ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email



နေပြည်တော် စက်တင်ဘာ ၁၃

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိသင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ နိုင်ငံတကာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ အဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာ၌ ကမ္ဘာတဝန်းတွင် နှစ်စဉ် ၂၁ သန်းသော လူသားများသည် အဓမ္မခိုင်းစေခံနေရသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)က ခန့်မှန်းထားပါကြောင်း၊ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏၂ဝ၁၆ ခုနှစ် ထုတ်ပြန်ချက်တွင် ကမ္ဘာအနှံ့ အပြားဖြစ်ပွားသည့် လူကုန်ကူးမှုများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၅ဝဘီလီယံ အမြတ် အစွန်းရရှိနေကြောင်း၊ လူကုန်ကူးမှုပုံစံများအနေဖြင့် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၅၄ရာခိုင်နှုန်း၊ အဓမ္မခိုင်းစေမှု ၃၈ရာခိုင်နှုန်း၊ အခြားပုံစံ ၈ရာခိုင်နှုန်းပါဝင်သည် ကိုဖော်ပြထားပါကြောင်း။

 

ကိုယ်အင်္ဂါထုတ်ယူရောင်းစားသည့် လူကုန်ကူးမှုသည် ကမ္ဘာ့နိုင်ငံ၁၆ နိုင်ငံတွင် ဖြစ်ပွား နေသည်ကိုလည်း ဖော်ပြထားပါကြောင်း၊ ထို့ပြင် လူကုန်ကူးခံရသူများတွင် အမျိုးသမီး ၅၁ရာခိုင်နှုန်း၊ ကလေးသူငယ်(အမျိုးသမီး) ၂ဝရာခိုင်နှုန်း၊ ကလေးသူငယ် (အမျိုးသား) ၈ရာခိုင်နှုန်းနှင့် အမျိုးသား၂၁ရာခိုင်နှုန်း လူကုန်ကူးခံနေရသည်ကို တွေ့ရှိ ရပါကြောင်း။

 

၂ဝ၁၈ ခုနှစ်ဇူလိုင် ၁၉ရက်ကထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံအပေါ် သုံးသပ်ထားသောကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် နံပါတ် ၁၈ တွင် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံလူဦးရေ၅၂သန်းကျော်၏ ၁ဝရာခိုင်နှုန်းနှင့်ညီမျှသည့် လူဦးရေ ၅၇၅ဝဝဝ ခန့်သည် ခေတ်သစ်ကျေးကျွန်စနစ်အောက်တွင် နေထိုင်နေကြရသည် ဟုအစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း။

 

အစီရင်ခံစာကသတ်မှတ်သည့် ခေတ်သစ်ကျေးကျွန်စာရင်းထဲတွင် သမားရိုးကျ ကျွန်ပြုခိုင်း စေခြင်းအပြင် လူမှောင်ခိုကူးမှု၊ အဓမ္မခိုင်းစေမှု၊ ငွေဝယ်ကျွန်၊ အဓမ္မထိမ်းမြား လက်ထပ်ပေးခြင်း၊ အရွယ်မရောက်သူများကိုခိုင်းစားခြင်း၊ ရောင်းစားခြင်းတို့ ပါဝင်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံများကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားမှု စသည့်ဘဝရပ်တည်ရန်ခက်ခဲစေသောအကြောင်းရင်းများကြောင့် လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း။

 

မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာများကို ကြည့်မည်ဆိုပါက အိမ်နီးချင်းနိုင်ငံများ အပါအဝင်ဒေသတွင်း နိုင်ငံအချို့၏ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားလျက် ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။ ၂ဝ၁၇ ခုနှစ် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံကို ၇၄ဒသမ၃၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံကို ၄ဒသမ၃၇ ရာခိုင်နှုန်း၊ မလေးရှား နိုင်ငံကို ဝဒသမ၂၉ ရာခိုင်နှုန်းဦးတည်ဖြစ်ပွားသည်ကို တွေ့ရပြီးပြည်တွင်း လူကုန်ကူးမှု ၂၁ဒသမ၂၈ ရာခိုင်နှုန်းဖြစ်ပွားလျက်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများဆီသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ရာမှတစ်ဆင့် လူကုန်ကူးခံကြရပြီး အမျိုးသမီးအများစုသည် အဓမ္မထိမ်းမြားလက်ထပ်ရန် လူကုန်ကူးခံနေရသည်ကို တွေ့ရှိရပါကြောင်း၊ ထူးခြားမှု အနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှု ပုံစံအသစ်များကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ပါကြောင်း၊ ပြည်တွင်းလူကုန်ကူးမှုများတွင် ပြည့်တန်ဆာပြုမှုနှင့် အဓမ္မလုပ်အားခေါင်းပုံဖြတ်မှုများအဓိကဖြစ်ပွား လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှုဖြစ်စဉ်များကိုလေ့လာရာတွင် အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်း နှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ၅မျိုးဖြစ်ပွားနေသည်ကို တွေ့ရှိရပါ ကြောင်း၊ ၂ဝ၁၇ ခုနှစ် ကိန်းဂဏန်းများအရ အဓမ္မထိမ်းမြားလက်ထပ်မှု ၆ဝဒသမ၁ ရာခိုင် နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၇ဒသမ၂ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၂ဝ ဒသမ ၉ ရာခိုင်နှုန်း၊ကလေးသူငယ်လူကုန်ကူးမှုဝဒသမ၈ရာခိုင်နှုန်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု ၁ဒသမဝရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်း။

 

လူကုန်ကူးမှုများကိုတိုက်ဖျက်နိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ၅နှစ်စီမံကိန်းများ ရေးဆွဲပြီးကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တတိယ၅နှစ်၂ဝ၁၇- ၂ဝ၂၁စီမံကိန်းကာလအတွင်း ၂ဝဝ၅ ခုနှစ် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး အတည်ပြုနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လူကုန်ကူးခံရသူများအား တိုက်ရိုက်အကူအညီပေးခြင်းနှင့် လွှဲပြောင်းညွှန်းပို့ခြင်းဆိုင်ရာ နိုင်ငံအဆင့်ယန္တရားတစ်ရပ် (National Refferal Mechanism) ရေးဆွဲရန်၊လူကုန်ကူးခံရသူများပြန်လည်လက်ခံရန်၊ ပြန်လည်ဝင်ဆံ့ပေါင်း စည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံအဆင့်စံလုပ်ငန်းအစီအစဉ်(National Standard Operating Procedure) ရေးဆွဲရန်၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေးရန်၊ ပြစ်မှုတရားစီရင်ရေးလုပ်ငန်းစဉ် (Criminal Justice System) ပိုမိုထိရောက်စေရန်၊လူကုန်ကူးခံရသူခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ နိုင်ငံအဆင့် စံနှုန်းများ ရေးဆွဲရန်၊ယာယီစောင့်ရှောက်ရေးဂေဟာများ တိုးချဲ့ရန်စသည့် အဓိကကျသော ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏လူကုန်ကူးမှုနှင့်ပတ်သက်သည့်ပြည်ပတွင် ခိုအောင်းနေသော လူကုန်ကူးသူများကို ဖမ်းဆီးရန် ခက်ခဲခြင်း၊ ပြည်ပနိုင်ငံကိုရောက်နေသော လူကုန်ကူးခံရသူများကို အချိန်မီကယ်တင်နိုင်ရန်ခက်ခဲခြင်း၊ နေရပ်ပြန်ရောက်လာသည့် လူကုန် ကူးခံရသူများ အတွက် ခိုင်မာသည့် အလုပ်အကိုင်အခွင့်အလမ်းများတည်ဆောက် ပေးရန် လိုအပ်နေခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း။

 

၂ဝ၁၈ ခုနှစ်အတွင်းနယ်မြေရဲတပ်ဖွဲ့အမှုစစ်အရာရှိများနှင့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအကြားပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ချက်စာအုပ်နှင့် လူကုန်ကူးခံရသူ ဗဟိုပြုသည့်စုံစမ်းစစ်ဆေးခြင်းနှင့် လူကုန်ကူးခံရသူဟုတ်၊ မဟုတ် စိစစ်ခြင်း လုပ်ငန်းစဉ်စာအုပ်များကို တစ်နိုင်ငံလုံးရှိရဲအရာရှိများထံ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း။

 

ထို့ပြင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဥပဒေအရာရှိများအကြား လူကုန်ကူးမှုများ အပေါ် ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ချက် (Guideline)ကိုလည်း ဖြန့်ဝေနိုင်ခဲ့ပါကြောင်း။

 

အာဆီယံဒေသအတွင်း တစ်ခုတည်းသော လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး ကွန်ဗင်းရှင်း(ASEAN Convention Against Trafficking in Persons, Especially Women and Children)ကိုလည်းအတည်ပြုခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံလူကုန် ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ နှစ်နိုင်ငံ(Standard Operating Procedure)ကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့ပါကြောင်း။

 

မြန်မာ-ထိုင်း၊မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာများကို ၂ဝဝ၉ခုနှစ်ကလက်မှတ် ရေးထိုးခဲ့ပြီး လက်ရှိတွင် မြန်မာ-ထိုင်းMoUကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေ ပါကြောင်း၊ထို့ပြင် မြန်မာ-အိန္ဒိယMoUလက်မှတ်ရေးထိုးရန်လည်း ပြင် ဆင်နေပါကြောင်း၊ Bilateral Meeting များအနေဖြင့်တရုတ်နိုင်ငံ၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့(RTP)၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)တို့နှင့် အစည်းအဝေးများ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း။

 

လူကုန်ကူးမှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် များစွာသော စိန်ခေါ်မှုများကိုရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊အထူးသဖြင့် အရှေ့တောင် အာရှ၏ ဖွံ့ဖြိုးဆဲနိုင်ငံများသည် သက်ရောက်မှုအများဆုံးခံရလျက်ရှိပါကြောင်း၊ ထို့ကြောင့် မူရင်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ၊ ကြားခံနိုင်ငံများအကြားကြိုတင် ကာကွယ်ရေးဆိုင်ရာ အထူးစီမံကိန်းများချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အလားတူ မူရင်း နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများ တိုးမြှင့်စေခြင်းသည် လည်းအရေးပါသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုကိုတိုက်ဖျက်ရန်အတွက် အခြားသောကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏လူကုန်ကူးမှုများ ဖော်ထုတ်အရေးယူမှုအနေဖြင့် ပဉ္စမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးသည့်အချိန်မှစပြီး ယနေ့ အထိလူကုန်ကူးမှု ဖော်ထုတ်မှုပေါင်း၂ဝ၁မှု၊ လူကုန်ကူးခံရသူကျား၃၂ ဦး၊ မ၂၁၈ ဦး စုစုပေါင်း၂၅ဝ ဦးစိစစ်သတ်မှတ်နိုင်ခဲ့ပြီးတရားစွဲတင်နိုင်ခဲ့သည့်အမှုအရေအတွက်၁၄၂ မှု၊ လူကုန်ကူးသူ တရားခံကျား ၁ဝ၆ ဦး၊ မ၂၆ဝ ဦး စုစုပေါင်း၃၆၆ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါကြောင်း၊ လူကုန်ကူးမှုများကိုစစ်ဆေးဖော်ထုတ်ရာတွင် ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကိုငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှုများ ပိုမိုထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

လူကုန်ကူးခံရသူများကိုအခြေခံလူ့အခွင့်အရေးများ၊ ကုလသမဂ္ဂကွန်းဗင်းရှင်းပါ အခွင့်အရေးများနှင့်အညီ လူသားချင်းစာနာထောက်ထားသော ရှုထောင့်ကနေ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအလိုက် မတူညီသည့်ဥပဒေစနစ် (Legal System) ရှိနေသော်လည်း လူကုန်ကူးခံရသူများအတွက် ကာကွယ်စောင့်ရှောက် မှုများကို တူညီစွာပေးအပ်ရမည်ဖြစ်ပါကြောင်း။

 

လူကုန်ကူးခံရသူများကို ကူညီထောက်ပံ့နိုင်ရန်အတွက် သီးခြားရန်ပုံငွေ မထူထောင် နိုင်သေးသော်လည်း လူကုန်ကူးခံရသူများကို ပံ့ပိုးကူညီပေးလျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းလူကုန်ကူးခံရသူကျား၆ဦး၊ မ၁၆၉ဦး စုစုပေါင်း ၁၇၅ဦးအတွက် ငွေကျပ် ၁၉,၇၄၈,ဝဝဝ ကိုထောက်ပံ့နိုင်ခဲ့ပါကြောင်း၊လက်ရှိ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း လူကုန်ကူးခံရသူ မ ၉ ဦးအတွက် ငွေကျပ် ၇,၁ဝဝ,ဝဝဝ ထောက်ပံ့ပေးပြီး ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် လူကုန်ကူးမှု၏ မူရင်းအစပြုနေရာဖြစ်ခြင်း၊ နစ်နာမှုများ ပြားခြင်းကြောင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် စုပေါင်းအားဖြင့် လူကုန်ကူးမှုများကို တိုက်ဖျက်ရန် လိုအပ်သောကြောင့် ယခုနှစ်လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ပုဒ် ဖြစ်သည့် “လူကုန်ကူးမှုပပျောက်ရေးပြည်သူ အားလုံးပါဝင်ပေး”နှင့် အညီနိုင်ငံသူ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။ 



ထို့နောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ဧည့်သည် တော်များနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီးအဆိုပါခန်းမအတွင်း၌ ဖွင့်လှစ်ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး လှုပ်ရှားမှုဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြသည်။