ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုအခြေအနေများနှင့် ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု

Printer-friendly versionSend by email

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုအခြေအနေများနှင့် ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု

နေပြည်တော် ဩဂုတ် ၂၉



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျ ပျက်စီးမှုဖြစ်ပွားပြီး ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှုအခြေအနေများအား ရဟတ်ယာဉ် များဖြင့် သွားရောက်ကြည့်ရှုသည်။





ရှေးဦးစွာ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင် ၁ ဖာလုံရှိဆွာချောင်းတံတားရန်ကုန်မှ မန္တလေးဘက်အခြမ်း အလယ်ထောက်တိုင် ၂ တိုင် နိမ့်ကျမှုအခြေအနေများနှင့် အမြန်လမ်းမကြီးရေတိုက်စား၍ မြေပြိုကျမှုအခြေ အနေများအားကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ခရီးသွားပြည်သူများ တံတားအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အမြန်ပြန်လည် ဖြတ်သန်းသွားလာနိုင်ရေးအတွက် ချဉ်းကပ်လမ်း နှင့် လမ်းလယ်ကျွန်းတွင် သဲအိတ်များခင်း ဆောင်ရွက်ပေးသွားရန် မှာကြားသည်။





ထို့နောက် ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှုဖြစ်ပွားသည့် နေရာသို့ ရောက်ရှိကြပြီး ပင်မရေပိုလွှဲပျက်စီးပြိုကျနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။





ယင်းနောက် ဆွာချောင်းရေလှောင်တမံရှင်းလင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေအသုံးချမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဆွာချောင်းရေလှောင်တမံ၏ ရေသိုလှောင်မှုပမာဏနှင့် ပင်မရေပိုလွှဲပျက်စီးခဲ့မှု အခြေအနေများ အားရှင်းလင်းတင်ပြရာဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က လိုအပ်သည်များ မှာကြားသည်။





ယင်းနောက် ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၉၆အနီး ကားလမ်းရေကျော်နေမှုအခြေအနေများနှင့် ဆွာမြို့ရှိနယ်မြေခံတပ်အတွင်းရေဘေးသင့်ပြည်သူများအားကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့နှင့်အတူ သွားရောက်ကြည့်ရှုအားပေးကြပြီး ရေတာရှည်နှင့် ဆွာအကြား မီးရထားလမ်းရေကျော်မှုဖြစ်ပွားသည့်နေရာတွင် မီးရထားစီးခရီးသည် များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရေးစီစဉ်ပေးခဲ့သည်။



ဆက်လက်ပြီးရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမိုးထက်က ရေတာရှည်မြို့နယ် အတွင်းရှိ ကျေးရွာများ ရေဝင်ရောက်ခဲ့မှုအခြေအနေများနှင့် ရေနစ်မြုပ်မှုအခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ၊ တပ်မတော်နှင့် လူမှုကူညီကယ်ဆယ် ရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။





ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က ရေများပြန်လည်ကျဆင်းမှုမြန်ဆန်စေရန်အတွက် ရေနုတ်မြောင်းများ ပိတ်ဆို့မှု မရှိစေရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ရေနစ်မြုပ်မှုဖြစ်ပွားသည့် ကျေးရွာများအားကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် တပ်မတော်တို့မှ စက်တပ်ဖိုင်ဘာနှင့်ရာဘာလှေများ ကူညီဆောင်ရွက်ပေးရန် စီစဉ်နေမှု၊ ရေနစ်မြုပ်သည့်ကျေးရွာများအားလုံးသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များသွားရောက်နိုင်ရေး၊ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများနေထိုင် စားသောက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကြသည်။





ယင်းနောက် ရေတာရှည်မြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ရေကျော်မှု ဖြစ်ပွားနေသည့် အခြေအနေအားသွားရောက်ကြည့်ရှုကြပြီး တာဝန်ရှိသူများ အား ပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။





အဆိုပါ ဆွာချောင်းရေလှောင်တမံရေပိုလွှဲသည် ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်၌ အရှည် ပေ၃၆ဝခန့် ကျိုးပေါက်ခဲ့ရာ ရေတာရှည်မြို့နယ်အတွင်း ဆွာမြို့အပါ အဝင် ကျေးရွာအုပ်စု ပေါင်း (၁၇)အုပ်စု၊ ကျေးရွာ (၈၅)ရွာ ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု ၁၄၃၅၇ စုလူဦးရေ ၆၃၄၂၁ ဦးရေဘေးသင့်ခဲ့သည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ အကြား၊ ရေတာရှည်မြို့နယ်နှင့် သာဂရကျေးရွာအကြားရှိရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် အမှတ် ၁၆၉ နှင့် ၂၀၄ အကြားကားလမ်းအထက် ရေအမြင့် ၁ ပေမှ ၄ ပေခန့်အထိ ရေကျော်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းရှိဆွာချောင်းတံတား၏ ရေလယ်တိုင် ၂ တိုင် နိမ့်ကျမှုဖြစ်ပွားခဲ့သည်။



ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီး အစိုးရ၊ တပ်မတော်နှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းပြီးရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။





ဆွာချောင်းရေလှောင်တမံသည် ရေဆင်းဧရိယာစုစုပေါင်း ၄၀၃ စတုရန်းမိုင်ရှိပြီး နှစ်စဉ် ၃၁၂၀၄၀ ဧကပေခန့် စီးဝင်ရေရှိကာကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၁၆၃၅၀ ဧကပေရှိသည်။ အဆိုပါရေလှောင်တမံ၏ ခံနိုင်ရည်မှာကန်ရေပြည့် အမြင့် ၃၃၇ ပေလက်ခံနိုင်ပြီး ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ကန်ရေအမြင့် ၃၃၈ ဒသမ ၆ ပေအထိရောက်ရှိခဲ့သဖြင့် ပင်မဆည် ရေပိုလွှဲတံခါး၏ ခံနိုင်ဝန်ထက် ကျော်လွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေပိုလွှဲနိမ့်ကျပျက်စီး ခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။