသည့်အတိုင်း တရားဥပဒေနှင့်အညီ တိကျမှန်ကန်စွာဆောင်ရွက်ကြ စေလိုပါကြောင်း၊ဌာနဆိုင်ရာများ၊ CSO၊ NGOနှင့် မီဒီယာများပါပူးပေါင်းပါဝင်ကြစေ လိုပါကြောင်း၊ လုပ်ပိုင်ခွင့်နှင့် အာဏာရှိသူများဝင်ရောက်စွက်ဖက်မှုကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးတွင်လည်း မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာန ကိုဖွင့်လှစ်ထားပြီး ပြည်သူတို့၏တိုင်ကြားချက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများရရှိနေပြီး ထိရောက်စွာဆက်လက်ကိုင်တွယ်ဆောင်ရွက်လျက်ရှိနေပါကြောင်း။



ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ဒေသအတွက်အကျိုး ရှိ မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကိုအသုံးပြုဆောင်ရွက် သည့်စီမံကိန်းများသည် ဒေသနှင့်ဆီလျော်သည့် ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်း များဖြစ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်အနေဖြင့်လည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေးစစ်ဆေးကြပ်မတ် တည့်မတ်ပေးစေလိုပါ ကြောင်း။



လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများအတိုင်းတိကျမှန်ကန်စွာ စိစစ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး မိမိတို့လိုအပ်သလိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းများဖြင့် မဆောင်ရွက်ကြစေလိုပါကြောင်း၊ စွန့်လွှတ်ပြီး မြေများကို မူလပိုင်ရှင်တောင်သူ လယ်သမားများထံ မြန်မြန်ဆန်ဆန်ပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။



နိုင်ငံ့ဝန်ထမ်း၊ ပြည်သူဝန်ထမ်းများအနေဖြင့် နိုင်ငံသူနိုင်ငံသားများအတွက် အလုပ်အကျွေးပြုရမည့် ဝန်ဆောင်မှုပေးရမည့် နေရာဌာနများသို့ ရောက်ရှိနေသည်ဟု မှတ်ယူကြရမည်ဖြစ်ပြီး တိုင်းပြည်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန်နှင့် နိုင်ငံသူနိုင်ငံ သားများအကျိုးကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအခွင့် အရေးကိုလိုက်ပါဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ကျရာတာဝန်ကိုကျေပွန်စွာထမ်း ဆောင်ခြင်းသည် မိမိတို့၏ဂုဏ်သိက္ခာကိုမြင့်မားစေပါကြောင်း၊ ခေတ်ဟောင်းစနစ် ဟောင်းတစ်ခုမှ ခေတ်သစ်စနစ်သစ်သို့ပြောင်းလဲရာတွင်စိန်ခေါ်မှုများကို တွေ့ကြုံရပါ ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းမှုရရှိ စေရေးအတွက်အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း လမ်းညွှန်မှာကြားသည်။



ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်အောင်မိုးညို က တိုင်းဒေသကြီး အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ က လွှတ်တော်ရေးရာလုပ်ငန်းဆောင်ရွက်မှုအခြေအ နေများကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း က တရားလွှတ်တော် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်း တင်ပြကြ သည်။



ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် တို့ ၏ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အားသာချက်၊အားနည်းချက်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်း များနှင့် အညီခေါ်ယူဆောင်ရွက်စေလိုပါကြောင်း၊ တာဝန်ယူဆောင်ရွက်ကြသူများအ နေဖြင့်ဥပဒေကိုမသိ၍ အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိပါက အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေနှင့်ညိစွန်းနိုင်ပါကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်၌ မေးခွန်းနှင့် အဆို များမေးမြန်းတင်သွင်းခြင်းကို လွှတ်တော်ဥပဒေများနှင့်အညီစိစစ်ရန်လိုအပ်ပါကြောင်း။



တရားစီရင်ရေးကဏ္ဍတွင် အမှုအခင်းများကို မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်နှင့် ဘက်လိုက်မှုကင်းသောတရားစီရင်ရေးဖြစ်ရန်လိုအပ်ပါကြောင်း၊ ဥပဒေနှင့်အညီဆောင် ရွက်ကြရန် ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရန်လိုအပ်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်မျှတရန်လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး ကာကွယ်မြှင့် တင်ရန်လိုအပ်ပါကြောင်း။



တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့် လုပ်ငန်းလမ်းညွှန် များကို အောင်မြင်စွာ အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များမှန်ကန်ခြင်း၊ မြန်ဆန်ခြင်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်လျှက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများကို ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြပ်မတ် စောင့်ကြည့်ခြင်းများဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးတို့ကို ပိုမိုဂရုပြုဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း မှာကြားသည်။



ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။



ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် မကွေးမြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။