ဒုတိယသမ္မတ ဦးမြင့်ဆွေ သဘာ၀အခြေပြု မြန်မာ့ထုတ်ကုန်များမြှင့်တင်ရေးဆွေးနွေးပွဲ (Natural Myanmar ; National Promotion Conference) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

Printer-friendly versionSend by email

 

နန်နင်း စက်တင်ဘာ ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်း တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပ သည့် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ သဘာ၀အခြေပြု မြန်မာ့ထုတ်ကုန် များမြှင့်တင်ရေး ဆွေးနွေးပွဲ (Natural Myanmar ; National Promotion Conference) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ အခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက် ဖွင့်လှစ်သည်။

ယင်းနောက် ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် Natural Myanmar - National Promotion Conference ကို (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲနှင့် တစ်ဆက်တည်း ကျင်းပပြုလုပ်နိုင်ရန် အဘက်ဘက်မှ ကူညီခဲ့ကြသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း။

ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်သည် အသင်းများ၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် Digital Economy/ E-Commerce ကဏ္ဍ၊ ကျောက်မျက်ရတနာကဏ္ဍ၊ ပဲနှမ်းကဏ္ဍ၊ ကော်ဖီနှင့် လက်ဖက်ကဏ္ဍ၊ သစ်သီးဝလံကဏ္ဍများကို မြန်မာကုန်သည်လုပ်ငန်းရှင်များက တင်ပြဆွေး နွေးကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက ကြိုက်နှစ်သက်ပြီး ဝယ်လိုအား ရှိသော သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်သည့် သစ်သီးဝလံနှင့် စိုက်ပျိုးရေးထွက်ကုန် များစွာကို စိုက်ပျိုးထုတ်လုပ် တင်ပို့လျက်ရှိပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် တရုတ် ကုန်သည်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး တိုင်ပင်ကြမည်ဖြစ်သည့်အတွက် မြန်မာ-တရုတ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက နည်းပညာဆိုင်ရာနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး၊ အသက်မွေးမှုအတတ်ပညာ သင်တန်းကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက လက်မှတ်ရေးထိုးကြမည်ဖြစ်သည့်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ၏ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တရုတ်-အာဆီယံ ဆက်ဆံရေး(၁၅)နှစ် မြောက် အချိန်နှင့်လည်း တိုက်ဆိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကီလိုမီတာ ၂၀၀၀ ကျော် နယ်စပ်ချင်း ထိစပ် နေသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ဆက်ဆံမှုများရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တည်ထောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် နှစ်စဉ်တိုးတက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ စာရင်း ဇယားများအရ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၉ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၈၀ ဘီလီယံနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၇၈ ဘီလီယံ အသီးသီးရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်ပါဝင်လျက်ရှိပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကုမ္ပဏီများဥပဒေအသစ်ကိုလည်း ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်စေရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာ-တရုတ် နှစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှုအရ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jin Ping ၏ Belt and Road Initiative နှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ပေါ်တွင် အခြေခံသည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြီ (Myanmar-China Economic Corridor)၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွား ရေးဇုန်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။

ယခုလို ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက် စေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရေးပါသည့် အစည်းအဝေး တစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အထူးပြောလိုသည်မှာ မိမိတို့ နှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များသည် ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲမှ တစ်ဆင့် အချင်းချင်း ရင်းနှီးခင်မင်မှုများကို တည်ဆောက်ကြရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး တွင် တွေ့ကြုံနိုင်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဝိုင်းဝန်းအဖြေရှာ နိုင်အောင် ကြိုးစားကြရန်နှင့် နှစ်ဖက်ဈေးကွက် လိုအပ်ချက်များနှင့် သတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း အားပေးကူညီ ပေးမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ တစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေးများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့် ရလဒ်ကောင်းများ ရရှိ နိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီး ကော်မတီ အမြဲတမ်းကော်မတီ၀င်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး Mr. Huang Shi Yong က အမှာစကားပြောကြားသည်။

ယင်းနောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကျင်းပရေးဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာသန်းမြင့် က တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့(၈)ကြိမ်နှင့်အထက် ပါ၀င်တက်ရောက်ခဲ့သော မြန်မာ ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ရာ မြန်မာကုမ္ပဏီများကိုယ်စား ကိုယ်စား လှယ်တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ များကို လက်မှတ်ရေးထိုးကြရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် တရုတ်နိုင်ငံ Guangdong Institute Of Diamond, Jade and Jewellery တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်းနှင့် တရုတ်နိုင်ငံ Guangxi Economic and Trade Vocational Institute တို့အကြား အသက်မွေး၀မ်းကျောင်း အတတ်ပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလည်းကောင်း လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ သဘာ၀အခြေပြု ထုတ်ကုန်များ တရုတ် ဈေးကွက်သို့ မိတ်ဆက်ပေးရန်နှင့် ပို့ကုန်မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကော်မတီ အမြဲတမ်းကော်မတီ၀င်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး Mr. Huang Shi Yong၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးမှ အတွင်းရေးမှူးချုပ် Mr. Wang Lei၊ မြန်မာနိုင်ငံဆိုင် ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mrs. Li Xiaoyan နှင့် တာ၀န်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်း ရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုး၀င်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဒုတိယ ရှေ့နေချုပ်၊ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး၀န်ကြီး၊ ပြည်သူ့ လွှတ်တော် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်၀န်ချုပ် ဦးစိုးသက်နောင်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ နှင့်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့သည် ချုံးကျိုမြို့သို့ ရောက်ရှိကြပြီး ချုံးကျိုမြို့ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး၊ ချုံးကျိုမြို့ ပြည်သူ့ကွန်ဂရက်ကော်မတီ ဥက္ကဋ္ဌ Mr. Liu Youmin က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့သည် တရုတ်-ဗီယက်နမ် ရိုယီကွမ် နယ်စပ်ဂိတ်၊ Pin Xiang Integrated Free zone နှင့် တရုတ်-ဗီယက်နမ် နယ်စပ်ရှိ Fruit City တို့သို့ သွားရောက်လေ့လာကြသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့သည် နန်နင်းမြို့ လိယွမ်အစိုးရ ဧည့်ဂေဟာသို့ ပြန်လည်ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။