ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဏိပူရ်မြစ်ကူး ဗားရ်တံတား တည်ဆောက်ရန် လျာထားသည့်နေရာ၊ ဝေဘူလလမ်း၊ ဘုတ်ဗားရ်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် မဏိပူရရေလှောင်တမံတို့အား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

 

နေပြည်တော် အောက်တိုဘာ ၁

ဖလမ်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်အမှတ် ၆၈/၅ အနီး မဏိပူရ်မြစ်ကူး ဗားရ်တံတားအသစ် တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆောက်လုပ်မည့် နေရာရွေးချယ် ထားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကလေး-နတ်ချောင်း-ဗားရ်-ဖလမ်း ကို ဆက်သွယ်ပေးသည့် ဝေဘူလလမ်း ပြုပြင်ခြင်း၊ လမ်သားချဲ့ခြင်းလုပ်ငန်းများ ဆောင် ရွက်ထားမှုနှင့် လမ်း၏အခြေအနေကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ယင်းလမ်းပေါ်ရှိ ဘုတ်ဗားရ်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့်တာဝန်ရှိသူများက တံတားဆိုင်ရာ အချက် အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဝေဘူလမြို့သို့ ရောက်ရှိရာ ဒေသခံ များက ရိုးရာယဉ်ကျေးမှု အကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ မဏိပူရရေလှောင်တမံဘက်စုံ စီမံကိန်းသို့ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေလိုအပ်ချက်နှင့် နှစ်အလိုက် ရန်ပုံငွေသုံးစွဲမှု၊ စီမံကိန်းအကောင်အထည် ဖော်ပြီး စီးမှု၊ B.O.T စနစ်ဖြင့် လွှဲပြောင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် တို့က ဖြည့်စွက်ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက မဏိပူရရေ လှောင်တမံစီမံကိန်း သည် စိုက်ပျိုးရေအတွက်သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရမြစ် ရေလမ်းကြောင်း ကောင်းမွန်လာမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှုလုပ်ငန်း များကိုပါ များစွာအထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးကို တိုက်ရိုက်အကျိုးပြုနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး ရှုရပ်မှနေ၍ မဏိပူရ ရေလှောင်တမံ စီမံကိန်း ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်း၌ရှိပြီး မြစ်သာမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သော မဏိပူရမြစ်ပေါ်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာ ဧက ၈၀၀၀၀ ခန့် စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ မူလဒီဇိုင်း အတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် ၃၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ ရေကြီးနစ်မြုပ်မှု လျော့ပါး သက်သာ စေမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကလေးမြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့် ပြန်လည်ထွက်ခွာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက် ရှိကြသည်။