e-Government ဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကြီးမှူးကျင်းပသည့် e-Government Forum 2018 ဖွင့်ပွဲသို့တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

ရန်ကုန်-အောက်တိုဘာ ၅

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကြီးမှူးကျင်းပသည့် e-Government Forum 2018 ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေရှိ MICT Park တွင်ကျင်းပရာ e-Government ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။

e-Government Forum 2018 ဖွင့်ပွဲအခမ်းအနားသို့ e-Government ဦးဆောင် ကော်မတီ ဒုတိယဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ e-Government ဦးဆောင်ကော်မတီ၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်း ရှင်အသင်းတို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ကွန်ပျူတာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် မြန်မာ ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုမည့် အစိုးရ တစ်ရပ် ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်ဆောင်နေသည့် e-Government နှင့် ပတ်သက်ပြီးမိဘပြည်သူများကိုအသိပေးနိုင်ရန် Road to Digital Government ဆိုသည့် ဆောင်ပုဒ်နှင့်ကျင်းပပြုလုပ်သည့် ယခု e-Government Forum အခမ်းအနား တွင်အမှာ စကားပြောကြားခွင့်ရရှိ၍ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

e-Government ဆိုသည်မှာအစိုးရအဖွဲ့အစည်းအချင်းချင်းအကြား၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား၊ အစိုးရနှင့်ပြည်သူလူထုအကြားတွင် အပြန်အလှန် ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်များပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းစသည့် လုပ်ငန်းများကို သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ(ICT) သုံးပြီး လုပ်ငန်းများလျင်လျင်မြန်မြန်၊ မှန်မှန်ကန်ကန်၊ စရိတ်သက်သက်သာသာနှင့် ပြီးစီး နိုင်စေရန်အတွက် အစိုးရ၏ သတင်းအချက်အလက်များကို စီမံခန့်ခွဲသည့် စနစ်ကို ခေါ်ဆို ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ လုပ်ငန်းဆောင်တာများမှာ ICT နည်းပညာသုံးပြီး e-Government ကို ပီပီပြင်ပြင် အကောင်အထည်ဖော်လာနိုင်သည်နှင့်အမျှ ပိုမို ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ်ဖြစ်လာပြီး ပွင့်လင်းမြင်သာမှုရှိလာမည်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်ကထက်လွယ်ကူ မြန်ဆန်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်း များကို လည်းများစွာလျှော့ချပေးနိုင်မည်ဖြစ်သည့်အတွက် အစိုးရ၏ အုပ်ချုပ်မှုစနစ်အပေါ်၌ ပိုမိုယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် တိုးတက်လာသည့် နည်းပညာ များကိုအပြည့်အဝသုံးစွဲပြီး ပြည်သူလူထုကို ပိုမိုကောင်းမွန်ချောမွေ့သည့် ဝန်ဆောင် မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ၂၃ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၄/၂ဝ၁၈နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နာယကအဖြစ် ဦးဆောင်သည့်“e-Government ဦးဆောင်ကော်မတီ”ကို လုပ်ငန်း တာဝန်(၅)ရပ်ချ မှတ်ပြီးဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် “e-Government အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ” ကိုလည်း လုပ်ငန်းတာဝန်(၅)ရပ်ချ မှတ်ပြီး ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။

ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဦးဆောင်ကော်မတီက၂ဝ၁၈ခုနှစ်၊ ဇွန် ၁၂ ရက်တွင် e-ID စနစ်လုပ်ငန်းကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယင်းအပြင် e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏အောက်တွင် ဆပ်ကော်မတီ(၈)ခုဖြစ်သည့် ကြီးကြပ်ကွပ်ကဲမှုဆပ်ကော်မတီ၊ အခြေခံအဆောက်အဦစနစ်၊ ပုံစံနှင့်ဒီဇိုင်းဆပ် ကော်မတီ၊ ဝယ်ယူရေးနှင့် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးဆပ်ကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စံသတ်မှတ် ရေးဆပ်ကော်မတီ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပြန်ကြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။

e-Government ဦးဆောင်ကော်မတီအစည်းအဝေးများတွင်လည်း e-ID စနစ် များ နှင့်ပတ်သက်ပြီးခေတ်စနစ်နှင့် လျော်ညီသည့်ဥပဒေ၊ နည်းဥပဒေသစ်များ ပြန်လည် ရေးဆွဲနိုင်ရေး၊ International Standard Organization (ISO) စံကိုက်ညီသည့် မြန်မာ Unicode ကိုစံစနစ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုနိုင်ရေး၊ ICT Institute များတည်ထောင်သွားနိုင်ရေး၊လုပ်ငန်းများဆောင်ရွက်ကြရာတွင်လည်း ခေတ် စနစ်နှင့်လျော်ညီအောင် လုပ်ဆောင်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီးဖြစ် ပါကြောင်း။

e-Government စနစ်အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် "ရေရှည်လုပ်ငန်းစဉ်''များကို ချမှတ်ဆောင်ရွက်သွားရမည့်အပြင် အချိန်တိုအတွင်း ပြည်သူများအတွက်သိသာထင်ရှားသည့် ရလဒ်များရရှိနိုင်မည့် Quick Win Service များအတွက် "ရေတိုလုပ်ငန်းစဉ်''များကိုလည်း စနစ်တကျရေးဆွဲပြီး တစ်ပြိုင်တည်း ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် e-Government အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်စေနိုင်မည့် Myanmar e-Governance Master Plan ကို Asia Development Bank (ADB)၏ ငွေကြေး အထောက်အပံ့၊ အိန္ဒိယနိုင်ငံ၏နည်းပညာကျွမ်းကျင်မှုအကူအညီနှင့် မြန်မာနိုင်ငံရှိ အစိုးရဌာနများ၊ ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်အဖွဲ့များ၊သုတေသနအဖွဲ့အစည်းများ နှင့်အတူ ပြည်တွင်း ပြည်ပက e-Governmentနှင့် ICT နည်းပညာကျွမ်းကျင်ပညာရှင် များနှင့် ပူးပေါင်း၍ ကမ္ဘာ့နိုင်ငံအသီးသီး၏ အတွေ့အကြုံကောင်းများနှင့် နှိုင်းယှဉ် လေ့လာရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း။

e-Government ကိုအကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း (Public Private Partnership – PPP) စနစ်ကို အသုံးပြုသွားမှ ပိုမိုထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှုများကို မြန်မြန်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏ ရန်ပုံငွေဖြင့် ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားရမည့် လုပ်ငန်းများကို ခွဲခြမ်းစိတ်ဖြာတွက်ချက်ထားရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ e-Government စနစ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ရန်နှင့် ဥပဒေနှင့် အညီလိုက်လျောညီထွေ လုပ်ဆောင်နိုင်ရန် အတွက် ပြည်တွင်းကုမ္ပဏီများကသာ စဉ်ဆက်မပြတ်လုပ်ကိုင်ပေးသွား နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ Chief Information Officer (CIO) များ အဖြစ်တာဝန်ပေးထားသည့် ဝန်ထမ်းများအနေဖြင့်လည်း e-Government စနစ်ကူး ပြောင်း လုပ်ကိုင်ရာတွင် တာဝန်ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ လေ့လာသိရှိထားသည်များကို လက်တွေ့လုပ်ငန်းခွင်၌ အသုံးချရမည်ဖြစ် သကဲ့သို့ မသိသေးသည့်ပညာရပ်များကိုလည်း ကြိုးစားသင်ယူကြမည်ဆိုလျှင် မိမိတို့ ဌာန၏ e-Government ဆိုင်ရာအရည်အသွေးနှင့် ဝန်ဆောင်မှုများ ပိုမိုတိုးတက် ကောင်းမွန် ချောမွေ့လာမည်ဖြစ်သကဲ့သို့ မိမိတို့၏ အရည်အသွေးများလည်း တိုးတက် လာမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ဆောင်မှုပေးနေသည့် ပြည်သူများကိုလည်းe-Government စနစ်နှင့် ရင်းနှီးကျွမ်းဝင်လာအောင် ရှင်းလင်းဆွဲဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ သို့မှသာ e-Government စနစ်မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် အောင်မြင်လာမည် ဖြစ်ကြောင်း။

UN e-Government Survey 2018 အရလက်ရှိမြန်မာနိုင်ငံ၏ e-Government Development Index (EGDI) မှာ၂ဝ၁၆ခုနှစ်တွင် အဆင့် ၁၆၉ မှ ဆက်သွယ်ရေး ကဏ္ဍတိုးတက်လာခြင်းကြောင့်၂ဝ၁၈ခုနှစ်တွင် အဆင့် ၁၅၇ အထိ တိုးတက်လာသည် ကိုတွေ့ရပါကြောင်း၊ အဆင့်သတ်မှတ်ချက်တိုးတက်သကဲ့သို့ လက်တွေ့လုပ်ငန်း ခွင်တွင်လည်း တိုးတက်မှုရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် e-Government စနစ် အောင်မြင်နေသည့် နိုင်ငံတကာ အတွေ့အကြုံကောင်းများကို အခြေခံလေ့လာပြီး အခက်အခဲများကို ကျော်လွှားနိုင်သည့် အလေ့အကျင့်ကောင်းများကိုရယူကာ မြန်မာ နိုင်ငံ၏ e-Government စနစ် အောင်မြင်မှုရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြပါဟု မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် e-Government Forum ကို e-Government ဦးဆောင်ကော်မတီ၏လမ်းညွှန်မှု၊ e-Government အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးသည့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်းများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများသည် နိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်နည်းပညာများ စဉ်ဆက်မပြတ် အကြံပြု ပံ့ပိုးရင်း နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ပေါင်းကူး ချိတ်ဆက်ပေးပြီး e-Government စနစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက်ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရေးဆွဲထားသော Myanmar e-Governance Master Plan တွင်ပါဝင်သည့် ဥပဒေမူဝါဒလမ်းညွှန်ချက် စံသတ်မှတ် ချက်များချမှတ်ထားရှိမှု အခြေအနေ၊ ICT Infrastructure များ တည်ဆောက်ထားရှိမှု အခြေအနေ၊ Application Software များဖြင့် ပြည်သူများသို့ e-Service များ ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေမှုအခြေအနေ၊ နိုင်ငံတော်အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများအနေဖြင့် ရိုးရှင်းလွယ်ကူစွာ အသုံးပြုသွားနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို '' National Strategy and Framework for Digital Government '' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ '' Implementation Challenges and Opportunities for Local Industry ''ခေါင်းစဉ် ဖြင့်လည်းကောင်း၊ '' Role of Private Sector in e-Government ''ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျွမ်းကျင်ပညာရှင်များ စကားဝိုင်းဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့်လည်း ကောင်း ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦး၊ e-Government ဦးဆောင် ကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ နာယကဦးသိန်းဦးနှင့် ဥက္ကဋ္ဌဦးခွန်ဦး၊ e-Government အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း နာယကဦးတင်ဝင်းအောင်နှင့် ဖိတ်ကြားထားသည့် အသိပညာရှင်အတတ် ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။