မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတဦးဝင်းမြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတဦးဝင်းမြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ဒုတိယဥက္ကဋ္ဌ ၊ အထွေထွေ အတွင်းရေးမှူး နှင့် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ က မြန်မာနိုင်ငံကြက်ခြေနီအသင်း ရပ်တည်နေသည့် အခန်းကဏ္ဍ၊ အသင်း၏မူဘောင်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သဘာ၀ဘေးတုံ့ပြန်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပဋိပက္ခ လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေမှု၊ ကြက်ခြေနီအသင်းဥပဒေ ပြဋ္ဌာန်းထားရှိမှု၊ ရွေးချယ် တင်မြှောက်ရေး စည်းမျဉ်းစည်းကမ်း၊ အလုပ်အမှုဆောင်ဦးရေနှင့် ကောင်စီဝင်ဦးရေ၊ စေတနာလုပ်အားရှင်များနှင့် ရာသက်ပန် အသင်းဝင်အင်အား၊ ဝန်ထမ်း ခန့်ထားမှု၊ နိုင်ငံတကာအသင်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရန်ပုံငွေရရှိမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံတော်ရဲ့ တစ်ခုတည်းသော အမျိုးသားကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိ ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတော်၏အရန်အင်အား ဖြစ်ပါကြောင်း၊ လူမှုဂရုဏာ လုပ်ငန်းများတွင် လွတ်လပ်၍ ဘက်မလိုက်သော အသင်းအဖွဲ့အဖြစ် တည်ရှိပါကြောင်း၊ ဂျီနီဗာသဘောတူညီချက်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီလှုပ်ရှားမှုဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ဆောင်ချက်များ ပေါ်လွင်လာမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးနှင့် အမျိုးသား အကျိုးစီးပွားအတွက် ရပ်တည်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အလှူငွေများ လှူဒါန်းမှုကို လက်ခံနိုင်သော်လည်း နှောင်ကြိုးဖြင့် လှူဒါန်းမှုများ မဖြစ်စေလိုပါကြောင်း၊ မွန်မြတ်သည့် လူမှုဂရုဏာလုပ်ငန်း လုပ်ဆောင်သူများ အနေဖြင့် ငွေကြေးအလွဲသုံးစားမှုများ မရှိနိုင်ပါကြောင်း၊ သို့သော်လည်း လုပ်မှားကိုင်မှား ရှိနိုင်ပါကြောင်း၊ ယင်းသို့ မဖြစ်စေရန် ပွင့်လင်းမြင်သာမှုရှိပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမှတ်တံဆိပ်နှင့် သင်္ကေတအား အလွဲသုံးမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် အကြံပြုလိုသည်မှာ ယင်းနှင့်စပ်လျဉ်းသည့် ဥပဒေကို အသစ် ပြန်လည်ရေးဆွဲခြင်း သို့မဟုတ် လက်ရှိဥပဒေကို ပြင်ဆင် ဖြည့်စွက်ခြင်း စသည်ဖြင့် မည်သို့ဆောင်ရွက်သင့်သည်ကို စဉ်းစားစေလိုပါကြောင်း၊ ပြင်ဆင်မည်ဆိုပါက ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေတစ်ခုသည် ရာနှုန်းပြည့် မပြည့်စုံနိုင် ပါကြောင်း၊ လိုအပ်ပါက နည်းဥပဒေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆက်လက်ပြဋ္ဌာန်း ရပါကြောင်း၊ လိုအပ်ပါက လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်နိုင်ပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဥပဒေနှင့်အညီ အသုံးချပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ကျစ်လစ်ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းများအဖြစ် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် သွားစေလိုပါကြောင်း၊ လူမှုဂရုဏာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များကို စနစ်တကျ ပြုစုပျိုးထောင် ပညာပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အတွက် လိုအပ်သည့် ရန်ပုံငွေကိုလည်း ဝန်ကြီးဌာန၏ တင်ပြချက်အပေါ်တွင် တတ်စွမ်းသရွေ့စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ က မြန်မာနိုင်ငံကြက်ခြေနီအသင်းရာသက်ပန်အသင်းဝင် တံဆိပ်ကို ဂါရ၀ပြု တပ်ဆင်ပေးသည်။ အသင်း၏အမှတ်တံဆိပ် ကျောက်စီပန်းချီကားကို ဂါရ၀ပြုလက်ဆောင်အဖြစ် ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် အလှူငွေ ကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းနှင့် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မောင်ခင်၊ ဦးပေါ်မြင့်ဦး၊ ဦးဂဲနက်စ်၊ ဒေါက်တာတင်ညွန့်၊ ဦးမျိုးမင်းနောင်နှင့် ဦးဝေဠုကျော် (ခ) ဦးဝေဠုကျော်စွာ တို့ တက်ရောက်ကြသည်။