ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူးမြစ်ကူးတံတား(ရေဦး)စီမံကိန်း၊ ရေဦး-ကလေးဝလမ်းနှင့် ကလေး၀-တမူး လမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင်တင်ခြင်းလုပ်ငန်း၊ ရာဇဂြိုဟ်ဆည်နှင့် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူးမြစ်ကူးတံတား(ရေဦး)စီမံကိန်း၊ ရေဦး-ကလေးဝလမ်းနှင့် ကလေး၀-တမူး လမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင်တင်ခြင်းလုပ်ငန်း၊ ရာဇဂြိုဟ်ဆည်နှင့် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား ကြည့်ရှုစစ်ဆေး

ကလေး စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်းတို့နှင့်အတူ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မုံရွာမြို့ ချင်းတွင်းရိပ်သာ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်နေသည့် လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများကို ဖြည့်စွက်တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး လုပ်ငန်း များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

မုံရွာမြို့သို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင် မော်္တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ ရေဦးမြို့သို့ ရောက်ရှိကြပြီး မူးမြစ်ကူးတံတား (ရေဦး) တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးကျော်လင်းက မူးမြစ်ကူးတံတားဆိုင်ရာအချက် အလက်များ၊ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက ယခုစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ သိရှိနားလည်အောင် အသိပညာပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရေဦး-ကလေးဝလမ်း အဆင့်မြှင့်တင်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မော် တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

ထ်ို့နောက် ဒုတိယသမ္မတသည် ရေဦး-ကလေးဝလမ်း မိုင်တိုင်အမှတ် ၅၃/၀ နှင့် ၅၃/၆ အကြားရှိ ကျောက်စီမြေကာနံရံ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကလေး၀မြို့နယ် လမ်းအထူး(၇) ရိပ်သာသို့ရောက်ရှိကြရာ အိန္ဒိယနိုင်ငံ Punj Llyod-Varaha Infra Ltd(JV) ကုမ္ပဏီနှင့် NCSL-MTDCL JV ကုမ္ပဏီတို့မှ တာဝန်ရှိသူများက အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့မှု ဖြင့်ဆောင်ရွက်မည့် ယာကြီး-ကလေးဝလမ်္း ၇၅ မိုင် ၅ ဖာလုံ လမ်းအပိုင်းအား နိုင်လွန် ကတ္တရာ ၂ လမ်းသွား အကျယ် ၂၄ ပေ လမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းနှင့် ကလေး၀-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင်တင်ခြင်း လုပ်ငန်းများစတင် အကောင်အထည်ဖော်မည့်အချိန်၊ ပြီးစီးမည့်အချိန်နှင့် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

မုံရွာ-ယာကြီး-ကလေးဝလမ်းသည် ၁၁၅ မိုင် ၅ ဖာလုံရှည်လျားသည်။ အဆိုပါ လမ်းအဆင့်မြှင့်တင်ရာတွင် မုံရွာမြို့မှစတင်၍ မိုင် ၄၀ အထိလမ်းပိုင်းကို မြန်မာနိုင်ငံ အစိုးရက BOT စနစ်ဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ကျန် ၇၅ မိုင် ၅ ဖာလုံကို အိန္ဒိယအစိုးရ၏ အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၁၈၁ သန်းဖြင့်လည်းကောင်း၊ ကလေး၀-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အိန္ဒိယအစိုးရ၏ အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၅၄ သန်းဖြင့် လည်းကောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၅ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်း စီမံကိန်းများကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တမူး-ကလေး၀-မုံရွာလမ်းပိုင်းသည် အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ဆက်သွယ်သည့် လမ်းမကြီးပေါ်တွင်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှုကို များစွာ အကျိုးပြုနိုင်မည့် လမ်းပိုင်းတစ်ခုဖြစ်သည်။

ထို့နောက် ဒုတိယသမ္မတသည် ကလေး၀မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရန် ငွေကျပ်သိန်း ၁၀၀ ကိုပေးအပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကိုကိုနိုင်က လက်ခံရယူသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကလေး၀-တမူး လမ်းပေါ်ရှိ အဆင့်မြှင်တင်မည့် တံတားများအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ ရာဇဂြိုဟ်ရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်း ဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ဆည်ရေပေးဝေနိုင်မှု၊ ဆည်အတွင်းနုန်းဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ ရေပိုမိုသိုလှောင် နိုင်ရန်ဆောင်ရွက်ရမည့် အခြေအနေနှင့်ဆည်ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဆည်ရေသိုလှောင်နိုင်သည့် ပမာဏပြည့်မီအောင်သိုလှောင်နိုင်ရန် နုန်းများဆယ်ယူရန်လိုကြောင်း၊ နုန်းဆယ်ယူခြင်း လုပ်ငန်းမဆောင်ရွက်မီ စနစ်တကျ လေ့လာဆန်းစစ်မှုများ ပြုလုပ်၍ အထိရောက်ဆုံး နည်းလမ်းကို အသုံးပြုရန်လိုကြောင်း၊ နုန်းများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုး ရှိရှိ ပြန်လည်အသုံးချနိုင်ရန် ဆက်စပ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေ တိုးချဲ့ ပေးဝေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ရာသီဥတုဖောက်ပြန်မှုများ သည် နှစ်စဉ် ပုံမှန်ဖြစ်ပေါ်နေသည့်အတွက် ဆည်၊ တမံများကြံ့ခိုင်ရေးကို အထူး ဂရုစိုက်ကြရန်မှာကြားပြီး ရာဇဂြိုဟ်ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှု အခြေ အနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပါတ်မြို့သို့ ရောက်ရှိပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒေသခံများက ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို တင်ပြကြရာ ဒုတိယသမ္မတ က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းသို့ရောက်ရှိကြရာ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမိုးဇော်ဦးက နှစ်အလိုက် ကုန်သွယ်မှုအခြေအနေ၊ ပို့ကုန်အမယ်သစ်များ ပို့ဆောင်နေမှု၊ ကုန်သွယ်မှုလျင်မြန်စေရန်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက တမူးကုန်သွယ်ရေးစခန်းနှင့် ဆက်စပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံ မဏိပူရ်ပြည်နယ်ရှိ လူဦးရေ ၂ ဒသမ ၅ သန်းကျော်သည် ၎င်းတို့အတွက် လိုအပ်သော ကုန်စည်များကို အိန္ဒိယပြည်မကြီးနှင့် မိမိတို့နိုင်ငံဘက်မှ ပို့ကုန်များအပေါ် မှီတည်လျက်ရှိကြောင်း သိရှိရပါသဖြင့် မိမိတို့ အနေဖြင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်သည့် အခွင့်အလမ်းရှိနေပါကြောင်း၊ ထို့ကြောင့် ပို့ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ တစ်ဖက်နိုင်ငံ၏ ဈေးကွက်နှင့် ဝယ်လိုအားကို စဉ်ဆက်မပြတ်လေ့လာနေရန် လိုကြောင်း၊ ကုန်သွယ်ရေးအပြင် ခရီးသွားလုပ်ငန်းအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ထားရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား ဗီဇာအပြန်အလှန် လွယ်ကူစွာဆောင်ရွက် နိုင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် တမူးနယ်စပ်ဖြတ်ကျော်ဂိတ် အဆောက်အအုံ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး သို့ ရောက်ရှိကြရာ ဒေသခံများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် ဒုတိယသမ္မတသည် ဒေသခံများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၌ ဒေသခံ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယသမ္မတက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွား လာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်တွင် ချုပ်ဆိုခဲ့ပြီး တမူးနှင့် ရိဒ်ခေါဒါရ် နယ်စပ် ဝင်/ထွက် ပေါက်များကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယင်ခင်က ကော့သောင်း၊ မြဝတီ၊ တာချီလိတ်၊ ထီးခီး စသည့် နိုင်ငံတကာ နယ်စပ် ဝင်/ထွက်ပေါက် ၄ ခုသာရှိခဲ့ပါကြောင်း၊ ယခုအခါ ရိဒ်ခေါဒါရ်နှင့် တမူး နိုင်ငံတကာနယ်စပ်ဝင်ထွက်ပေါက်များ ထပ်မံဖွင့်လှစ်နိုင်သည့်အတွက် ၆ ခုရှိလာ ပြီဖြစ်ပါကြောင်း။

နယ်စပ်ဝင်ထွက်ပေါက်များသည် ကုန်သွယ်ရေးအတွက်သာမက ခရီးသွား လုပ်ငန်းအတွက်ပါ များစွာအထောက်အကူပြုပါကြောင်း၊ လာမည့်အောက်တိုဘာ ၁ ရက်မှ စ၍ မကာအို၊ ဟောင်ကောင်နှင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့် ပြုထားသဖြင့် နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်မှန်းထားပါ ကြောင်း၊ ခရီးသွားလုပ်ငန်းသည် အရင်းအနှီးအနည်းဆုံးဖြင့် ဝင်ငွေအများဆုံးရနိုင် သည့် လုပ်ငန်းဖြစ်သည့်အတွက် ယင်းလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတကာ နယ်စပ်ဝင်ထွက်ပေါက်ရှိလာသည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူများ အကျိုးစီးပွားသာမက န်ိုင်ငံတော်အတွက်ပါ အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် တမူးကုန်သွယ် ရေးစခန်းနှင့်ဆက်စပ်နေသည့် လမ်း၊ တံတားများကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည် ရေးအစီအစဉ်ဖြင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလာမှုလုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ရာ ရရှိ လာသည့် အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ အကျိုးရှိရှိ အသုံးချစေလိုကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် ဒေသခံများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။