ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်

Printer-friendly versionSend by email



နေပြည်တော် စက်တင်ဘာ ၇

အနာဂတ်တွင် မြန်မာနိုင်ငံ၏ စက်မှုနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် စက်မှုဝန်ကြီးဌာနကကြီးမှူးပြီး Myanmar Engineering Society (MES)မှ ပံ့ပိုးကူညီ၍ Myanmar Promotional Services (MPS) ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပသည့် ပဉ္စမအကြိမ်မြောက်နိုင်ငံတကာနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ Myanmar Promotional Services (MPS) Managing Director နှင့် တာဝန်ရှိ သူများ၊ စက်မှုနှင့်နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟနှင့် Myanmar Promotional Services (MPS) Managing Director ဦးဇာနည်မောင်မောင်တို့က ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်း၌စက်မှုနှင့်နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် စက်မှုနည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ များ၊ လုံခြုံရေးနည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေးနည်းပညာများ၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာများနှင့် စက်မှုဝန်ကြီးဌာနမှ တီထွင် ထုတ်လုပ်ထားသော ရွှေပြားကြိတ်စက်၊လူနာတင်ယာဉ်၊Mobile Vocational Training Truck ၊ Mobile Mart များနှင့် စက်မှုနည်းပညာတီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်နေမှုများကိုလှည့်လည်ကြည့်ရှုကြရာ Myanmar Promotional Services (MPS) Managing Director ဦးဇာနည်မောင်မောင်နှင့် တာဝန်ရှိသူများ က လိုက်လံ ရှင်းလင်းပြသကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းပညာပြပွဲကိုကျင်းပခဲ့သည်မှာနေပြည်တော်တွင် နှစ်ကြိမ်၊ ရန်ကုန်တွင် နှစ်ကြိမ်ကျင်းပနိုင်ခဲ့ပြီးယခုပြပွဲသည် ငါးကြိမ်မြောက် ကျင်းပသည့်ပြပွဲဖြစ်ကာ ပြခန်းပေါင်း ၇ဝကျော် ခင်းကျင်းပြသထားရှိကြောင်းနှင့် ပြပွဲကို စက်တင်ဘာ (၉) ရက်အထိ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် နိ်ုင်ငံတကာမှ နည်းပညာနှင့် စက်မှုကုမ္ပဏီကြီးများမှ ထုတ်ကုန်များနှင့်အတူ စက်မှုဝန်ကြီးဌာနလက်အောက်မှ ဌာနများဖြစ်သော DIC,DISI ၊ အကြီးစားစက်မှုလုပ်ငန်း ၁၊ ၂၊ ၃ နှင့် မြန်မာ့ဆေးဝါးလုပ်ငန်းများမှ ထုတ်ကုန်များ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကမှ နည်းပညာနှင့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူများပိုမိုသိရှိနားလည်စေရန်နှင့် လေ့လာ ဝယ်ယူနိုင်ရန် ခင်းကျင်းပြသထားသည်။

ပြပွဲတွင် အနာဂတ်လူငယ်များ၏ နည်းပညာဖန်တီးနိုင်မှုစွမ်းအား ဖော်ထုတ် မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်၍ “ကနောင်ဆု”စက်မှု နည်းပညာ တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကို ပြပွဲကာလအတွင်းထည့်သွင်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကိုအလွတ်တန်းအဆင့် (Open Level)၊နည်းပညာတက္ကသိုလ် အဆင့် (TU Level)၊ နည်းပညာကောလိပ်အဆင့် (GTC Level)၊ နည်းပညာအထက်တန်း ကျောင်းစက်မှု သင်တန်းကျောင်းအဆင့် (THS, ITC Level)ဟူ၍ကဏ္ဍလေးခုဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိ်ုင်ငံအင်ဂျင်နီယာအသင်းနှင့် စက်မှုဝန်ကြီးဌာနမှ ပညာ ရှင်များက အကဲဖြတ်အမှတ်ပေးပြီးဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြပွဲဒုတိယမြောက်နေ့တွင် မွန်းလွဲ၁နာရီမှစ၍ ညနေ၄နာရီအထိဥရောပနိုင်ငံမှ ပညာရှင်များဖြင့် အစားအသောက်ထုတ်လုပ်မှုနှင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုဆိုင်ရာ Workshop ကို ကျင်းပသွားမည်ဖြစ်ပြီးဂျပန်နိုင်ငံမှ ပညာရှင်များကလည်း စားသောက်ကုန် ထုတ်လုပ်ရာတွင် အရေးပါသည့် နည်းပညာဖြစ်သော long Shelf-life Technology အကြောင်းကိုဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပံ့ပိုးကူညီပြသ ကြသော Seonsor ကုမ္ပဏီများကလည်းဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ပြီး တီထွင် ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ၏ ကဏ္ဍလေးခုတွင် ဆုရရှိသူများအားဂုဏ်ပြု ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။