ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေး စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေး စီမံကိန်းတို့အား ကြည့်ရှုစစ်ဆေး



ဖလမ်း စက်တင်ဘာ ၃၀

နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ကလေးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မော်္တော်ယာဉ်များဖြင့် တီးတိန်မြို့နယ် လိုင်တွီးကျေးရွာသို့ ရောက်ရှိကြရာ လိုင်တွီးကျေးရွာ ဒေသခံများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရိဒ်ခေါဒါရ်မြို့သို့ ရောက်ရှိကြပြီး မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စခန်းတာဝန်ခံ ဦးစံဖြိုးဝေနှင့် တာဝန်ရှိသူများက ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေး နှစ်မှ ၂၀၁၈ အထိ ပို့ကုန်/ သွင်းကုန် ကုန်သွယ်မှုပမာဏနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပို့ကုန်/ သွင်းကုန် ကုန်သွယ်မှုပမာဏလျာထားချက်၊ အခွန် ကောက်ခံရရှိမှု၊ လုပ်ငန်း များဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ကုန်သွယ်ရေးစခန်း အတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အိန္ဒိယ အကူအညီဖြင့် ဖောက်လုပ်မည့် တီးတိန်-ရိဒ်ခေါဒါရ်လမ်းသစ် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့်ဦးကျော်လင်းတို့က ဖြည့်စွက်တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပို့ကုန်ပမာဏ ပိုမိုတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက်နိုင်ငံက ဝယ်လိုသည့်ကုန်ပစ္စည်းနှင့် ဈေးကွက်အခြေအနေကို အမြဲလေ့လာရန်လိုကြောင်း၊ သွင်းကုန်များအနက် ဓာတ်မြေ ဩဇာနှင့်ပိုးသတ်ဆေးများကို သက်ဆိုင်ရာဌာနမှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ခွင့်ပြုရန် သတိပြုစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်ချကွင်း သို့ရောက်ရှိပြီး ကုန်ချကွင်းအခြေအနေနှင့် အသစ်ပြန်လည်ဆောက်လုပ်ရန် လျာထား သည့် ကုန်စစ်စင်ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယသမ္မတက ယခုအခါ ရိဒ်ခေါဒါရ်-ဇိုခေါဒါရ်ကို နိုင်ငံတကာ နယ်စပ် ဝင်/ထွက် ဂိတ်အဖြစ် အဆင့်မြှင့်တင်ပြီးဖြစ်ရာ ကုန်သွယ်မှုအပြင် ခရီးသွား လုပ်ငန်းအတွက်ပါ များစွာအထောက်ကူပြု တိုးတက်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာ နယ်စပ် ဝင်/ထွက်ပေါက် ဖြစ်လာသည့်အတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများကို နိုင်ငံတကာနှင့်လျော်ညီသည့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရာတွင်လည်း မိမိနိုင်ငံနှင့် သင့်တော်သည့် ပုံစံဖြစ်ရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ရိဒ်ခေါဒါရ် နိုင်ငံတကာ နယ်စပ် ဝင်/ထွက် ပေါက်သို့ရောက်ရှိပြီး နယ်စပ် ဝင်/ထွက် ဂိတ်၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေမှု လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံကူး လက်မှတ်နှင့် ဗီဇာ ပြုလုပ်ရန်အခက်အခဲရှိသူများ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေး ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ အနီးဆုံးနေရာများတွင် ပြုလုပ်နိုင် မည်ဆိုပါက နှစ်နိုင်ငံ ပြည်သူများ ဝင်/ထွက် သွားလာမှု ပိုမိုအဆင်ပြေစေလာမည်ဖြစ် ပါကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရိဒ်ရေကန်သို့ ရောက်ရှိကြရာ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဒေသခံပြည်သူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်ထောင်စုရိပ်သာ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ဒေသခံများက ဒေသ၏ကျန်းမာရေးလိုအပ်ချက်၊ သောက်သုံးရေ လိုအပ်ချက်နှင့် မြို့နယ်ခန်းမ ဆောက်လုပ်ပေးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင် သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့်အဖွဲ့အား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင် နီယာမှူး ဦးထွန်းဇော်က လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်းများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များ၊ မြေထိန်းနံရံတည်ဆောက်မည့်ပုံစံ၊ လေဆိပ်အတွက် ရေရရှိ ရေးနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှု၊ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ပထမအဆင့် ပြီးစီးနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လေယာဉ်ကွင်းတည်ဆောက်ရာ တွင် ရေရှည်ခိုင်ခံ့မှုရှိရေး သတ်မှတ်စံချိန်စံညွှန်းမှီအောင် တည်ဆောက်သွားရန်၊ ဗက်တိုဘာမြက် စိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး စနစ်တကျ ကြိုးစားကြပ်မတ်ဆောင်ရွက်ရန်နှင့် လေယာဉ်ပြေးလမ်း မြေဖို့၊ မြေကြိတ်ခြင်း လုပ်ငန်းများတွင် အရည်အသွေးကို စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင် ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဆူရ်ဘုန်လေယာဉ်ကွင်းပြေးလမ်း ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ညပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖလမ်းမြို့သို့ ရောက်ရှိကြပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တောင်ဇလပ်ရိပ်သာ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ဇိန်မှုတောင် အမျိုးသားသဘာ၀ဥယျာဉ်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေမှု၊ လိုင်သီးလီဆည် တည် ဆောက်မှု၊ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု အခြေ အနေနှင့်ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတ က ပြန်လည်သုံးသပ်ဆွေးနွေးပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

တွေ့ဆုံပွဲများတွင် ဒုတိယသမ္မတက တမူး-မိုရေး နယ်စပ်ဂိတ်နှင့် ရိဒ်ခေါဒါရ်-ဇိုခေါဒါရ် နယ်စပ်ဂိတ်များကို နိုင်ငံတကာ ဝင်/ထွက် ပေါက်များအဖြစ် အဆင့်တိုးမြှင့် ခဲ့ပါကြောင်း၊ ယခင်က မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တွင် နိုင်ငံတကာ ဝင်/ထွက် ပေါက် ၄ ခုသာရှိခဲ့ပြီး ယခုအခါ အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာ ဝင်ထွက်ပေါက် ၂ ခု ထပ်မံ ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဝင်/ထွက်ပေါက် ဖြစ်လာသည့်အတွက် နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်အောင် အခြေခံအဆောက်အအုံများကို ဆက်လက် လုပ်ဆောင်သွားရန်ရှိပါကြောင်း၊ နိုင်ငံတကာ ဝင်/ထွက် ပေါက်အဖြစ် ဖွင့်လှစ်ခဲ့ခြင်း ကြောင့် နှစ်ဖက်နိုင်ငံသားများသာမက တတိယနိုင်ငံသားများပါ ဗီဇာဖြင့် ဝင်ရောက်လာ နိုင်မည်ဖြစ်ရာ ယခုထက် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရိဒ် ရေကန်သည် ချင်းပြည်နယ်၏ သင်္ကေတတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ရိဒ်ရေကန်ကို တာဝန်အရ မဟုတ်ဘဲ အမျိုးသားရေးစိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်းထိမ်းကြရန် တိုက် တွန်းပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စေတနာထား၍ ဒေသ၏လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ပြောကြားသည်။