(၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား နေပြည်တော်၌ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email





နေပြည်တော်၊ အောက်တိုဘာ ၁



(၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။



အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။



ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အလံတင်အခမ်းအနားပြုလုပ်ပြီး ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ကြသည်။



အခမ်းအနားတွင် ဒုတိယသမ္မတ က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းမှစတင်၍ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့”ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း။ အဆိုပါနေ့ ကိုပင် ရဲတပ်ဖွဲ့နေ့ဟုသတ်မှတ်ခဲ့ပြီး ထိုအချိန်ကတည်းက ဦးထိပ်ပန်ဆင်ထားသော “သစ္စာ သမာဓိ၊ သတ္တိ ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရ ပါကြောင်း၊ ထိုမှတဆင့် ၁၉၉၅ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမည်သို့စတင်ပြောင်းလဲခဲ့ပြီး ပြည်သူ့အကျိုး စီးပွားကိုပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ ဖြစ်လာစေရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာအောင် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုလျှင် ( ၅၄ ) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း။



မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် ပြည်တွင်းလုံခြုံရေး နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း။



ယနေ့ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအပါအဝင် အမျိုးစုံသောမှုခင်းများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးကြိုးပမ်းရာတွင် မှုခင်းများ များပြားခြင်းနှင့် လျော့နည်းခြင်းတို့ ကိုဖြစ်စေသည့် အကြောင်းတရားများသည် ဆက်စပ်လျက်ရှိသည့် လူမှုရေးပြဿနာများ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ စီးပွားရေးဆိုင်ရာပြဿနာများ၊ မူးယစ်ဆေးဝါးပြဿနာ များနှင့် နီးကပ်စွာဆက်နွယ်နေသည့်အတွက် လက်ရှိကျင့်သုံးနေသည့် ဥပဒေများနှင့် တရားစီရင်ရေး စနစ်တို့ အပေါ်တွင်သာမှီခိုအားထားခြင်းတစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲရဲတပ်ဖွဲနှင့် အတူတရားစီရင်ရေးကဏ္ဍအပါအဝင်၊ ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နေရာချထားရေးနှင့် အလုပ်အကိုင် ရှာဖွေရေးကဏ္ဍများ၊ မီဒီယာ၊ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးအရေးကြီးပါကြောင်း။



ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့် အလေးထားကိုင်တွယ် ဖြေရှင်း နေရသည့် ပြဿနာတစ်ရပ်မှာ မူးယစ်ဆေးဝါးပြဿနာပင်ဖြစ်ပါကြောင်း။ ယနေ့ ကမ္ဘာတွင် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာ၌ နိုင်ငံအစိုးရအသီးသီးသည် နိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပထဝီမြေအနေအထားတို့အပေါ်အခြေခံပြီး ချဉ်းကပ်မှုပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်း ထိန်းသိမ်း ဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံ၌လည်း မူးယစ်ဆေးဝါး ပြဿနာကိုကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရပြီး နိုင်ငံတော်အစိုးရ အဆက်ဆက် မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့် အတွေ့အကြုံများအရ မူးယစ်ဆေးဝါးပြဿနာကို ပိုမိုထိရောက်စွာ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်လာသည်ကို တွေ့ရှိရပါကြောင်း။



မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် UNODC ၏ အစီရင်ခံစာအရဘိန်းစိုက်ပျိုးမှုတွင် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဘိန်းမဲကို အခြေခံသည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင်လည်း ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရှိရပါကြောင်း။ သို့သော် ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် စိတ်ကြွဆေးပြားကဲ့သို့သောစိတ်ပြောင်းဆေးဝါးအသစ်များ ထွက်ရှိလာ သကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်း၊ပြည်ပ ဝယ်လိုအားရှိနေသည့်အတွက် ထုတ်လုပ်မှု ပိုမိုများပြားနေသည်ကို တွေ့ရှိရပါကြောင်း။ ဝယ်လိုအားကိုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းသုံးစွဲမှု ကို လမ်းလွဲမရောက်ရှိစေရေးအတွက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း များနှင့် အတူသက်ဆိုင်ရာဌာနအသီးသီးက ပူးပေါင်းဖြေရှင်းပေးမှ သာထိရောက်စွာ ထိန်းချုပ် နိုင်မည်ဖြစ်ပါကြောင်း။ ထို့ပြင် တရားမဝင် လမ်းကြောင်းမှ ပြည်တွင်း၊ ပြည်ပသယ်ဆောင် ရောင်းဝယ်နေခြင်းများကိုလည်း ထိထိရောက်ရောက် တားဆီးထိန်းချုပ်နိုင်ရန် အရေးကြီး ပါကြောင်း။



မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေးနှင့် အခြေခံ စီးပွားရေးတို့ကိုအမျိုးမျိုးပျက်သုဉ်းစေသကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အကြမ်းဖက် မှုခင်းများ၏ အကျိုးဆက်ရလဒ်အဖြစ် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုး ရေးကိုပါ ထိခိုက်လှိုက်စားလာသည်ကို တွေ့ရှိရပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါး ပြဿနာကို ပူးပေါင်းကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း သုံးခုကိုအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီးဖြစ်ပါကြောင်း။ အဆိုပါ ကွန်ဗင်းရှင်းများနှင့် အညီဥပဒေများပြင်ဆင်ပြဋ္ဌာန်းပြီးဖြစ်သကဲ့သို့ မူးယစ်ဆေးဝါးထိန်းချုပ် ရေးအာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းပြီး စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။



မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဆောင်ရွက်နေသည့် တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်ရေး ကဏ္ဍတို့၏ မဟာဗျူဟာတစ်ခုတည်းအပေါ်၌သာ အခြေပြုနေရုံဖြင့် မရတော့ဘဲ အခြား ကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်လာပါကြောင်း။ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့ မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ ဘက်ပေါင်းစုံချဉ်းကပ်မှုများ ပါဝင်သည့် မူးယစ်ဆေးဝါးမူဝါဒများ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းအကြံပြု ချက်များကိုချမှတ်ခဲ့ပါကြောင်း။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း ကုလသမဂ္ဂလုပ်ငန်း အကြံပြုချက်များနှင့်အညီ ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်တွင် ရေးဆွဲပြဌာန်းထားပြီးဖြစ်ပါကြောင်း။



မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျှော့ချရေးနှင့် အစားထိုး ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေးအတွက် သုံးစွဲမှုနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးစသည့် ကဏ္ဍပေါင်းစုံ ပါဝင်သော မူးယစ်ဆေးဝါးပြဿနာလျှော့ချစေခြင်းအားဖြင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။



အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းစီမံချက် ( Action Plan ) တစ်ခုကို ( ၂ ) နှစ်ကာလ သတ်မှတ်၍ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။



မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျလက်ခံ အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၌ “မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာန” ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။



မြန်မာနိုင်ငံသည် “လူကုန်ကူးမှုတိုက်ဖျက်ရေး”ကိုလည်း ၁၉၉၇ ခုနှစ်ကစတင်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တိုက်ဖျက်လာခဲ့ပါကြောင်း။ ယခုဆိုလျှင် နှစ်ပေါင်း(၂၀)ကျော်ခဲ့ပြီဖြစ်ပါကြောင်း။ အဆိုပါကာလအတွင်း ထိရောက်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ ကုလသမဂ္ဂနှင့် အာဆီယံဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေး စာချုပ်စာတမ်း များတွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးနိုင်ခြင်း၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။



မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ် စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိတတိယ (၅)နှစ် စီမံကိန်းတွင်မူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲ ဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးစသည့် ကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။



မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ်အဖွဲ့ဝင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အင်တာပိုလ် ဌာနချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများအတွင်းနိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ၊ မှုခင်းပိုင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှုများအပြင် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊အစည်းအဝေးများ၊ သင် တန်းများနှင့် မှုခင်းတားဆီးနှိမ်နင်းရေးစစ်ဆင်ရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။



ထို့ပြင် အင်တာပိုလ်အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မှုခင်းတားဆီးနှိမ်နင်းရေး စစ်ဆင် ရေးများဖြစ်သည့် ၂၀၁၈ ခုနှစ်အတွင်း အင်တာပိုလ်၏ ဆေးဝါးတုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ လူမှောင်ခိုကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ နယ်စပ်ဒေသစီမံခန့်ခွဲမှုလုပ်ငန်း စဉ်များနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများရှိ နယ်စပ်ဝင်၊ထွက်ပေါက်များတွင် ရာဇဝတ်မှု ကျူးလွန်သူများနှင့် အကြမ်းဖက်မှုဖြင့် သံသယရှိသူများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကို အင်တာပိုလ်သတင်းအချက်အလက်စနစ်ဖြင့် ချိတ်ဆက်တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်း များကိုလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။



အလားတူအာဆီယံအမျိုးသားရဲအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့် နှစ်စဉ်ပြုလုပ်သည့် အာဆီယံအမျိုးသားရဲအဖွဲ့ရဲချုပ်များညီလာခံကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပုံမှန်တက်ရောက်လျက်ရှိပြီး တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်းများ၊ ပင်လယ်ရေကြောင်း လိမ်လည်မှု၊ စီးပွားရေးမှုခင်း၊ ဘဏ်နှင့်အကြွေးဝယ်ကတ် လိမ်လည်မှုများ၊ ဆိုက်ဘာနှင့် ကွန်ပျူတာမှုခင်း၊ ခရီးသွားအထောက်အထားများ အတုပြုလုပ်မှု၊ နိုင်ငံဖြတ်ကျော်လိမ်လည်မှု စသည့် မှုခင်းကိစ္စရပ်များ၊ အာဆီယံရဲအဖွဲ့ သတင်းအချက်အလက် ထိန်းသိမ်းမှုစနစ် တိုးတက်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲတပ်ဖွဲ့ဝင်နိုင်ငံများအကြား အမှုကြီးများ စီမံခန့်ခွဲမှုနှင့် မှုခင်းစုံစမ်းစစ်ဆေးရေး သင်တန်းများ ဖလှယ်ရေး၊ အာဆီယံရဲအဖွဲ့ မှုခင်းစုံစမ်းစစ်ဆေးမှုကွန်ရက်တည်ထောင်ရေး တို့နှင့်ပတ်သက်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။



မျက်မှောက်ခေတ်အခြေအနေကို ကြည့်မည်ဆိုလျှင် နည်းပညာတိုးတက်မှုနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများသည် အချိန်နှင့်အမျှပြောင်းလဲတိုးတက်လျက် ရှိနေပါကြောင်း။ အဆိုပါတိုးတက်ပြောင်းလဲမှုများနှင့်အတူ ဖြစ်ပေါ်လာသည့် မှုခင်းပုံစံသစ် များ ရှိလာသကဲ့သို့ အကြမ်းဖက်မှုများကြောင့် မတည်ငြိမ်မှုဖြစ်ခြင်းများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်အဆင့်ဆင့်တိုင်း အရည်အသွေး ပြည့်ဝနေစေရန် စဉ်ဆက် မပြတ် လေ့ကျင့်ဖြည့်ဆည်းပေးသွားကြရမည်ဖြစ်ပါကြောင်း။



ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်တွင်း၊ပြည်ပအလုပ်ရုံဆွေးနွေးပွဲများ၊ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများသို့ စေလွှတ်လျက်ရှိပြီး ရရှိလာ သည့် အတွေ့အကြုံများမှတစ်ဆင့် တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းစွမ်းရည် များ မြင့်မားလာစေရုံသာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။



ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရေးအတွက် ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် နယ်ပယ်(၄)ရပ် သတ်မှတ်ထားပြီး နိုင်ငံတကာ စံနှုန်းနှင့်ညီသည့် ရဲလုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသိပညာပေးမှု၊ ပြည်သူလူထု ပူးပေါင်း ပါဝင်သောရဲလုပ်ငန်းများ၊ ကျား/မ ခွဲခြားမှုမရှိသော လူ့အခွင့်အရေးဆိုင်ရာများ၊ ဝန်ဆောင်မှု ကို ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာ သင်တန်းများ၊ မှုခင်းစုံစမ်းစစ်ဆေးခြင်း သင်တန်းများ၊ တာဝန်ယူမှုလုပ်ငန်းစဉ်များ၊ မီဒီယာပူးပေါင်းပါဝင်မှုကဏ္ဍ၊ ထိရောက်သော စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။



မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအား ဥပဒေရေးရာများ၊ မှုခင်းဆိုင်ရာများ နှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးခြင်းများကို အလေးထားမြှင့်တင်ဆောင်ရွက်လျက် ရှိပြီး ပြည်သူများကလည်းသွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သတင်းပေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ တိုးမြှင့်လာခြင်းဖြင့် မှုခင်းများကို ပိုမိုဖော်ထုတ်တားဆီးအရေးယူ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။



နိုင်ငံတော်၏ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီရဲတပ်ဖွဲ့၏ အခန်း ကဏ္ဍသည်လည်းအရေးပါလာသည့်အတွက် ဖွဲ့စည်းပုံနှင့် အင်အားတိုးတက်ပြောင်းလဲဖွဲ့ စည်းခဲ့သကဲ့သို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့များနှင့် ဆက်ဆံမှုနယ်ပယ် ပိုမိုကျယ်ပြန့်လာသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကိုအဆင့်မြှင့်တင် တိုးချဲ့ဖွဲ့စည်း ခဲ့ပါကြောင်း။



တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ သည်အရေးကြီးသကဲ့သို့ ပြောင်းလဲလာသည့် မှုခင်းပုံစံအခြေအနေသစ်များကြောင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တွင် ခေတ်မမီတော့သည့် လက်နက်များအစား ခေတ်မီလက်နက်များကို ပြောင်းလဲတပ်ဆင်ခြင်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မှုခင်းသုံးခေတ်မီ နည်းပညာပစ္စည်းများ၊ DNA ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၊ Mobile X- Ray ယာဉ်များ၊ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။



တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအပေါ်တွင် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ပြုဆုတံဆိပ်များကို နှစ်စဉ်နှစ်တိုင်း စိစစ်ချီးမြှင့်ပေးလျက်ရှိသည့်အတွက် တပ်ဖွဲ့ဝင် များ၏စိတ်ဓါတ်မြှင့်တင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်းအသက်ပေးလှူ၊ ကိုယ်အင်္ဂါ စွန့်လှူသွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် များအတွက် ရဲတပ်ဖွဲ့ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်နှင့် ကြိုးပမ်းမှုများ အပေါ်၌လည်း အသိအမှတ်ပြုရမည်ဖြစ်ပါကြောင်း။



မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည် ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ ရဲတပ်ဖွဲ့ကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံ တိုးချဲ့ ပြင်ဆင်မှု၊ ခေတ်မီပစ္စည်းကိရိယာများ၊ လုံခြုံရေးအသုံးအဆောင်များ စသည်တို့ကို ခေတ် ကာလနှင့်လျော်ညီအောင် နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်နေ သကဲ့သို့ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ် ကောင်းမွန်ရေး၊ စွမ်းရည် ပြည့်ဝရေး ဆိုသည်များကို တပ်ဖွဲ့ဝင်တစ်ဦးချင်းစီက စဉ်ဆက်မပြတ် ဆက်လက် ခံယူလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။



ထို့အပြင် မိမိတို့၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက် များ ကောင်းမွန်မှု၊ မှုခင်းဖြစ်ပွားမှုအခြေအနေများကို ထိရောက်စွာ ထိန်းချုပ်နိုင်မှု၊ ပြည်သူ များ၏ လိုလားချက်များအပေါ် တရားဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်မှု စသည့် အခြေအနေများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုထံသို့ မှန်ကန်သည့် သတင်း အချက်အလက်များ ပို့ဆောင်နိုင်ခြင်းနှင့် မှုခင်းနှင့်သက်ဆိုင်သည့် အကြောက်တရားများ လျှော့ချ ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။



မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူဥပဒေကိုကိုင်တွယ်အသုံးပြုရာတွင်ပွင့်လင်းမြင်သာပြီးတာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်ရန်ကြိုးပမ်းကြစေလိုပါကြောင်း။ ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်း၍ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရသည့် မိမိတို့အလုပ်တာဝန်များကို တန်ဖိုးထားဂုဏ်ယူ စွာဖြင့် အစဉ်ကြိုးပမ်းလုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။



ယင်းနောက် အခမ်းနားကိုအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက စွမ်းရည်သတ္တိ ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူ (၂) ဦးနှင့် DNA ကျွမ်းကျင်ပညာရှင် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ (၁) ဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။



ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်ဖွဲ့ဝင်(၄)ဦးအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက စံပြရဲဆု ရရှိသည့် တပ်ဖွဲ့ဝင် ( ၅ ) ဦးအားလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။



ထို့နောက် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။



ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသူများက (၅၄)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။



အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ် ကြီးအောင်ဝင်းဦး၊ ဒုတိယရဲချုပ်များ၊ ရဲဦးစီးအရာရှိချုပ်နှင့် တာဝန်ရှိသူများက ရပ်ရွာအေး ချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည့် တာဝန်သိပြည်သူ(၄) ဦးနှင့် အနုပညာရှင်များ၊ အဆင့်တိုးမြှင့်ခြင်းခံရသည့်တပ်ဖွဲ့ဝင်(၆)ဦး၊ အားကစားထူးချွန်ဆုရရှိသူ (၁) ဦး၊ ရုံးဝန်ထမ်းထူးချွန်ဆုရရှိသူ (၆)ဦး၊ အမျိုးသမီးစွမ်းဆောင် ဆု( ၁ )ဦးနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆု ရရှိသူမိသားစုဝင် ( ၃ )ဦးတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။