ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် အကြိမ်(၂၀)မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email





ရန်ကုန် အောက်တိုဘာ ၆



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ အကြိမ်(၂၀)မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။



တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဗန်းမော်-လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ကျောက်ပြားနှင့် ကြွေပြားစက်ရုံတို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။



ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါကိစ္စရပ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်အတွက် “ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာ သက်တမ်းအားဖြင့် (၂)နှစ်ပြည့် တော့မည်ဖြစ်ကြောင်း။



နိုင်ငံ၏စီးပွားရေး ပြောင်းလဲတိုးတက်ရန်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို အမြန်ဆုံးကျော်လွှားနိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပြီး အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲ များနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခု အကြိမ်သည် အကြိမ်(၂၀)ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၁၉)ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲအထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲနှင့်အကြံပြုတင်ပြချက် စုစုပေါင်း (၂၈၃)ချက် ရှိခဲ့ကြောင်း၊ အဆိုပါအချက်များအားလုံးကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် များထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တစ်ဆင့် အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း။



အဆိုပါ ပြန်ကြားချက်များထဲမှ အချို့အချက်များသည် အချိန်ယူပြီး ဆက်လက် ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းကော်မတီ (၅)ရပ်က တာဝန် ရှိသူများအနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialogue)များ ပြုလုပ်ကာ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း။



မကြာသေးခင် အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် ခန့်မှန်းချက် (Asian Development Outlook 2018 Update) တွင် အရှေ့တောင်အာရှ (၁၀)နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို မူလခန့်မှန်းခဲ့သည်ထက် သုည ဒသမ ၁ ရာခိုင်နှုန်း လျှော့ချပြီး ၅ ဒသမ ၁ ရာခိုင်နှုန်း ပြင်ဆင်ခန့်မှန်းခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်များကို လေ့လာကြည့်မည်ဆိုပါက “GDP တိုးတက်မှုနှုန်း” အနေဖြင့် ၂၀၁၈ ခုနှစ်အတွက် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်အတွက် ၇ ရာခိုင်နှုန်း၊ “ငွေကြေးဖောင်းပွမှုနှုန်း” အနေဖြင့် ၂၀၁၈ ခုနှစ်အတွက် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်အတွက် ၆ ရာခိုင်နှုန်းနှင့် “ပြည်ပကုန်သွယ်ရေးငွေပေးငွေယူရှင်းတမ်းတွင် လိုငွေပြမှု” အနေဖြင့် ၂၀၁၈ ခုနှစ်အတွက် GDP ၏ ၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်အတွက် ၄ ရာခိုင်နှုန်း ခန့်မှန်းထားသည်ကို တွေ့ရှိရကြောင်း၊ ထုတ်ပြန်ထားသည့် အချက်အလက်များကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုလိုငွေသည် တဖြည်းဖြည်းလျော့ကျလာလိမ့်မည်ဟု ခန့်မှန်းထားသည့်အခြေအနေ ဖြစ်ပါကြောင်း။



ပြည်ပကုန်သွယ်မှုအခြေအနေကိုကြည့်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ (၃၃ ဒသမ ၅၂၁)ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၂၇ ဒသမ ၂၄၀)ဘီလီယံ (၈၁ ရာခိုင်နှုန်း) အထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ထိ ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၇ ဒသမ ၂၉၇)ဘီလီယံ အထိရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ (၂ ဒသမ ၃၅၃) ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၈၁၆)ဘီလီယံ ပါဝင်သည့်အတွက် (၈၅ ရာခိုင်နှုန်း)အထိ ပိုမိုတိုးတက်ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း၊ ပို့ကုန်အနေဖြင့် (၁ ဒသမ ၆၃၂) ဘီလီယံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုလိုငွေအနေဖြင့်လည်း အမေရိကန် ဒေါ်လာ သန်း( ၉၀၀) ခန့် လျှော့ချဆောင်ရွက်နိုင်ခဲ့ပါကြောင်း။



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာအောင် အစီအစဉ်များရေးဆွဲပြီး ဆောင်ရွက်နေပါကြောင်း၊ ယခုဆိုလျှင် သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သည့် ဂျပန်၊ ကိုရီးယားနိုင်ငံသားများ၊ မက္ကာအိုနှင့် ဟောင်ကောင် တို့မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သည့် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးခဲ့ပြီး ခရီးသွားများအပါအဝင် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံကို လွယ်ကူချောမွေ့စွာနှင့် လာရောက် လည်ပတ်ရင်းနှီးမြှုပ်နှံနိုင်အောင် စီစဉ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။



မကြာသေးခင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန် ကြေညာခဲ့သည့် ကမ်းလွန်လုပ်ကွက်အမှတ် A-6 မှ သဘာဝဓါတ်ငွေ့ တွေ့ရှိမှုနှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာကောင်းခြင်းကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ရပါကြောင်းနှင့် ပို့ကုန်တန်ဖိုးကိုလည်း တိုးမြှင့်နိုင်မည့် အလားအလာများ ရှိနေပါကြောင်း။



မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကိုလည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းတွင် အသေးစိတ်ဆောင်ရွက်ရမည့်ကိစ္စများအတွက် Action Plan များလည်း ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်သူအားလုံးပါဝင်သည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုသို့ လျှောက်လှမ်းရာ၌ အဓိကမောင်းနှင်အား ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍမှလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။



ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့်လည်း ဆွေးနွေး မည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ ကြုံတွေ့ နေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။



ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပို့ကုန် သွင်းကုန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။



ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။



ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး အတွင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍဖွံံဖြိုးတိုးတက်ရေးနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဗန်းမော်-လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ဥက္ကဋ္ဌ ဒေါ်ရီရီစိန်၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ ဗဟိုအလုပ် အမှုဆောင် ဦးသိန်းဝင်းဇော်၊ ကြွေပြားလုပ်ငန်းရှင် ဦးစိုးမင်းသန့်နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်တို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ များအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။



ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ၊ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။